သတင်း

မဲတံဆိပ်တုံးအတု ဖမ်းမိမှုများ ပါတီနှင့်မသက်ဆိုင်ဟု ကြံ့ခိုင်ရေး ငြင်းဆို

Want create site? Find Free WordPress Themes and plugins.

ပါတီမဲရုံကိုယ်စားလှယ်အချို့ထံမှ UEC စာသား မပါဝင်သည့် မဲတံဆိပ်တုံးအတု ဖမ်းမိမှုများမှာ ပါတီနှင့်မသက် ဆိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) က ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုလိုက်သည်။

ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက “အဲ့ဒါနဲ့ (မဲတံဆိပ်တုံးအတု) ပတ်သက်လို့ ကျနော်တို့ပါတီ နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးကို နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင် ပြည်ခိုင် ဖြိုးပါတီဘက်က အဲ့ဒီလိုအမှားလေး သေးသေးလေးကို မီဒီယာတွေမှာ အများကြီးပြန့်နေတယ်” ဟု ပြောသည်။

ကြိုတင်မဲနှင့် ရွေးကောက်ပွဲနေ့တို့တွင် မဲတံဆိပ်တုံးအတုများအား ၈ မြို့နယ်ခန့်တွင် ဖမ်းမိခဲ့ရာ၌ ရေးမြို့နယ်၊ လည်ကူးမြို့နယ်နှင့် ရေနီမြို့နယ်တို့တွင် ကြံခိုင်ရေးပါတီနှင့် ပါတီကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ် များထံက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာထားသည်။

လက်ရှိတွင် မဲတံဆိပ်တုံးအတု ဖမ်းမိထားမှုများအား သက်ဆိုင်ရာမြို့နယ်ရဲစခန်းများ၌ (လိမ်လည်မှု) ရာဇသတ် ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် အသီးသီးအမှုဖွင့်ထားပြီး တရားစွဲတင်ကာ စစ်ဆေးလျှက်ရှိကြောင်း ကော်မရှင် အဖွဲ့ခွဲများထံက သိရသည်။

ရေတာရှည်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ထွန်းက “တရားစွဲထားပြီးပြီ၊ စစ်ဆေးတာကတော့ ကျနော်တို့ကို စစ်ပြီးပြီး၊ သူတို့ကို စစ်ဖို့ကျန်တာပေါ့၊ အမိန့် ဘယ်တော့လောက် ချမလဲတော့ မပြောတတ်သေးဘူး”ဟု ပြောသည်။

တံဆိပ်တုံးအတုဖြင့် မဲပေးမှုများဖြစ်ပွားခဲ့ရာ၌ မဲပေးပြီးသူ အရေအတွက်နည်းသည့် ဖြစ်ရပ်တွင် အသစ်ပြန်လည်၍ တံဆိပ်တုံးအစစ်ဖြင့် မဲပေးစေခဲ့သော်လည်း တံဆိပ်တုံးအတုဖြင့် မဲပေးပြီးသည့် အရေအတွက် မခန့်မှန်းနိုင် တော့သည့် အခြေအနေဖြစ်လာချိန်တွင် ပြည်သူများ စိုးရိမ်ပူပန်မှုမဖြစ်စေရေး ခိုင်လုံမဲအဖြစ်သာ သတ်မှတ်မည် ဖြစ်ကြောင်း UEC က ကြေညာခဲ့ရသည်။

ယင်းသို့ မဲတံဆိပ်တုံးအတုများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး ကြိုတင်ကြံစည်မှု ဟုတ်မဟုတ်အား စစ်ဆေးဖော် ထုတ်ရန် လိုအပ်သည့် အခြေအနေနှင့် ပတ်သက်၍လည်း UEC အဖွဲ့ ဦးမြင့်နိုင်က “မောင်စာဂ” ကလောင်အမည် ဖြင့် “တံဆိပ်တုံး အတု ပြဿနာအဖြေရှာ” ဆောင်းပါးတပုဒ်အား ဒီဇင်ဘာ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါဆောင်းပါးတွင် “တံဆိပ်တုံးအတုများကို တနေရာတည်းမဟုတ် နေရာဒေသအနှံ့အပြားတွင် ပေါ်ပေါက် တွေ့ရှိခဲ့ခြင်းသည် တမင်ကြိုတင်ကြံရွယ်၍ လုပ်ဆောင်ခဲ့လေသလား စဉ်းစားတွေးတောဖွယ်ဖြစ်ရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဤတံဆိပ်တုံးအတု ပြဿနာရပ်အပေါ် အဖြေရှာရပါတော့မယ်” ဟု ရေး သားဖော်ပြထားသည်။

