သတင်း

ဦးဂါ ရွာသူကို အဓမ္မကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးအား ထောင် အနှစ်၂၀ စီချမှတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မူစဲကျွန်း ဦးဂါကျေးရွာမှ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့ သည့် တပ်မတော်သား ၃ ဦးအား ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် စစ်တွေတပ်နယ် လေးဝတီပညာရေး ရိပ်သာရှိ စစ်ဘက် ဆိုင်ရာခုံရုံးက တဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

အမှုကို လိုက်ပါ ကူညီနေသူဖြစ်ပြီး တရားစီရင်ရာတွင် ပါဝင်ကြားနာခဲ့သူ ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး က “ဒီနေ့ အမိန့် ချမှတ်လိုက်တာတော့ ပထမ ဒီဇင်ဘာလ ၃ ရက်က စွဲချက်တင်ခဲ့သလို ပြစ်ဒဏ်ချမှတ်ခဲ့တာ။ စုံခုံရုံးရဲ့ ဥက္ကဋ္ဌကြီးက သူတို့ နာမည်တွေ ခေါ်ပြီးတော့ အလုပ်ကြမ်းနဲ့ အနှစ်၂၀ ထောင်ဒဏ်ချမှတ် လိုက်တာ ဖြစ်တယ်။ ချမှတ်လို့ ပြီးတာနဲ့ သူတို့ကို စစ်တွေထောင်ကို ပို့လိုက်တယ်” ဟု မီဒီယာများကို ပြောသည်။

ပြစ်မှုကျူးလွန်သူ တပ်မတော်သား ၃ ဦးမှာ ဝန်ခံသည့်အတွက် ၎င်းတို့အား ၁၉၅၉ ခု တပ်မတော်အက် ဥပဒေ ပုဒ်မ- ၇၁၊ ၃၅ (င)၊ ၄၇(၁)နှင့် အရပ်သား ဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၆၆၊ ၃၇၆၊ ၁၄၄ ပုဒ်မတို့နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် က စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို ကျူးလွန်ခံရသူ ကာယကံရှင် အမျိုးသမီက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမစပ်ယှက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိမ်းမှု စသည့် ပုဒ်မများဖြင့် ပြီးခဲ့ သည့် ဇူလိုင်လ ၁၀ ရက်က စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်သူတို့ကို ယနေ့ အမိန့်ချမှုနှင့် ပတ်သက်ပြီး ကယကံရှင် အမျိုးသမီးက “သူတို့ကို အခုလို အမိန့်ချမှတ်လိုက်တာကို ကျမ အနေနဲ့ ကျေနပ်မှု ရှိပါတယ်။ တရားရုံးကတော့ တိတိကျကျ လုပ်ဆောင်တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

တရားခံ တပ်မတော်သား ၃ ဦးတို့မှာ တပ်သား အောင်မျိုးမင်း ကိုယ်ပိုင်အမှတ် တ ၅၄၅၂၀၂၊ တပ်သား မင်းသူရ ကိုယ်ပိုင် အမှတ် တ ၅၃၇၃၂၁နှင့် တပ်သား မြင့်လွင် ကိုယ်ပိုင် အမှတ် ၄၉၂၇၂ တို့ ဖြစ်ကြောင်း သိရသည်။

ယနေ့ တရားရုံးသို့ ရောက်လာကြသည့် ကာယကံရှင် မိသားစုနှင့် ကူညီပေးနေသူများ (ဓာတ်ပုံ- ခိုင်ရိုးလ/ဧရာဝတီ)

အဆိုပါ ပြစ်မှု ကျူးလွန်သူတို့အား လွတ်လပ်စွာ တရာစီရင်နိုင်ရေးအတွက် အရပ်ဘက် တရားရုံးသို့ လွှဲပေးရန် ရခိုင်အရပ် ဘက် အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း ၎င်းတို့မှာ တပ်မတော်သားများ ဖြစ်သည့်အတွက် အရပ်ဘက် တရားရုံး သို့ လွှဲပြောင်းပေးမည် မဟုတ်ဘဲ စစ်တရားရုံးဖွဲ့ကာ ၁၉၅၉ တပ်မတော် အက်ဥပဒေအရ သော်လည်းကောင်း၊ နယ်ဘက် တည်ဆဲ ဥပဒေ အရသော်လည်းလည်းကောင်း အပြစ်ပေး အရေးယူလိမ့်မည် ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆို ထားသည်။

ပြီးခဲ့သော ဇွန်လ၂၉ ရက်က ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်း တခုမှ တပ်ဖွဲ့ဝင် ၃ ဦး မှာ ထိုနေ့ ညနေ ၁၁ နာရီ အချိန်ခန့်တွင် ထိုအမျိုးသမီးအား မိသားစုနှင့်အတူ ရှိနေစဉ် မှတ်ပုံတင် စစ်ဆေးစရာ ရှိသည်ဟု အကြောင်းပြ ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် ဖြစ်သူက သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ပြော ကြားထားသည်။

အဆိုပါ အမျိုးသမီးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်သည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့က ပထမ ဇူလိုင်လ၂ ရက်က ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ ၃ ဦးကို စစ်ခုံရုံး၂ ကြိမ်ဖွဲ့ စစ်ဆေး ပြီးနောက် ၁ ဦးမှ ဝန်ခံ ထွက်ဆိုသည့်အတွက် ယင်းအမှု မှန်ကန်ကြောင်း အတည်ပြု ပြောကြားလာခြင်း ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခအတွင်း အမျိုးသမီးများအား မုဒိမ်းပြုကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ် ပေါ်နေခြင်းအပေါ် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ နောင်တွင်လည်း မုဒိမ်းမှု အပါအဝင် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင် ကာကွယ် တားဆီးဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန် ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က ဇူလိုင်လ ၂၇ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။

You may also like these stories:

ဦးဂါရွာသူအမှု စစ်တရားရုံးဖွဲ့၍ စစ်ဆေးနေဟု တပ်မတော်ပြော

ဦးဂါရွာသူကို အဓမ္မကျင့်သည့် တပ်မတော်သား ၃ ဦး၊ စစ်တရားရုံးဖွဲ့ စစ်ဆေး ပြစ်ဒဏ်ပေးမည်

ဦးဂါရွာသူအမှု တရားမျှတမှုရရေး အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

Loading