သတင်း

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပြီလား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သည့် ၇၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယင်းနေ့မှာပင် Online Video Conferencing ပုံစံဖြင့်ကျင်းပခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကလည်း ယင်းအခမ်းအနားသို့ သဝဏ်လွှာတစောင်ပေးပို့ ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂက ကြေညာခဲ့သော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထောက်ခံခဲ့သည့် နိုင်ငံတနိုင်ငံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်အချို့ကိုလည်း လက်မှတ်ရေးထိုးထားသောနိုင်ငံတနိုင်ငံဖြစ်သည်။

ထိုကဲ့သို့ လူ့အခွင့်အရေးကို အလေးထားသည့် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးအခြေအနေသည် မည်ကဲ့သို့ရှိလေသနည်း။ ယင်းအချက်သည် ၇၂ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ ကျရောက်လာသည့် ကာလတွင် ထပ်မံမေးခွန်းထုတ် ဆန်းစစ်ရမည့် ကိစ္စဖြစ်လာသည်။

မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို အကာအကွယ်ပေးသည့် ဥပဒေပိုင်းဆိုင်ရာ ပြဌာန်းမှု ပိုမိုတိုးတက်လာသော်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အခြေအနေများမှာ ဆိုးဝါးနေဆဲဖြစ်ကြောင်း ပြောဆိုကြသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာ အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက “မြန်မာနိုင်ငံမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေက အရင်ကထက်ပိုပြီး ပြည့်စုံလာတယ်။ မသန်စွမ်းသူများဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေတွေ ပေါ်ပေါက်လာတယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း နိုင်ငံတော်ဘတ်ဂျက်ကို ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ပိုမိုတိုးတက် သုံးစွဲလာခြင်း၊ လူမှုလုံရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများပိုမိုတိုးတက်လာခြင်းများ တွေ့လာရကြောင်း ၎င်းက ပြောပြသည်။

“အပြည့်အဝကြီးအားကောင်းတယ်လို့ မပြောနိုင်ပေမယ့် အရင်တုန်းကထက်စာရင် အများကြီး ပြည့်စုံတယ်လို့ ပြောနိုင်တယ်” ဟု ဦးအောင်မျိုးမင်းက မှတ်ချက်ပေးသည်။

သို့သော်လည်း အခြားတဖက်တွင် လူသားတိုင်းအတွက် အခြေခံလူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် ပိုမိုကျဆင်းလာနေကြောင်း ၎င်းက ဝေဖန်ထောက်ပြသည်။

တပ်မတော်နှင့် AA တို့၏ စစ်ပဋိပက္ခ အတွင်း ဒုက္ခရောက်ခဲ့ကြရသည့် အရပ်သားများ (ဓာတ်ပုံ – ဧရာဝတီ)

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့် အရေးယူမှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ငြိမ်းစုစီ ဥပဒေဖြင့်အရေးယူမှုများ၊ အစိုးရနှင့် တပ်မတော်အပေါ်ဝေဖန်သူများကို တရားစွဲဆိုအရေးယူမှုများ ပြီးခဲ့သည့် ၅ နှစ်တာ ကာလတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဒေသအလိုက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့သည့်ဒေသမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းပင် ဖြစ်ကြောင်း ဒေသခံများက ပြောပြကြသည်။

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့် ၃ နှစ်တာ ကာလအတွင်း အရပ်သား ထိခိုက်သေဆုံးမှု၊ အရပ်သားများ ဖမ်းဆီးညှင်းဆဲ သတ်ဖြတ်ခံရမှု၊ မုဒိမ်းမှုနှင့် ကလေးသူငယ်သေဆုံးမှုတို့ အများအပြားဖြစ်ပွားခဲ့ပြီး အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တပ်မတော်နှင့် ရခိုင်စစ်တပ် AA တို့က အဓိက ကျူးလွန်ကြသည်ဟု ဒေသခံများက ဆိုကြသည်။

ထိုသို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ အပြားဖြစ်ခဲ့သော်လည်း ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှုတွင် အစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့က တက်ကြွစွာ ဂရုပြုဆောင်ရွက်မှု နည်းပါးခဲ့ကြောင်း ဒေသခံများက ဝေဖန်ကြသည်။

