“မင်းတို့ ထမင်းဝအောင်စားထား” ဟုဆိုကာ လူသတ်တရားခံ ကြည်လင်းနှင့် အပေါင်အပါများအား ဝန်ရံမှုကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ၃ နှစ်နီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေသည့် မြတ်ဖုန်းမိုရ်ဆိုသူမှာ ယနေ့တွင်လာရောက် အဖမ်းခံခဲ့ကြောင်း အင်းစိန်းရဲစခန်းမှူး ဒုရဲမှူးတင်လတ်က ပြောသည်။
အမျိုးသားရေးလှုပ်ရှားမှုဟုဆိုကာ ဆန္ဒပြပွဲများတွင်လည်း ပါဝင်လေ့ရှိသည့် မြတ်ဖုန်းမိုရ်သည် လူသတ်သမား ကြည်လင်းနှင့် အဖွဲ့အား ယင်းကဲ့သို့ဝန်းရံမှုကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံရသူ ၄ ဦးတွင် တဦးတည်းကျန်ရှိသည့် ထွက်ပြေးတိမ်း ရှောင်နေသူဖြစ်သည်။
ဒုရဲမှူးတင်လတ်က “ဒီနေ့လာအဖမ်းခံတာ ဟုတ်ပါတယ်၊ သူတို့ကို အုပ်ချုပ်ရေးဘက်က တရားစွဲထားတာဖြစ်တဲ့ အတွက် ကျနော်တို့က သွားအပ်ပေးရတာပေါ့၊ အခုတော့ အင်းစိန်ထောင်အချုပ်ကို ပို့လိုက်ပါပြီ”ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဥပဒေအကြံပေးတဦးဖြစ်သူ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့်အမှုများအား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ် ဆေးရာ၌ တင်ဌေးအောင်(ခ)အကြီးကောင်၊ အောင်လင်း၊ ဟိန်းဝေယံနှင့် မြတ်ဖုန်းမိုရ်ဆိုသူတို့က “မင်းတို့ ထမင်း ဝအောင်စားထား” စာတမ်းပါ တီရှပ်များ ယူဆောင်လာကာ ဝန်းရံခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ခြိမ်းခြောက်မှုဆန်သည့် ပြုမူမှုအပေါ် ရှေ့နေအဖွဲ့အစည်းများက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြပြီး အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တင်ဌေးအောင် (ခ) အကြီးကောင် နှင့် အောင်လင်းဆိုသူတို့အား ယခင်ကတည်းက ဖမ်းမိခဲ့သော်လည်း ထိုင်းနိုင်ငံတွင် ၂ နှစ်ကျော်ကြာ တိမ်းရှောင်နေသည့် ဟိန်းဝေယံဆိုသူမှာ ယခုနှစ် အောက်တို ဘာ ၂၅ ရက်နေ့က မြဝတီ-မဲဆောက် ဂိတ်တွင် ပြန်လည်အဖမ်းခံခဲ့ပြီး လက်ရှိတွင် ၎င်းအား အင်းစိန်အကျဉ်း ထောင်အချုပ်တွင် ချုပ်နှောင်ထားသည်။
အဆိုပါ ဟိန်ဝေယံဆိုသူအနေဖြင့် အမျိုးသားရေးခေါင်းစဉ်ဖြင့် လှုပ်ရှားသူများ၏ ငွေပေး၊ ငွေယူ အတွင်းရေးကိစ္စ ရပ်များအား လူမှုကွန်ရက်စာမျက်နှာကတဆင့် ဖွင့်ချဖော်ထုတ်မှုများ ပြုလုပ်ထားပြီး ၎င်း၏ ဖော်ထုတ်မှုအပေါ် မှန်မမှန် စိစစ်သွားရန် ညွှန်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၆ ရက်နေ့က ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသော်လည်း စိစစ်ဖော်ထုတ်တွေ့ရှိမှု အခြေအနေများအား မသိရှိရသေးပေ။
ယင်းသို့ အတွင်းရေးများဖော်ထုတ်ထားသူ ဟိန်းဝေယံအဖမ်းခံခဲ့ပြီးနောက် ဝရမ်းထုတ်ခံထားရသူ ဦးဝီရသူ (ဦးဝိ စိတ္တာ ဘိဝံသ) မှာလည်း နိုဝင်ဘာ ၂ ရက်နေ့တွင် လာရောက်အဖမ်းခံခဲ့ပြီး အမျိုးသားရေးအဖွဲ့ဝင်ဖြစ်သည့် မြတ်ဖုန်းမိုရ်လည်း တလကျော် အကြာတွင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။
အမျိုးသားရေးဟုဆိုကာ လှုပ်ရှားမှုများတွင် လူသိများသူဖြစ်သည့် ဦးလှဆွေ (ခ) ဘူးလက်လှဆွေ အနေဖြင့်လည်း နိုင်ငံတော်အကြီးအကဲများအပေါ် ပုတ်ခတ်ပြောဆိုမှုကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က နိုင်ငံတော် အ ကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲခံရပြီး ဝရမ်းထုတ်ထားသော်လည်း တနှစ်ကျော်ကြာသည်အထိ အမှုရင်ဆိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်လျှက်ရှိနေဆဲဖြစ်သည်။