ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုနှင့် ချင်းပြည် နယ်တောင်ပိုင်း ပလက်ဝမြို့နယ် တို့တွင် အပိတ်ခံထားရသည့် 4G အင်တာနက်လိုင်းများအား လက်ရှိတွင် ဒေသတည်ငြိမ်လာသည့်အတွက် တပ်မတော်ဘက်မှ အကြောင်း ကြားလာလျင် ပြန်လည်ဖွင့်ပေးမည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်က စတင်ပြီး တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြား တိုက်ပွဲများကြောင့် အစိုးရက လုံခြုံရေး အကြောင်းပြ ချက်ဖြင့် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်တို့နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။
ယင်းသို့ အင်တာနက် ပိတ်ထားမှုကြောင့် ဒေသခံ ပြည်သူ ၁ သန်းကျော်တို့မှာ အင်တာနက် အသုံးပြုခွင့် ဆုံးရှုံးခဲ့ရပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ် အပါအဝင် ၅ မြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့သော်လည်း၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် အင်တာနက်ကို ထပ်မံ ယာယီ ဖြတ်တောက်ခဲ့ပြန်သည်။
သို့သော် ၂၀၂၀ မေလ ၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို အင်တာနက် သုံးစွဲခွင့် ပြန်လည် ဖွင့် ပေးခဲ့သည်။ ၂၀၂၀ သြဂုတ် ၁ ရက်နေ့ကစတင် ပြီးလက်ရှိတွင် ရခိုင်မြောက်ပိုင်းရ မြို့နယ်နှင့် ချင်း၊ ပလက်ဝဒေသတို့တွင် 2G အဆင့်သာရှိသည့် အင်တာနက် ပြန်ဖွင့်ပေးထားခြင်းဖြစ်သည်။
အဆိုပါ ဒေသတို့တွင် အင်တာနက်ဖွင့်ပေးခြင်းကြောင့် နိုင်ငံလုံခြုံမှု၊ တည်ငြိမ်မှုများကို မထိခိုက်တော့တာကြောင့် တပ်မတော်နှင့် ပြည်ထဲရေးတို့ဘက်မှ ဆက်သွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားလျင် 4G အင်တာနက် ဖွင့်ပေးနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဦးစီးဌာန အရာရှိက ဧရာဝတီသို့ပြောသည်။
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက “လက်ရှိမှာတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း တပ်မတော်လည်းပါမယ်။ ပြည်ထဲရေးလည်းပါမယ်။ အားလုံးက လက်ရှိ ဖြစ်ပေါ်တိုးတက်လာတဲ့ တည်ငြိမ်မှု အခြေအနေကို ပြန်လှန်သုံးသပ်ပြီးတော့ ဒါတော့ မဖြစ်တော့ဘူး။ ပြန်လည်ပေးသင့်ပြီ။ အင်တာနက်ရရှိ ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ လုံခြုံမှု၊ နိုင်ငံတော်တည်ငြိမ်မှုကို မထိခိုက်တော့ဘူးလို့ သုံးသပ်ပြီး ကျနော်တို့ဆီ အကြောင်းကြားလာရင် ပြန်ဖွင့်ပေးနိုင်မယ်” ဟု ဆိုသည်။
လက်ရှိ 2G အင်တာနက်လိုင်းများ ဖွင့်ထားမှုမှာ ယခုလကုန် အထိသတ်မှတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဆက်လက်ပြီး ဦးမျိုးဆွေက “လောလောဆယ် အခြေအနေက ဒီဇင်ဘာလကုန်ထိကို နည်းနည်း သူတို့ဘက်က လုပ်ထားတာရှိတယ်။ အဲဒီမှာ တခါ ဒီလမကုန်ခင်လည်း သူတို့က ပြန်လည်သုံးသပ်ပြီးတော့ ကျနော်တို့ ဆီကို ပြောလာရင် ဆောင်ရွက်ပေးပါမယ်” ဟု ရှင်းပြသည်။
