ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ် ၂ ဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား နယ်မြေအငြင်းပွားတိုက်ခိုက်သည့် တိုက်ပွဲကြား ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သတင်းရရှိသည်။
RCSS နှင့် တိုက်ပွဲဖြစ်ပွားသည့် မြောက်ပိုင်းမဟာမိတ် ၂ ဖွဲ့ သည် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) တို့ ဖြစ်ကာ ၎င်းတို့သည် ဒီဇင်ဘာ ၇ ရက်မှ စ၍ တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာ နေကြခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၀ ရက်တွင် နမ္မတူမြို့နယ်တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရာ နမ့်ပိုင်ကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ကျည် ကျပြီး အရပ်သားများ ၄ ဦး ထိခိုက်သွားခြင်း ဖြစ်သည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးရုံပို့ပေးခဲ့သည့် မိတ်ဆွေကောင်းလူမှုကူညီရေးအဖွဲ့မှ ဦးထွန်းထွန်းဝင်းက “အိမ်ကို လက်နက်ကြီးလာမှန်တော့ မိသားစု ၃ ဦး ဒဏ်ရာ ရသွားတယ်။ သက်ကြီးပိုင်း ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင် တယောက်ပါတယ်။ နောက်ထပ် အမျိုးသားတဦးလည်း ဒဏ်ရာရထားတယ်။ ၄ ယောက်စလုံး ဆေးရုံကို ပို့လိုက်တယ်” ဟု ပြောသည်။

ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိလာသဖြင့် နမ့်ပိုင်ကျေးရွာမှ ဒေသခံများ လည်း ထွက်ပြေးလာကြပြီး မန်စံကျေးရွာသို့ လာရောက်ခိုလှုံနေကြသည်ဟုလည်း ဦးထွန်းထွန်းဝင်းက ပြောသည်။
သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စုတွင် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားပြီး နမ္မတူမြို့နယ်တွင် ဒီဇင်ဘာ ၇ ရက်က TNLA နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားရာမှ ပဋိပက္ခ စတင်ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်တွင် TNLA နှင့် SSPP ပူးပေါင်းတပ်ဖွဲ့သည် RCSS နှင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွားရာ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းထိ တိုက်ခိုက်မှုများ ရှိခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ စစ်ရေးတင်းမာနေသည့် နားကျဲကျေးရွာအနီးတွင် တပ်မတော်၏ ခြေလျင်တပ်ရင်း ခလရ ၃၂၄ လည်း ရောက်ရှိနေသည်ကို တွေ့ရကြောင်းကိုလည်း ဒေသခံများထံမှ သိရသည်။
နမ္မတူမြို့နယ်တွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် RCSS ဘက်မှ တပ်မတော်က ကူတိုက်ပေးနေသည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက TNLA ၏ ပြောဆိုချက်မှာ မမှန်ကန်ကြောင်း၊ RCSS နှင့် ပူးတွဲ၍ တိုက်ခိုက်ရန် မရှိကြောင်း ငြင်းဆိုထားသည်။

လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ကြား စစ်ရေးတင်းမာမှုများကြောင့် နမ္မတူမြို့နယ်ထဲမှ နမ့်တောင်ကုန်း၊ နားကျဲ၊ ပိန်းလုံ၊ နားကျိုင်း၊ ကွန်ကျောင်း ကျေးရွာတို့မှ ဒေသခံ ၃၀၀ ကျော်မှာ ထွက်ပြေးလာပြီး မန်စံ ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် လာရောက် ခိုလှုံနေကြသည်။
မန်စံကျေးရွာ အခြေစိုက် ဆီလိန်ခမ်းလူမှုကူညီရေးအသင်း၏ အဖွဲ့ခေါင်းဆောင် ဒေါ်နန်းခမ်းမီးက “စစ်ရှောင်တွေ တရက်ပြီး တရက်တိုးတိုးလာတယ်။ အခုထိလည်း နားကျဲဘက်မှာ လက်နက်ကြီးတွေကြားနေရတုန်းပဲ”ဟုပြောသည်။
ယနေ့ စစ်ရေးအခြေအနေနှင့် ပတ်သတ်၍ TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဒီဇင်ဘာ ၁၀ ရက်အထိ တိုက်ပွဲဖြစ်ပွားထားသော်လည်း ယနေ့ အခြေအနေကို မသိရှိရသေးပါဟု ပြောသည်။
RCSS နှင့် တိုက်ပွဲဖြစ်ပွားရခြင်းမှာ TNLA လှုပ်ရှားသည့် နယ်မြေအတွင်းသို့ ကျူးကျော်လာသဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ရသည်ဟု ဆိုထားသည်။
RCSS ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီးစိုင်းအုဏ်ခေးက ၎င်းတို့ ဘက်မှ နယ်မြေကျော်ခြင်း မဟုတ်ဘဲ SSPP နှင့် TNLA နမ့်မီချောင်းကို ကျော်ကာ နားကျဲကျေးရွာအတွင်းသို့ ကျူးကျော်ဝင်လာခြင်း ဖြစ်သည်ဟု ပြောသည်။
နမ့်မီချောင်း၏ တဖက် နားကျဲကျေးရွာဘက်သို့ ကျော်မလာရန် ၂၀၁၉ ခုနှစ်၊ မေက RCSS နှင့် SSPP ကြား ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အချင်းချင်း သဘောတူညီမှုပြုကာ နယ်မြေ သတ်မှတ်ထားသည်ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။
နမ္မတူမြို့နယ်တွင် တပ်မတော်၊ TNLA ၊ SSPP၊ RCSS တို့ လှုပ်ရှားသည့် နယ်မြေတခုဖြစ်သည်။
TNLA နှင့် RCSS ယခင်က ပြေလည်ကြသော်လည်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် RCSS က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးပြီးနောက် နှစ်ဖက်တပ်အချင်းချင်း မပြေမလည် ဖြစ်လာပြီး နယ်မြေလု၊ တိုက်ခိုက်မှုများလည်း စတင်လာသည်။

၂၀၁၈ ခုနှစ်တွင် TNLA နှင့် SSPP တို့က နမ္မတူမြို့နယ်တွင်း ပူးပေါင်းကာ RCSS နှင့် တိုက်ပွဲများ ဖြစ်ပွားသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုများ မဖြစ်ရန် TNLA နှင့် RCSS ကြား ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း တဖက်နှင့်တဖက် နယ်မြေအငြင်းပွားမှုများ မညှိနိုင်သဖြင့် ပြေလည်ခဲ့ခြင်း မရှိပါ။
RCSS ဘက်က နယ်မြေကျော်လွန် လှုပ်ရှားနေခြင်း ရပ်တန့်ပြီး လာရာလမ်းအတိုင်း ပြန်ဆုတ်ခွာသွားရန် TNLA က ပြောဆိုထားပြီး RCSS ဘက်ကလည်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းပြည်နယ်တွင် နေရာအနံှ့လှုပ်ရှားနိုင်ကြောင်းနှင့် တိုင်းရင်းသား တပ်အချင်းချင်း အတူယှဉ်တွဲနေထိုင်ရေးကိုသာ ညှိနှိုင်းလိုသည်ဟု ပြောဆိုထားသည်။
RCSS သည် NCA လက်မှတ်ရေးထိုးထားပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။ သို့သော် တပ်မတော်နှင့်လည်း ကျောက်မဲမြို့နယ်တွင် နယ်မြေအငြင်းပွားမှု ပြဿနာဖြစ်ကာ တိုက်ပွဲများ ဖြစ်ပွားထားသည်။
TNLA သည် အပစ်အခတ်ရပ်စဲရေး စာချုပ် တစုံတရာချုပ်ဆိုထားခြင်း မရှိဘဲ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။
SSPP သည် သမ္မတဦးသိန်းစိန်လက်ထက်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ်များ ချုပ်ဆို ထားပြီး NCA ရေးထိုးနိုင်ရန် ညှိနှိုင်းနေဆဲ အဖွဲ့ဖြစ်သည်။
You may also like these stories:
နမ္မတူတွင် RCSS နှင့် TNLA တို့ နယ်မြေအငြင်းပွားမှုဖြင့် တိုက်ပွဲပြန်ဖြစ်
လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်များကို လူ့အခွင့်အရေး လှုပ်ရှားသူများဝေဖန်