ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာသဖြင့် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ၃ မြို့နယ် တွင် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
ယင်းမြို့များမှာ စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကလေးမြို့နယ်တို့ဖြစ်ပြီး COVID-19 ရောဂါသည် ကူးစက် ပြန့်ပွားမှု ပိုမိုများပြားလာသဖြင့် လုပ်ငန်းအမျိုးအစား အချို့ကိုသာ ကန့်သတ် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က “လတ်တလောကတော့ စစ်ကိုင်းတိုင်းထဲမှာ တွေ့ရှိမှု အနည်းအများပေါ်မှာ မူတည်ပြီး ကိုဗစ်ရောဂါ ဖြစ်ကတည်းက မြို့ကြီး ၃ မြို့မှာ ဖြစ်တာ များနေတဲ့အတွက် ကြိုတင်ပြီး ထပ် မတိုးလာအောင်လို့ ဒီကိစ္စကို ပြည်သူတွေအနေနဲ့ လိုက်နာအောင်လို့ ထုတ်တာပါ” ဟု ပြောသည်။
ပုဂ္ဂလိက လုပ်ငန်းများဖြစ်သည့် ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက် ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်များ ဆေးဝါးနှင့်ဆေးပစ္စည်း ကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း များ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း၊ ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ စာပို့ လုပ်ငန်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ကြိုးဖုန်းနှင့် တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု တာဝါနှင့် ဖိုက်ဘာပြုပြင် ခြင်း ဝန်ဆောင်မှု လုပ်ငန်းမျာတို့ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင် ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရန် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် ဝန်ထမ်းများ ဝင်/ထွက်ခွင့် ရရှိရန်နှင့် အခြားမြို့နယ်များသို့ လုပ်ငန်းကိစ္စ ဖြင့် သွားရောက်ရန်အတွက် ဝင်/ထွက်ခွင့် ကတ်ပြားများကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ လျှောက်ထားရယူရန် လိုအပ် ကြောင်းလည်း သိရသည်။
အထက်ပါလုပ်ငန်းများတွင် မပါဝင်သည့် အဖွဲ့အစည်များ၊ ကုမ္ပဏီများ အနေဖြင့် နေအိမ်မှနေ၍ လုပ်ငန်းများ ဆောင်ရွက် ရန်လည်း တိုင်းအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
မဖြစ်မနေ ဈေးဝယ်ရန်အတွက် မိမိနေထိုင်ရာ မြို့နယ်ရှိ ဈေးများသို့သာ သွားရောက်ရမည် ဖြစ်ပြီး တအိမ်လျှင်တဦးသာ သွားရောက်ရန် ခွင့်ပြုမည်ဖြစ်ကာ ဈေးဝယ်ရန် ဝင်/ထွက် ခွင့်ကတ်ကို တအိမ်ထောင်လျှင် တကတ်နှုန်းဖြင့် ထုတ်ယူရမည် ဖြစ်သည်။
ထို့ပြင် Delivery စနစ်ဖြင့် စားသောက်ဖွယ်ရာများ လိုက်လံ ပို့ဆောင်သူများအား ဝင်/ထွက်ခွင့် ကတ်ပြားများနှင့် မြို့နယ် အတွင်းသာ လိုက်လံ ပို့ဆောင်ရန်၊ ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များ ကုန်စိမ်းများ လိုက်လံရောင်းချသူများ အနေဖြင့် နီးစပ်ရာရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ဝင်ထွက်ခွင့် ကတ်ပြားများ ရယူရောင်းချရန်လည်း ထုတ်ပြန် ထားသည်။
ကလေးမြို့နယ် ဒေသခံ ကိုကျော်သက်ဝင်းက “ဒေသန္တရ အမိန့်ဆိုတာထက် တိုင်းဒေသကြီး အမိန့်က တမျိုးထွက်တယ်။ မြို့နယ်က အမိန့်တမျိုး ထွက်တယ်။ မြို့နယ်က ၅ ရပ်ကွက်ကို ချတယ်ပေါ့။ တိုင်းဒေသကြီးက ကလေး တမြို့နယ်လုံးကို ထုတ်ထားတာ ရှိတယ်။ အဲဒီ ၅ ရပ်ကွက်မှာလည်း ဥပဒေမဲ့ ညွှန်ကြားချက် မရှိဘဲနဲ့ ဝါးကပ်တွေနဲ့ ပိတ်ပြီးတော့ ဘယ်မှ မထွက်ရဘူး ဘယ်မှ မလာရ ဆိုတော့ ပြည်သူက ဒီအမိန့်အပေါ်မှာ ဘယ်လိုမျိုး လက်ခံနိုင်စရာ အကြောင်းရှိမလဲ” ဟု ပြောသည်။
“ဝါးကပ်တွေနဲ့ ကာတာ အဝင်၊ အထွက်တွေကို လူထုတွေကို ပိတ်ပင်တာ၊ ဝန်ထမ်းတွေကို ပိတ်ပင်တာမျိုး ကျန်တဲ့ တားဆီးပိတ်ပင်မှုတွေက ပြင်းပြင်းထန်ထန် မူဝါဒကို ကျော်လွန်ပြီး လုပ်တဲ့ ကိစ္စတွေ လုံးဝလက်ခံနိုင်စရာ မရှိတာတွေက ပြဿနာ တက်နေတာ” ဟု ၎င်းက ဆက်ပြောသည်။
ပြည်သူ လူထုအနေဖြင့် အမိန့်ထုတ်ပြန်သည် ဖြစ်စေ၊ မထုတ်ပြန်သည်ဖြစ်စေ ကိုဗစ်ဆိုင်ရာ စည်းကမ်းကို လိုက်နာရန် အတွက် မေတ္တာရပ်ခံကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဆိုသည်။
ဦးမြင့်ကြည်က “အစိုးရ ဌာနရယ်၊ ကျန်းမာရေးရယ်၊ စည်ပင်ရယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့် ဒေသအလိုက် ဒါတွေကို စည်းစည်းရုံးရုံးနဲ့ လုပ်သွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ဒါကြောင့်လည်း ရွာတိုင်း ရွာတိုင်း မြို့တိုင်း မြို့တိုင်းမှာ ကိုဗစ်နဲ့ ပတ်သက်လို့ စည်းကမ်း လိုက်နာကြဖို့ ပိုပြီးတော့ လုပ်သွားတာပါ” ဟု ပြောသည်။
ဒုတိယလှိုင်းစတင်ဖြစ်ပွားသည့် သြဂုတ်လ ၁၆ ရက်မှ ဒီဇင်ဘာလ ၉ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်ပိုးတွေ့ လူနာ ၁၁၇၆ ဦး ရှိပြီ ဖြစ်သည်။
မတ်လ ၂၃ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၀၄,၄၈၇ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၂,၂၀၁ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၈၂,၈၁၃ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး ကိုဗစ်ပိုး ကူးစက်ခံရ၊ တိုင်းအစိုးရတဖွဲ့လုံး ကွာရန်တင်းဝင်
ရခိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ကိုဗစ်ပြန်ကြားရေးတာဝန်ခံ ပိုးကူးစက်ခံရ
Stay Home မြို့နယ်များမှ လုပ်သားများ ဝင်မလာစေရန် ကယားပြည်နယ်အစိုးရ တားမြစ်
ရန်ကုန်မြို့တော်ဝန်နှင့် ဆက်စပ်သူ ၂၇ဦးကို ကိုဗစ်စစ်ဆေး