လူ့အခွင့်အရေးကော်မရှင်ဆိုလျှင်လည်း ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ အထက်တန်းကျောင်းဝင်းအတွင်း တပ်မတော်၏ ပစ်ခတ်မှုများနှင့်ပတ်သက်သည့် အမှုတခုသာလျှင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက တိုက်ပွဲများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အခြေအနေများကို အရပ်ဘက်အဖွဲ့များက လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားခဲ့သော်လည်း တုံပြန်ဆောင်ရွက်မှု နည်းပါးခဲ့သည်ဟု ပြောဆိုသည်။

“တိုင်စာပို့ပါတယ်။ ပြန်စာမလာတာတွေရှိတယ်။ လွှတ်တော်အမတ်တွေ လွှတ်တော်မှာ အဆိုတင်တယ်။ အဲဒီအဆိုကို လက်မခံဘူး။ လူ့အခွင့်အရေးကော်မရှင်ကို လွှတ်တော်အမတ်တွေက စာတင်တယ်။ တော်တော်လေးကြာမှ စာပြန်တယ်။ စာမှာလည်း သေသေချာချာမပြောဘဲနဲ့ သက်ဆိုင်ရာ အဖွဲ့တွေက အရေးယူဆောင်ရွက်မှုလုပ်ပါလိမ့်မယ်ဆိုတာမျိုး ဒီလိုမျိုး မရေရာတဲ့ တုံ့ပြန်မှုတွေပဲ ရခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လူ့အခွင့်အရေးချိုးဖောက်မှုကို မည်သူက လုပ်ဆောင်သည်ဖြစ်စေ လက်မခံဘဲ ကန့်ကွက်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ဟန်ပြပုံစံမျိုးသာဖြစ်နေပြီး ယင်းအခြေအနေကို ပြုပြင်ပြောင်းလဲကာ တက်ကြွစွာ အရေးယူဆောင်ရွက်သင့်သည်ဟု ကိုဇော်ဇော်ထွန်းက ဝေဖန်သည်။

ဝေဖန်မှုများ၏ အခြားတဖက်တွင်လည်း လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အမှန်တကယ်အရေးယူဆောင်ရွက်လိုသည့် စိတ်စေတနာရှိလျှင်တောင်မှ လက်တွေ့မလုပ်နိုင်သည့် အခြေအနေများလည်းရှိနေသည်ဟုလည်း ထောက်ပြကြသည်။

တပ်မတော်နှင့် AA တို့၏ စစ်ပဋိပက္ခ အတွင်း ဒုက္ခရောက်ခဲ့ကြရသည့် အရပ်သားများ (ဓာတ်ပုံ – ဧရာဝတီ)

ဥပမာပြရလျှင် လူ့အခွင့်အရေးကော်မရှင်သည် ကန့်ကွက်သူမရှိသည့် အဆုံးဖြတ်ဖြင့်သာ အဆုံးဖြတ်ပြုခြင်း၊ ကော်မရှင်၏ အဖွဲ့ဝင်များ စီစစ်ရေးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်နေခြင်း၊ အစိုးရ ဌာန၊ အဖွဲ့အစည်းများက လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသော စာရွက်စာတမ်းများအပါအဝင် တရားရုံးက ဆုံးဖြတ်ထားပြီးသော အမှုများကို စုံစမ်းစစ်ဆေးခြင်းမပြုနိုင်ခြင်းစသည့် အခြေအနေ ၃ ရပ်တို့ပင်ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

ကော်မရှင်သည် ကန့်ကွက်သူမရှိသည့် အဆုံးဖြတ်ဖြင့်သာ အဆုံးဖြတ်ပြုရသဖြင့် အဖွဲ့အဝင်တစုံတယောက်က ကန့်ကွက်ထားပါက တိုင်ကြားချက်တခုသည် စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်သည့် အနေအထားဖြစ်နေသည်။

