တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ဆက်ဆံရေး ပြေလည်နေပါက ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် ၏ ရေလမ်းကြောင်း သွားလာမှုကို ဒီဇင်ဘာလကုန်ပိုင်းတွင် ပြန်ဖွင့်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ချင်းပြည်နယ်၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က “အခုပလက်ဝမှာ ထိတွေ့ တိုက်ပွဲတော့ မရှိဘူး။ သူတို့ အပြန်အလှန်နားလည်မှုရှိတဲ့ သဘောတော့ တွေ့ပါတယ်။ ကျနော်တို့ ရေလမ်းကြောင်းလည်း လကုန်လောက်မှာ ဖွင့်ဖို့ ညှိနှိုင်းထားတဲ့ အနေအထားရှိပါတယ်ခဗျ” ဟု ပြောသည်။
ရေလမ်းကြောင်းကို ဒီဇင်ဘာ လကုန်ပိုင်းတွင် ပြန်ဖွင့်ရန် ချင်းပြည်နယ်အစိုးရနှင့် တပ်မတော်ကြား ညှိနှိုင်းထားသည် ဟုလည်း ဦးစိုးထက်က ဆိုသည်။
ပလက်ဝမြို့နယ်သည် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်များကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကုလားတန်မြစ်ကြောင်းအတိုင်း သယ်ယူကာ ဝယ်ယူသုံးစွဲနေရသည့် မြို့ဖြစ်သည်။
တပ်မတော်နှင့် AA တို့၏ ပဋိပက္ခများကြောင့် ဖေဖော်ဝါရီမှ စ၍ ပလက်ဝမြို့နယ်တွင်း ကုလားတန်မြစ်ကြောင်းတလျှောက် ရေလမ်းကြောင်း သွားလာမှုမှာ နှစ်ဖက်တပ်များကြောင့် လုံခြုံရေးအရ သွားလာမှု မရှိသည့်အပြင် ဒေသခံများကို ရေကြောင်း အသုံးမပြုရန်လည်း တပ်မတော်ဘက်က တားမြစ်ထားသည်။
ရခိုင်ပြည်နယ်နှင့် ပလက်ဝကို အဓိက ကုန်သွယ်လမ်းကြောင်းဖြစ်သည့် ရေလမ်းကြောင်း ပိတ်ထားသဖြင့် ပလက်ဝမြို့နယ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ၃ ဆမြင့်တတ်သွားပြီး စက်သုံးဆီနှင့် အခြားလူသုံးကုန် ပစ္စည်းများမှာလည်း ၂ ဆ၊ ၃ ဆခန့် မြှင့်တတ်နေသည်မှာ ယနေ့ထိ ဖြစ်သည်။
ပလက်ဝမြို့နယ်သို့ ဆန်ဝယ်ပို့သည့် နောက်လမ်းတလမ်းမှာ မန္တလေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှ တဆင့် ဝယ်ပြီး ချင်းပြည်နယ်၊ မတူပီမှ တဆင့် ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ နှင့် ပလက်ဝမြို့ပေါ်သို့ လမ်းကြောင်းနှစ်ကြောင်းဖြင့် ပို့ဆောင်သည်။
ပခုက္ကူမြို့တွင် ဆန်တအိတ်ကို ၂၅၀၀၀ ကျပ် ဖြင့် ဝယ်ယူသော်လည်း သယ်ယူပို့ဆောင်ခများ စုပေါင်းလိုက်ပါက ပလက်ဝမြို့နယ်အရောက် ဆန်တအိတ် တန်ဖိုးမှာ ၃၇၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိ မြှင့်တတ်သွားသည်ဟု ဒေသခံများ ထံမှ သိရသည်။
ဦးစိုးထက်က “၃၇၀၀၀ ကျပ်က ကျောက်တော်က သယ်လို့ ရတယ်ဆိုရင် တအိတ်ခွဲ၊ နှစ်အိတ်ရမယ်။ လူတွေက ပိုက်ဆံ လည်း ရှာမရ၊ စားစရာကလည်း မရှိ၊ ကုန်ဈေးနှုန်းကပါ မြင့်နေတော့ အရမ်းခက်ခဲပါတယ်။ ကျနော်တို့ အခု လပိုင်း၊ ရက်ပိုင်း ကတော့ စောင့်ကြည့်ကာလပါ။ လကုန်ရင်တော့ ရေလမ်းကြောင်းဖွင့်ဖို့ကို ညှိနှိုင်းထားတယ်။ အခုအတိုင်းပဲ တယောက်နဲ့ တယောက် အပစ်အခတ်မရှိရင်တော့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း ပွင့်လာမှာပါခဗျ” ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် AA တို့ကြား အပစ်အခတ်ရပ်ထားပြီး ညှိနှိုင်းနေသည့် အခြေ အနေကို ကြိုဆိုလက်ခံပြီး ရှေ့ဆက် ညှိနှိုင်းကာ စာချုပ်စာတမ်း အခိုင်အမာဖြင့် အပစ်အခတ်ရပ်ဆိုင်းနိုင်သည်အထိ ပြေလည်စေရန်လည်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ မျှော်လင့်သည်ဟုလည်း ဦးစိုးထက်က ဆိုသည်။
ဒီဇင်ဘာလကုန်ပိုင်းတွင် ရေလမ်းကြောင်းဖွင့်နိုင်ရေး ညှိနှိုင်းနေမှု အခြေအနေနှင့် ပတ်သတ်၍ မေးမြန်းရန် တပ်မတော် ဘက်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
ပလက်ဝမြို့နယ် စားနပ်ရိက္ခာဖူလုံရေး အထောက်အကူပြုကော်မတီ၊ အဖွဲ့ခေါင်းဆောင် ဦးရာကျော်က တပ်မတော်နှင့် AA ကြား အပစ်အခတ်များ ရပ်ဆိုင်းထားသော်လည်း ပလက်ဝမြို့နယ်တွင် ရေလမ်းကြောင်းတလျှောက် လွတ်လွတ်လပ်လပ် သွားလာ၍ မရသေးဘဲ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာလည်း ၃ ဆခန့် မြင့်တတ်နေဆဲဖြစ် သည်ဟု ပြောသည်။
ဦးရာကျော်က “ဒီမှာ ပုံမှန်ကို မဟုတ်ဘူး။ ဘာမှကို သွားလို့ မရတာ၊ ဒီမှာ အခြေအနေက ဘာမှ မပြောင်းလဲသေးဘူး။ ကျနော်တို့ကတော့ သူတို့ အပစ်အခတ်ရပ်စဲပြီး လမ်းပန်းဆက်သွယ်ရေးလည်း သွားလာလို့ရ၊ စီးပွားရေးလည်း လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှားလို့ ရတဲ့ အခြေအနေ ရချင်တယ်” ဟု ပြောသည်။
ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ နယ်စပ်ဘက်သို့ ကုလားမြစ်ကြောင်းအတိုင်း ဆန်တက်ရသည့် နေရာတွင် ရှိသည့် မီးဇာ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးဟွေ့လော့ကလည်း ၎င်း၏ ကျေးရွာတွင် ဆန်ဝယ်ယူ၍ ရသော်လည်း ပလက်ဝမြို့ဘက်သို့ သွားသည့် ရေလမ်းကြောင်းတွင် နှစ်ဖက်တပ်များ ရှိသည့် သွားလာရေး အဆင်မပြေသေးသည့် အခြေအနေ ရှိသည်ဟု ပြောသည်။
ဦးဟွေ့လော့၏ မီးဇာကျေးရွာတွင် တပ်မတော်နှင့် AA ၏ တိုက်ပွဲများကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်မှ ကျေးရွာများ ပျက်ပြီး လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ကျော်ရှိသည်။
ဦးဟွေ့လော့က “တိုက်နေတဲ့ ၂ ဖွဲ့ ဆွေးနွေးတာတော့ ကျနော်တို့ မသိဘူး။ ဒါပေမယ့် ရွေးကောက်ပွဲကာလကနေ အခုထိ တော့ တိုက်ပွဲဖြစ်တာ မရှိဘူး။ လမ်းမှာတော့ သူတို့ရှိနေတယ်။ တပ်မတော် တပ်စခန်းတွေရော AA တွေရော ကတော့ ရှိနေတယ်။ မီးဇာကနေ ပလက်ဝဆင်းရင် တပ်က ပိတ်လိုက် AA က ပိတ်လိုက် လမ်းက ဒီလိုရှိနေတယ်။ သူတို့ကို ပြေလည်စေချင်တယ်။ သူတို့နိုင်ငံရေးကို ကျနော်တို့ ဘာမှ မသိပါဘူး။ ဒါပေမယ့် ပြေလည်စေချင်တယ်” ဟု ပြောသည်။
နှစ်ဖက်တပ်ဖွဲ့များ အဆင်ပြေမှ ဒေသခံများလည်း သွားလာရ အဆင်ပြေပြီး ကုန်သွယ်ရေးလမ်းလည်း ပွင့်ကာ ကုန်ဈေးနှုန်းလည်း ကျဆင်းမည် ဖြစ်သဖြင့် အမြန်ပြေလည်စေချင်သည်ဟုလည်း ဦးဟွေ့လော့က ဆိုသည်။