အခြားတဖက်တွင်လည်း ရွေးကောက်ပွဲကာလအတွင်း ကိုယ်စားမဲပေးမှုများ၊ မဲနှစ်ကြိမ်ပေးမှုများ၊ မဲစလစ်ကဒ်များ ထုတ်ပေးမှု၊ အသက်မပြည့်ဘဲ မဲပေးမှုများစသည့် ပြဿနာများအား လူသက်သေ၊ ပစ္စည်းသက်သေများဖြင့် ပျော်ဘွယ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက သ တင်းစာရှင်းလင်းပွဲတွင် ဖော်ထုတ်တင်ပြခဲ့သည်။

ဦးသောင်းအေး၏ တင်ပြမှုနှင့် ပတ်သက်ပြီး “အခု ပျော်ဘွယ်တခုတည်းတင်ကို ပြသွားတဲ့ ဗီဒီယိုဖိုင်တွေ၊ ဒီလိုဖိုင် တွေလိုမျိုးကိုလည်းပဲ မီဒီယာများက ပြသမယ်ဆိုလို့ရှိရင် ပိုပြီးတော့ မျှတမှုအပိုင်းရော၊ ပြည်သူလူထုအပိုင်းမှာ ဘယ်သူကမှန်တယ်၊ ဘယ်သူကမှားတယ်ဆိုတာ ပိုပြီးတော့ သိသာထင်ရှားလိမ့်မယ်” ဟုလည်း ဦးသိန်းထွန်းဦးက ပြောသည်။

ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သံသယဖြစ်ဖွယ်အခြေအနေများ၊ မဲစာရင်း များစသည့် UEC စီမံခန့်ခွဲများနှင့် ပတ်သက်၍လည်း ဝေဖန်ပြောကြားခဲ့ကြပြီး ရွေးကောက်ပွဲ သမိုင်းအမည်းစက် ဖြစ်မှားစိုးသည့်အတွက် ဖော်ထုတ်တင်ပြနေခြင်းသာဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ဒေါက်တာ နန္ဒာလှမြင့်က “ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ ဒီရွေးကောက်ပွဲ မတရားမှုတွေ၊ မရိုးမသားလုပ်တဲ့ ကိစ္စ ကြီးဟာ သိသာထင်ရှားစွာ ပေါ်လွင်နေပါလျှက်နဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေက ဘာမှမပြောဘဲ ငြိမ်ခံရမယ်ဆိုရင် သမိုင်းမှာ ကျနော်တို့ပါ တရားခံဖြစ်မယ်။ သမိုင်းမှာ ကျနော်တို့ပါ ပူးတွဲပြီးတရားခံအဖြစ်မခံနိုင်ဘူး။ ဒါကြောင့် မလို အချက်အလက်နဲ့ ရှင်းလင်းတင်ပြနေတာဖြစ်ပါတယ်”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့်လည်း ရွေးကောက်ပွဲကာလအတွင်း ဖော်ထုတ်တွေ့ရှိထားသည့် မသမာမှုများနှင့် ပတ်သက်ပြီး ရဲစခန်းများတွင် အမှုဖွင့်ထားမှု ၁၇၁ မှု၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားစာပေးပို့မှု ၁၁၂၈ စောင် ရှိကြောင်းသိရပြီး UEC ထံသို့လည်း ရွေးကောက်ပွဲကန့်ကွက်လွှာအမှု ၅၀ ကျော် တင်သွင်းရန်ရှိ ကြောင်း ဦးသိန်းထွန်းဦးက ပြောခဲ့သည်။

UEC ၏ လတ်တလော ထုတ်ပြန်ထားချက်များအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအ တာ ယှဉ်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြည်ထောင်စုအဆင့်လွှတ်တော် ၃၃ နေရာနှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော် ၃၈ နေရာသာအနိုင်ရရှိခဲ့ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား ရှုံးနိမ့်ခဲ့သည်။

You may also like these stories:

ရွေး‌ကောက်ပွဲ အချက်အလက်ကူးခွင့် UEC နှင့် တပ်မတော်ကြား အငြင်းပွားနေ

ပြည်ခိုင်ဖြိုးကို မဲအတင်းပေးခိုင်းကြောင်း ပြောသူ တပ်မတော်အရာရှိ သမီး ထောင်ချခံရ

ဗိုလ်ချုပ်ဟောင်းများ၏ DNP ပါတီ ပါတီမှတ်ပုံတင်ဥပဒေ မလိုက်နာဟု UEC ကြေညာ

Did you find apk for android? You can find new Free Android Games and apps.
Loading