ရခိုင်နှင့် ချင်းတွင် လက်ရှိတိုက်ပွဲရပ်နေခြင်း၊ တပ်မတော်နှင့် AA တို့ တွေ့ဆုံးဆွေးနွေးမှုတို့ ရှိသည့်အတွက် ဒေသခံများ လိုလားနေသော အင်တာနက် အပြည့်အဝ သုံးခွင့်ရရှိရန် ပြန်လည်ဖွင့်ပေးမည့် အစီစဉ်များနှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် “အဲဒီကိစ္စကို မသိသေးဘူး။ မပြောနိုင်သေးဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်က နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မိုဘိုင်း အင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ AA အဖွဲ့က လက်လုပ်မိုင်းနှင့် အဝေးထိန်း မြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသား လူမျိုးများကြား အမုန်းတရားများ လှုံ့ဆော်ခြင်းတို့ရှိနေသဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ် တားဆီးနိုင်ရန် အတွက် အင်တာနက်ကို ယာယီ ဖြတ်တောက်ရခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
လတ်တလော ရခိုင်နှင့် ချင်းတွင် တပ်မတော်နှင့် AA တို့ ပစ်ခတ်မှုများ ရပ်ထားခြင်း ဒေသ တည်ငြိမ်လာနေခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီသိရှိနိုင်ရေးအတွက် အင်တာနက်လိုင်းများကို အပြည့်အဝ အသုံးပြုခွင့် ရရှိရန် ဒေသခံများက လိုလားနေကြသည်။
စစ်ဘေးရှောင်အရေးကို အကူအညီပေးနေသည့် ရခိုင်အခြေစိုက် သံဃကမ်းလက်ရက္ခိတ အဖွဲ့ ဥက္ကဋ္ဌ ကို အမ်းသားကြီးက “အရင်က တိုက်ပွဲဖြစ်လို့ နယ်မြေဒေသ အခြေအနေအရ အင်တာနက် ပိတ်တာ လို့ပြောတယ်။ အခုတော့ တိုက်ပွဲမရှိတော့တာ ၁ လကျော် လောက်ရှိလာပြီ၊ ဒေသတွေလည်း တည်ငြိမ်လာပြီ။ တပ်နဲ့ AA တို့ဘက်ကလည်း ငြိမ်းချမ်းရေးအတွက် အလားအလာ ကောင်းနေတယ်လေ။ ဒါကြောင့် အစိုးရ အနေနဲ့ 4G အင်တာနက် ပြန်ဖွင့်ပေးသင့်ပြီ” ဟု ပြောသည်။
အဆိုပါ ဒေသများတွင် အင်တာနက် ဖွင့်ပါက 2G အဆင့်သာရရှိသည့်အတွက် လိုင်းတက်လိုက် ကျလိုက် ဖြစ်နေခြင်း၊ ကွန်နက်ရှင် နှေးကွေးနေခြင်း၊ တချို့နေရာများတွင်မူ ဖွင့်၍ လုံးဝ မရခြင်း စသည်တို့ကြောင့် Post တင်လို့မဖြစ်နေကြသည်။
ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင် “ဒီဘက်မှာ 2G အင်တာနက် အဆင့်နဲ့ ဓာတ်ပုံတပုံကို မြင်ရဖို့အတွက် တရက်လုံး လိုင်းဖွင့်ထားပြီးတော့ နေ့လည်က ပို့လိုက်တဲ့ ပုံကို ည နံနက် ၃ နာရီလောက်မှာမှ မြင်ရတယ်။ သူများ အကြည့်နည်းတဲ့ အချိန်လောက်မှ မြင်ရတာ။ Post တင်လို့မရဘူး။ ဓာတ်ပုံတင်လို့လည်း လုံးဝမရဘူး။ စာတိုတကြောင်းလောက် တင်လိုက်ရင် အနည်းဆုံး ၃ နာရီလောက်ကြာမှ တက်တယ်” ဟု ပြောသည်။
ရခိုင်စစ်ပွဲနှင့် ပတ်သက်ပြီး အစိုးရမှ အင်တာနက်ဖြတ်တောက်ထားမှုအပေါ်တွင် ရခိုင်ပြည်နယ်ရှိ၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်နှင့် ရန်ကုန်တို့ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသား၊ လူငယ်တို့က ဆန္ဒဖော်ထုတ်မှုများလည်း ရှိသည်။
You may also like these stories:
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပြီလား
စစ်တွေတွင် လူ့အခွင့်ရေးနေ့ ကမ်ပိန်း လှုပ်ရှားသူ ၃ ဦး ဖမ်းဆီးခံရ
မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာတယ်