အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသား ညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဖိတ်ကြားချက်အပေါ် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ အနေဖြင့် လက်ခံကြိုဆိုသည်ဟု အကြောင်းပြန်ထားကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
အဆိုပါ NLD ပါတီ၏ ဖိတ်ကြားစာသည် နိုဝင်ဘာလကတည်းက အင်တာနက် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံခဲ့သော်လည်း နောက်မှ ပါတီဥက္ကဋ္ဌထံသို့ လိပ်မူပြီး တရားဝင် ဖိတ်ကြားစာ ရောက်ရှိလာသည့်အတွက် ဒီဇင်ဘာလဆန်းပိုင်းက ဖိတ်ကြား ချက် အပေါ် ကြို ဆိုသည်ဟု တရားဝင် အကြောင်းပြန်ကြားလိုက်ကြောင်း ANP ပါတီ၏ ပြောဆိုရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြော သည်။
“ပါတီ ဥက္ကဋ္ဌကို လိပ်မူပြီး ဖိတ်ကြားစာ ရောက်ပါတယ်။ ကျမတို့ ပါတီကလည်း ဖိတ်ကြားတဲ့ အပေါ် ကြို ဆိုတယ် ဆိုပြီး တော့ အကြောင်း ပြန်ကြားလိုက်တာ ရှိတယ်။ ကျန်တဲ့ကိစ္စတွေကတော့ ပါတီ အနေနဲ့ ဘာမှမဆုံးဖြတ်ရ သေးဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက သောင်ပြိုကမ်းပြို တနိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့် နောက်ပိုင်းတွင် နောင် အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စု အရေး ကိစ္စဆိုသည့် ခေါင်းစဉ်ဖြင့် တိုင်း ရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ကြားပေးပို့ခဲ့ခြင်း ဖြစ်သည်။
NLD ပါတီအနေဖြင့် ထိုသို့ ဖိတ်ကြားချက်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရန်အတွက် ဖိတ်ကြားခြင်း ဖြစ်သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်က တရားဝင် ပြော ကြားထားသည်။
ANP ပါတီမှ ပါတီနိုင်ငံရေး မူဝါဒရေးရာ ကော်မတီ အဖွဲ့ဝင် ဦးဖေသန်းက ဖိတ်ကြားစာမှာ ယေဘူယျဆန်သော်လည်း အမျိုးသား ညီညွတ်ရေးတွင် တိုင်းရင်းသား ပါတီများနှင့် ပူးပေါင်းလုပ်ဆောင်မည်ဆိုသည့် အကြောင်းများ ပါဝင်သည့် အတွက် ကြိုဆိုကြောင်း၊ ထပ်မံ၍ NLD ပါတီ၏ တုံ့ပြန်လာမည့်အပေါ် မူတည်ပြီး ပြည်နယ် လွှတ်တော်ဖွဲ့စည်းမည့် အရေးနှင့် ပြည်နယ်အစိုးရ ဖွဲ့စည်းမည့် အရေးတို့ကို ပါတီအနေဖြင့် စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြောသည်။
ANP ပါတီသည်၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် အမတ်အရေအတွက် အများဆုံး အနိုင်ရရှိသည့်အတွက် ပြည်နယ် အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် တောင်းဆိုခဲ့သော်လည်း အာဏာရ NLD ပါတီက ငြင်းပယ်ခဲ့သည့်အတွက် ၁/ ၂၀၁၆ ၊ ၂ /၂၀၁၆ ကြေညာချက်များ ထုတ်ပြန်ကာ အတိုက်အခံ ပါတီ အဖြစ် ရပ်တည်ခဲ့သည်။
ရခိုင့် ဦးဆောင်ပါတီ (AFP) ပါတီအနေဖြင့် ဖိတ်ကြားစာ လက်ခံရရှိသော်လည်း NLD ပါတီခေါင်းဆောင်များ၏ ပြောကြား ချက်များ၊ လက်ရှိ ဆောင်ရွက်ချက်များအပေါ် ယုံကြည်မှု မရှိသည့် အခြေအနေကြောင့် ဖိတ်ကြားချက်အပေါ် ပါတီအနေ ဖြင့် တစုံတရာ တုံ့ပြန်ထားခြင်း မရှိကြောင်း ပြောသည်။
AFP ပါတီ ဒု ဥက္ကဋ္ဌ ဦးကျော်ဇောဦးက “ကျနော်တို့ ပါတီကတော့ အဲဒီ ဖိတ်ကြားစာထက် သူတို့ လုပ်ရပ်၊ NLD ခေါင်း ဆောင်တွေ ခဏ ခဏ ပြောနေတဲ့ စကားကို နားထောင်ကြည့်လိုက်တော့ ဖက်ဒရယ်လစ်ဇင် ဆိုတာကိုလည်း သူတို့ နှလုံးသားက လက်ခံထားခြင်း မရှိ ဆိုတာ မြင်ရတယ်။ ကျနော်တို့ကတော့ ယုံကြည်လက်ခံနိုင်ခြင်း မရှိတဲ့အတွက် အဲဒီစာ အပေါ် အကြောင်းပြန်ကြားစရာလည်း မရှိဘူးဆိုပြီး ကျနော်တို့ ပါတီခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်တယ်” ဟု ဧရာ ဝတီသို့ ပြောဆိုသည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်ကတော့ NLD ပါတီ၏ ဖိတ်ကြားစာသည် လက်ရှိ အချိန်အထိ ၎င်းတို့ ပါတီထံ ရောက်မလာသည့်အတွက် တစုံတရာ ပြောကြားရန် မရှိသေးကြောင်း ပြောဆိုသည်။
NLD ပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ မုံရွာ အောင်ရှင်က တိုင်းရင်းသားပါတီ ၄၀ ကျော်အား ထိုကဲ့သို့ ဖိတ်ကြားစာ ပေးပို့ ခဲ့ရာတွင် တိုင်းရင်းသားပါတီ တော်တော်များများက ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်ဟု ပြောသည်။
မုံရွာ အောင်ရှင်က “ကျနော်တို့ ဖိတ်ကြားချက်ပေါ် ကြိုဆိုတယ်ဆိုပြီး ပါတီတော်တော်များများက သတင်းထုတ်ပြန်ပါတယ်။ သို့သော်လည်း ဒီဟာကို ဆွေးနွေးမယ်။ ညှိနှိုင်းမယ်ဆိုပြီး အသေးစိတ် အကြောင်းပြန်တာကတော့ သိပ်မရှိသေးဘူး။ ကျနော်ထင်တယ် ၄ / ၅ ပါတီလောက်ပဲ ရှိမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဖိတ်ကြားချက်အပေါ်မူတည်ပြီး တိုင်းရင်းသားပါတီများနှင့် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ ဖွဲ့စည်းမည့်ကိစ္စ နှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် တိတိကျကျ ပြောဆို၍ မရှိသေးကြောင်း၊ ယခုရက်ပိုင်းအတွင်း ကျင်းပမည့် CEC အစည်းအဝေးတွင် ယင်းကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း မုံရွာအောင်ရှင်က ရှင်းပြသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သော၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်က သံတွဲနှင့် ဂွတွင် ပြည်နယ် လွှတ်တော် ၄ နေရာနှင့် အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော်၂ နေရာနှင့် ချင်းတိုင်းရင်းသားရေး ရာဝန်ကြီး ၁ နေရာ စုစုပေါင်း ၈ နေရာ အနိုင်ရရှိခဲ့သည်။
ရခိုင် အမျိုးသား ပါတီ (ANP) ကတော့ စစ်တွေ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် ပြည်နယ်လွှွတ်တော်တွင် ၇ နေရာ အနိုင်ရရှိခဲ့ပြီး အမျိုသားလွှွတ်တော် ၄ နေရာနှင့် ပြည်သူ့လွှတ်တော် ၄ နေရာ စုစုပေါင်း ၁၅ နေရာ အနိုင်ရရှိခဲ့ကာ ရခိုင့်ဦးဆောင်ပါတီ (AFP) ကတော့ ကျောက်ဖြူ မဲဆန္ဒနယ်တွင် ပြည်နယ် လွှတ်တော်၂ နေရာနှင့် ပြည်သူ့ လွှတ်တော် ၁ နေရာ စုစုပေါင်း ၃ နေ ရာ အနိုင်ရရှိခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမ်း မဲဆန္ဒနယ်တွင် ပြည်နယ် လွှတ်တော် ၁ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ်၂ နေရာနှင့် အနိုင်ရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင် စစ်ရေးပဋိပက္ခကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း စသည့် မြို့နယ်တွင်လည်း ကျေးရွာအုပ်စု တော်တော်များများ ရွေးကောက်ပွဲ ဖျက်သိမ်း စာရင်းတွင် ပါဝင်သွားခဲ့ပြီး သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင် စသည့် ၄ မြို့နယ်သာ ရွေးကောက်ပွဲ အပြည့်အဝ ကျင်းပနိုင်ခဲ့ သည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းအရ ပြည်နယ် တခုလုံးတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၆ သိန်းကျော် ရှိခဲ့ရာ ရွေးကောက်ပွဲတွင် လူ ၄ သိန်းကျော်သာ မဲပေးခွင့် ရရှိခဲ့သဖြင့် လူပေါင်း ၁၂ သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ရကာ ဖြစ်ပေါ် လာမည့် ပြည်နယ် လွှတ်တော် ဖွဲ့စည်းမည့်အရေးမှာလည်း အကျပ်အတည်းများ ရှိသလို ပေါ်ပေါက်လာမည့် ပြည်နယ်အစိုး ရ အဖွဲ့ပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
You may also like these stories:
တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို
ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း
အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့အတွက် တိုင်းရင်းသားပါတီတွေကို ဖိတ်တာပါ
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