မြန်မာနိုင်ငံရှိအချို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို တပ်မတော်လက်အောက်ခံ တပ်မတော်သားများက ကျူးလွန်ကြသည်ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသည့် ပြည်ထဲရေးဝန်ကြီး၏ ကိုယ်စားလှယ်သည် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ကို ရွေးခွင့်ရနေသည်မှာ မဖြစ်သင့်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။

“လူ့အခွင့်အရေးကော်မရှင်ဥပဒေအရဆိုရင် ကော်မရှင်မှာ လုပ်ပိုင်ခွင့်တွေကန့်သတ်ခံထားရတာတွေရှိတယ်။ ကော်မရှင်အဖွဲ့ဝင်တွေကို ခန့်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင်လည်း ပွင့်လင်းမြင်သာမှုတွေ မရှိဘူး” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) အမှုဆောင်အဖွဲ့ဝင် ကိုအောင်မျိုးကျော်က မှတ်ချက်ပေးသည်။

ထို့သို့ ကန့်သတ်ခံရမှုများရှိနေသော်လည်း ကော်မရှင်၏ စွမ်းဆောင်ရည်သည် ယခင်ကထက်ပိုမိုတိုးတက်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သမ္မတဦးသိန်းစိန် လက်ထက်ကထက် NLD အစိုးရလက်ထက်တွင် ကော်မရှင်၏ အရေးယူဆောင်ရွက်သည့် အမှုများ ပိုမိုများပြားလာသည့် အခြေအနေကို ရည်ညွှန်းကာ ကိုအောင်မျိုးကျော်က ပြောကြားခြင်းဖြစ်သည်။

“ကော်မရှင်ရဲ့ အခြေအနေနဲ့ ပတ်သက်ရင်လည်း သူက အရင်ထက်စာရင် အလုပ်လုပ်လာတာတွေရှိတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ အများကြီးရှိတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

အချုပ်အားဖြင့် ဆိုရလျှင် မြန်မာ့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးမှုတွင် ယခင်က ထက်ပိုမိုတိုးတက်လာသော်လည်း တဖက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကန့်သတ်ခံရသည့် အခြေအနေမျိုးရှိနေသည်။

တပ်မတော်နှင့် AA တို့၏ စစ်ပဋိပက္ခ အတွင်း ဒုက္ခရောက်ခဲ့ကြရသည့် အရပ်သားများ (ဓာတ်ပုံ – ဧရာဝတီ)

ထို့အတူ ကော်မရှင်၏ စွမ်းဆောင်ရည်အပိုင်းတွင်လည်း ယခင်ကထက် ပိုမိုတိုးတက်လာသော်လည်း ပြုပြင်ပြောင်းလဲစရာများရှိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင်တော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန်ချိတ်ဆက်နေကြပြီး လူ့အခွင့်အရေးကို မျက်ကွယ်ပြုခြင်းသည် ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးမထားခြင်းပင်ဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေတိုးတက်ရန် ကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းနှင့် ပြည်နယ်အစိုးရများနှင့်ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဆိုထားသည်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လေးစားလိုက်နာသည့် လူမှုအသိုက်အဝန်းတရပ်ဖြစ်လာစေရန် အစိုးရအနေနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းနိုင်ငံတော်သမ္မတက ပြောကြားထားသည်။

မည်သို့ပင်ဖြစ်စေ ၂၀၂၀ ခုနှစ်မှ နောက်ထပ် ၅ နှစ်တိုင်အောင် မြန်မာနိုင်ငံကို စီမံအုပ်ချုပ်ခွင့်ရမည့် NLD ဦးဆောင်သည့် အစိုးရအနေနှင့် မြန်မာ့လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်ရန် မည်ကဲ့သို့ ပြုပြင်ဆောင်ရွက်မည်ကို ပြည်တွင်းတက်ကြွလှုပ်ရှားသူများက စိတ်ဝင်တစား စောင့်မျှော်လျက်ရှိကြပေသည်။

You may also like these stories:

စစ်တွေတွင် လူ့အခွင့်ရေးနေ့ ကမ်ပိန်း လှုပ်ရှားသူ ၃ ဦး ဖမ်းဆီးခံရ

ကျောင်းသား လှုပ်ရှားမှုက ရန်ကုန်တက္ကသိုလ်နဲ့ ခွဲမရဘူး

မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading