ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်မှာ ကိုဗစ်အတည်ပြုလူနာများနှင့် တိုက်ရိုက် ထိတွေ့ခဲ့သဖြင့် ကျန်းမာရေးဌာနက စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၉ ရက်တွင် ကိုဗစ်- ၁၉ ဗိုင်းရပ်စ် ကူးစက် ခံထားရသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ဦးကျော်မြင့်က လပွတ္တာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ငွေစာရင်းရှင်းတမ်းတွေ ပြန်တင်ရင်းနဲ့ ပြန်ရာမှာ ဒီဇင်ဘာ ၅ ရက်မှာ RTD နဲ့စစ်တော့ ကျန်တဲ့လူတွေ ပိုးတွေ့ခဲ့ပေမယ့် သူ့မှာ ပိုးမတွေ့ဘူး။ ရန်ကုန်က NHL ကို ပို့ပြီးစစ်ရာမှာ Positive (ပိုးတွေ့ရှိ) လို့ အဖြေထွက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လပွတ္တာမြို့နယ် NLD ပါတီရုံးမှ ကွန်ပျူတာစာရေးတဦးမှာ အနံ့မရသဖြင့် ဒီဇင်ဘာလဆန်းပိုင်းတွင် လပွတ္တာဆေးရုံ၌ စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် ဒီဇင်ဘာလ ၅ ရက်တွင် အဆိုပါ လူငယ်နှင့် ထိစပ်မှုရှိခဲ့သည့် NLD ပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များကို လပွတ္တာ မြို့နယ် ကျန်းမာရေးဌာနက စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၅ ရက်စစ်ဆေးမှုတွင် NLD ပါတီ၏ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များဖြစ်သည့် လပွတ္တာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး၊ အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်ဝင်း၊ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ ကိုယ်စားလှယ် ဦးချမ်းငြိမ်းကျော်တို့ အပါ အဝင် NLD ပါတီဝင် ၁၆ ဦးတွင် ကိုဗစ်ရောဂါပိုး ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လပွတ္တာမြို့နယ်၊ ပြည်သူ့ လွှတ် တော် မဲဆန္ဒနယ်တွင် အနိုင်ရထားသူ လက်ရှိ စည်ပင်ဝန်ကြီး ဦးကျော်မြင့် ထံတွင် ကိုဗစ်ပိုး မတွေ့ခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် ဝန်ကြီးဦးကျော်မြင့်မှာ လပွတ္တာမြို့၌ ဟိုတယ်ကွာရန်တင်း ဝင်ရောက်နေခဲ့ပြီးနောက် ဒုတိယအကြိမ် ဓာတ် ခွဲ နမူနာရယူ၍ ရန်ကုန်မြို့ရှိ NHL သို့ ပေးပို့စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၉ ရက်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ဝန်ကြီးဦးကျော်မြင့်က လက်ရှိမှာ ကျန်းမာ ရေး ကောင်းမွန်နေပါတယ်။ သူ့ကို လပွတ္တာကနေ ပုသိမ်မြို့က ကိုဗစ်ရောဂါကုသရေးအတွက် ယာယီဖွင့်လှစ်ထားတဲ့ တိုင်းရင်းဆေးရုံကုသဆောင်မှာ ပြောင်းရွှေ့ထားရှိပြီး ကုသမှုတွေ ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။
ထိုသို့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်မှာ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရသည့်အတွက် ဝန်ကြီးချုပ်အပါအဝင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် အားလုံး နေအိမ်မှ အလုပ် လုပ်၍ ကွာရန်တင်း ၅ ရက် ဝင်ရောက်ရန် ဧရာဝတီတိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက အကြံပြုခဲ့သည်။
ဆက်လက်၍ ဦးဝင်းဌေးက “တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးကျော်မြင့်က Positive (ပိုးတွေ့ရှိ) ဖြစ်ခဲ့တဲ့အတွက် တိုင်း ကျန်းမာရဲ့ သဘောထား မှတ်ချက်အရ အစိုးရတဖွဲ့လုံး Swab (ဓာတ်ခွဲနမူနာ) ယူပြီး စစ်ဆေးမယ်။ ပြီးရင် နေအိမ်က နေ အလုပ်လုပ်ပြီး Work from Home နဲ့ နေအိမ် ကွာရန်တင်း ၅ ရက် နေရပါမယ်” ဟု ဧရာဝတီကို ပြောသည်။
နေအိမ်ကွာရန်တင်း ဝင်ရမည့်သူများမှာ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ စိုက်ပျိုးရေး မွေးမြူရေး သယံဇာနှင့် သဘာ၀ ပတ်ဝန်းကျင် ဌာန ဝန်ကြီး ဦးတင်အောင်ဝင်း၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာနဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ကရင်တိုင်း ရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် ခရိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတင်စောတို့ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်တွင် နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းတွင် ရောဂါ ကူးစက်မှု နောက်ကြောင်း ရာဇဝင် စုံစမ်း၍ မရသည့် အသက် ၆၀ ကျော် ဝက်သားရောင်းသူ အမျိုးသမီးကြီး တဦးနှင့် လပွတ္တာ မြို့နယ် NLD ပါတီရုံးမှ ကွန်ပျူတာ စာရေးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်ပိုင်း ရောဂါကူးစက်ခံရသူ အရေ အတွက် ပိုမို များပြားလာခဲ့ကြောင်း လပွတ္တာမြို့ခံများက ပြောသည်။
လပွတ္တာမြို့မှ အဖြူရောင်ဧရာဝတီ လူမှုကူညီရေး အဖွဲ့ခေါင်းဆောင် ကိုခင်မောင်ဝင်းက “ခရီးသွားရာဇဝင် မရှိတဲ့ အမျိုးသမီးကြီး တယောက်မှာ ပိုးတွေ့ပြီးတဲ့နောက်ပိုင်း လပွတ္တာမှာ ကူးစက်မှုတွေ ပိုများလာတာ တွေ့ရတယ်။ NLD ပါ တီနဲ့ ဆက်စပ်သူထဲမှာ ပိုးတွေ့တာက ၁၉ ဦးရှိတယ်။ လက်ရှိမှာ အဲဒီ ၁၉ ဦး အပါအဝင် ပိုးတွေ့လူနာက လပွတ္တာမှာ အယောက် ၅၀ ဦး ရှိတယ်။ လူနာဦးရေက ဒီဇင်ဘာလထဲမှာ ပိုတက်လာနေတာ”ဟု ပြောသည်။
လပွတ္တာမြို့ရှိ ကိုဗစ်အတည်ပြု လူနာများကို ကျန်းမာရေးဌာနက လပွတ္တာမြို့ ၃ မိုင်မြို့သစ်ရှိ လပွတ္တာ ခရိုင်ဆေးရုံ၊ စည်ပင် ဧည့်ရိပ်သာနှင့် ၃ မိုင် အထက်တန်းကျောင်း ယာယီဆေးရုံတို့တွင် ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် စက်တင်ဘာလက စတင်ကာ ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွား မှုနှုန်း များပြားနေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပုသိမ်၊ မအူပင်နှင့် ဖျာပုံမြို့နယ်မှ ပြည်သူ များ နေအိမ်၌သာ နေထိုင်ကြရန် (Stay at Home) အမိန့်ကို စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Stay at Home အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ဧရာဝတီတိုင်း၌ ကိုဗစ်ရောဂါကူးစက်မှုနှုန်း အနည်းငယ်ကျဆင်းခဲ့သော် လည်း ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နောက်ပိုင်းတွင် ကိုဗစ်ပိုးကူးစက်ခံရသူနှင့် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ၂ ဆကျော် ပိုမိုမြင့်တက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာ န စာရင်းများအရ သိရသည်။
“ကိုဗစ် ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာ များလာတဲ့ အဓိကအကြောင်းရင်းက နယ်စပ်က ခိုးဝင်နေတဲ့ အပေါက်တွေကို သေချာ မထိန်းချုပ်နိုင်ဘူး၊ ရန်ကုန်ပြန်တွေကို မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့်လည်း ကေ့စ်တွေက ဆက်ပြီးတက်လာ နေတယ်။ အခုဆို ဒေသတွင်းမှာ ကူးစက်တဲ့အခြေအနေ ဖြစ်လာနေပြီ။ ရောဂါဖြစ်ပွားမှု ကျဆင်းဖို့ဆိုရင် နယ်စပ် ဝင် ပေါက်တွေ သေချာ ထိန်းချုပ်ဖို့လိုတယ်” ဟု ပုသိမ်မြို့မှ အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။
ပုသိမ်၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့တွင် Stay at Home အမိန့်ထုတ်ပြန်ထားသော်လည်း ဧရာဝတီတိုင်းအစိုးရမှ စနစ် တကျ ကြပ်မတ် စစ်ဆေးမှု အားနည်းသဖြင့် ပြည်သူများ စည်းကမ်းလိုက်နာမှု အားနည်းခဲ့ပြီး လက်ရှိ ဒီဇင်ဘာလ ၁၁ ရက်မှစတင်၍ အပြင်ထွက်ခွင့်နှင့် ဈေးဝယ်ခွင့်ကတ်များ အသစ်ပြန်လည်ပေးအပ်ကာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ကြပ်မတ် စစ်ဆေးမှုများ ပြန်လည်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၁၁ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၃၄၆၅ ဦး ရှိပြီး ၎င်းတို့အနက် လူ နာ၂၅ ဦးမှာ အသက်ဆုံးရှုံးခဲ့ကာ၊ လူနာ၂၇၁၆ ဦးမှာ ရောဂါသက်သာသဖြင့် ဆေးရုံမှဆင်းခွင့် ရရှိပြီး၊ လက်ရှိတွင် ကိုဗစ်လူနာ ၇၂၄ ဦးမှာ တိုင်းအတွင်းရှိ သက်ဆိုင်ရာ ဆေးရုံများတွင် ကုသမှုများ ခံယူနေဆဲ ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ သိရသည်။
You may also like these stories:
ရခိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ကိုဗစ်ပြန်ကြားရေးတာဝန်ခံ ပိုးကူးစက်ခံရ
ရန်ကုန်မြို့တော်ဝန်နှင့် ဆက်စပ်သူ ၂၇ဦးကို ကိုဗစ်စစ်ဆေး