ပလက်ဝစစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသည့် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (KACC)၊ အလုပ်အမှုဆောင်ကော်မတီ၊ ဦးဆလိုင်းဂျွန်ပိုင်နန်းက “တိုက်ပွဲတွေ နည်းပါးသွားလို့ ကျနော်တု့ိ ဝမ်းသာတယ်။ ဒါအရမ်းကောင်းတဲ့ လက္ခဏာတခုလို့ ကျနော်တို့ယူဆတယ်။ ဖြစ်နိုင်ရင် အပစ်အခတ်ရပ်စဲရေး ဖြစ်စေ ချင်တယ်။ ကျနော်တို့လည်း နှစ်နဲ့ချီပြီး ဒုက္ခတွေ ရောက်ခဲ့တယ် အခုထိ ဒုက္ခရောက် နေတုန်းပဲ။ ထွက်ပြေးခဲ့ရတဲ့ သူတွေကလည်း ကိုယ့်အိမ်ကိုယ် ပြန်ချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် နှစ်ဖက်တပ်များကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းထားသော်လည်း တိကျသေချာသည့် အပစ်ရပ်ဆိုင်းခြင်းမျိုး မဟုတ်သေးသဖြင့် ပလက်ဝဒေသခံများ၊ စစ်ဘေးရှောင်ဒုက္ခသည်များမှာ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ပြီး နှစ်ဖက် တပ်များကိုလည်း စာချုပ်စာတမ်း အခိုင်အမာဖြင့် ချုပ်ဆိုကာ အပစ်ရပ် နိုင်သည် အထိ ပြေလည်စေလိုသည်ဟု ဦးဆလိုင်းဂျွန်ပိုင်နန်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ဖြစ်နိုင်ရင် လုံးဝ အပစ်အခတ်ရပ်စဲကြတာက ကျနော်တို့အတွက် အကောင်းဆုံးပဲ။ လက်နက်ကိုင် တွေကလည်း သူတို့နေရာ ဒေသ အသီးသီးကိုပါ ပြန်သွားကြရင် ပိုကောင်းမယ်” ဟုလည်း ပြောသည်။
တပ်မတော်နှင့် AA သည် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း၊ ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် နိုဝင်ဘာ ပထမပတ်မှ ယနေ့ထိ အပစ်ရပ်ဆိုင်းထားပြီး နှစ်ဖက်တပ်ခေါင်းဆောင်များကြားတွင် အပစ်ရပ်စာချုပ် တစောင် ချုပ်နိုင်ရန် ညှိနှိုင်းလျက်ရှိသည်။
နိုဝင်ဘာ ၂၅ ရက်က အွန်လိုင်းအစည်းအဝေးတကြိမ်၊ ဒီဇင်ဘာ ၉ ရက်တွင် ပန်ဆန်းမြို့၌ နှစ်ဖက်တပ်ထိပ်သီး ခေါင်းဆောင်များ လူချင်းတွေ့ အစည်းအဝေး တကြိမ် ထိုင်ခြင်းများ ပြုလုပ်ထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးကော်မတီ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ ထပ်မံတွေ့ဆုံနိုင်ရန်လည်း ညှိနှိုင်းလျက် ရှိသည်။
တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် ရွာလုံးကျွတ် ထွက်ပြေးရသည့် ကျေးရွာပေါင်း ၁၀ ရွာထက် မနည်းရှိပြီး လက်ရှိတွင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသည့် ဒုက္ခသည်ဦးရေမှာ ၁၁၀၀၀ ကျော် ရှိသည်။
ပလက်ဝမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီနှင့် လှည်းကူး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ လာရောက် တိမ်းရှောင် နေသည့် ဒုက္ခသည်ဦးရေမှာလည်း ၅၀၀ ကျော် ရှိသည်။
၂၀၂၀ ခုနှစ်တွင်း ပလက်ဝမြို့နယ်၌ တပ်မတော်နှင့် AA တို့၏ ပဋိပက္ခကြား ကျည်ဆံထိမှန်ခြင်း၊ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ခြင်း၊ လက်နက်ကြီးကျည်ထိမှန်ခြင်းနှင့် အတည်မပြုနိုင်သည့် တပ်ဖွဲ့တခုမှ ဖမ်းဆီး သတ်ဖြတ်ခြင်းတို့ကြောင့် သေဆုံးထားသည့် အရပ်သား ၄၁ ဦး ရှိသည်။
You may also like these stories:
တပ်မတော်နှင့် AA ပန်ဆန်းတွင် ဆွေးနွေး
လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်များကို လူ့အခွင့်အရေး လှုပ်ရှားသူများဝေဖန်
တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်