အခြေခံ ပညာကဏ္ဍရှိ ဆရာ၊ ဆရာမများ၏ ရာထူးတိုး နစ်နာမှုများကို ဖြေရှင်းပေးရန် ပညာရေးဝန်ကြီးဌာနအား တောင်းဆိုသည့် ဆရာ/ ဆရာမများ၏ လှုပ်ရှားမှုများ အရှိန်မြင့်တက်လာနေသည်ကို တွေ့ရသည်။
မျှတသည့် ရာထူးခန့်ထားရေး ဆောင်ရွက်ပေးရန် အွန်လိုင်းမှ တဆင့် ဆန္ဒဖော်ထုတ်သည့် လှုပ်ရှားမှု တရပ်ကို ယမန် နေ့က အခြေခံပညာ အလယ်တန်းပြ ဆရာ၊ ဆရာမ ၅၄ ဦးထက် မနည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တောင်းဆိုချက် ဆိုင်း ဘုတ်များ ကိုင်ကာ ဆရာ၊ ဆရာမများက Facebook လူမှုကွန်ရက်တွင် ဓာတ်ပုံများ တင်၍ တောင်းဆိုနေခြင်းဖြစ်သည်။
တောင်းဆိုမှုမှာ စနစ်ဟောင်းအရ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် တာဝန် ထမ်းဆောင်နေ သည့် အလယ်တန်း ပြ (၂) ရာထူး ပေးထားသူများကို အလယ်တန်းပြ၊ ဒု အလယ်တန်းပြ ရာထူးတိုးပေးရန် ဖြစ်သည်။
ဒီဇင်ဘာလဆန်းပိုင်းက အခြေခံပညာ ဦးစီးဌာနမှ သက်ဆိုင်ရာ မူလတန်း၊ အလယ်တန်း စသည့် နယ်ပယ်အလိုက် သင်ကြားရေး တာဝန်ယူထားသည့် ဆရာ၊ ဆရာမများကို ၎င်းတို့ တာဝန်ယူရသည့် နယ်ပယ်အလိုက် ရာထူးတိုး စနစ်သစ်အရ ရာထူးပြောင်းလဲရယူရန် စာရင်း ကောက်ယူမှု ပြုလုပ်ရာမှ ယခုကဲ့သို့ မကျေနပ်မှုများ ဖြစ်လာခြင်းဖြစ်သည်။
အလယ်တန်း အဆင့်တွင် သင်ကြားပါက ဒုတိယ အလယ်တန်းပြများ အဖြစ်လည်းကောင်း၊ မူလတန်းအဆင့်တွင် သင် ကြားပါက ဒုတိယမူလတန်းပြများ အဖြစ်လည်းကောင်း ရာထူးပြောင်းရန်နှင့် မူလတန်းအဆင့်သင်ကျောင်းများရှိ အလယ် တန်းပြ (မူတာဝန်) အလယ်တန်းပြ (၂) များအား ဒုတိယ မူလတန်းပြများအဖြစ် ရာထူးပြောင်းရန် ဖြစ်သည်။
ထို့အတွက် အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ မကျေနပ်မှုများ တိုးပွားလာပြီး အွန်လိုင်း လှုပ်ရှားမှုပေါက်ပေါက်လာခြင်း ဖြစ်သည်။
“ကျမတို့က အလယ်တန်းပြ ဖြစ်ပြီးသား။ လက်မှတ်ရပြီးသူတွေပါ။ စနစ်သစ်ကျတော့မှ မူလတန်းပြကို ထပ်ပြီး ဖြတ်ကျော် ပြီးမှ အလယ်တန်းပြကို ပြန်လျှောက်ရမယ်ဆိုတော့ အခုက ရာထူးလျှော့သလိုဖြစ်နေပြီ။ အလယ်တန်းပြ တာဝန်နဲ့ပဲ အလယ်တန်း ပြပဲ ဖြစ်စေချင်ပါတယ်။ မဆိုင်တဲ့ မူလတန်းကို ပို့ပြီး ဒု မူပြဆိုတော့ မူလတန်းပြထက် တဆင့် နိမ့်ပါတယ်” ဟု အွန်လိုင်းမှ တဆင့် ဆန္ဒဖော်ထုတ်မှု ဆောင်ရွက်နေသည့် မင်္ဂလာဒုံမြို့နယ်မှ အလယ်တန်းပြဆရာမ ဒေါ်ဇင်မာဝင်း ကပြောသည်။
ထို့အတူ မူလတန်း ကျောင်းအုပ်ရာထူး လျှောက်ထားပြီးကာမှ ရာထူးတိုး လျှောက်လွှာများ ပယ်ဖျက်ခံလိုက်ရသည့် မူလ တန်းပြ ဆရာ၊ ဆရာမများကလည်း ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) နံနက် ၇ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာနရုံးရှေ့၌ ရာထူးတိုးစနစ်သစ် ဆန့်ကျင်သည် လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့သည်။
အခြေခံပညာ ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့် ဓာတ်ပုံကပ်ထားသည့် စာခြောက်ရုပ်ကို ဝန်ကြီး ဌာန ရုံးရှေ့ မြေကွက်လပ်တွင် စိုက်ထူထားခြင်းဖြစ်ပြီး စာခြောက်ရုပ်၏ လည်ပင်းတွင်လည်း စာများရေးထားသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသေးသည်။
“မူအုပ်တိုးပြောင်း နစ်နာသူများအရေး ဖြေရှင်းပေး၊ အလယ်တန်းပြ(၂)များအား လွပ်လပ်စွာ ရွေးချယ်ခွင့်ရရှိရေး ၊ အာဏာ ရှင်ဆန်သော ရဲလင်းမြင့် အလိုမရှိ ၊ ပညာရေး အာဏာရှင် ကင်းစင်နယ်မြေ တည်ဆောက်ကြ” စသည့် အကြောင်းအရာ များ ရေးသားထားသည်။
မူလတန်းကျောင်းအုပ် ရာထူးလျှောက်ထားမှု ပယ်ဖျက်ခံလိုက်ရသည့် မူလတန်းပြ ဆရာ ဦးဂင်ရှိန်က “ဦးရဲလင်းမြင့် ဟာ လုပ်ပေးနိုင်ရဲ့သားနဲ့ လုပ်မပေးတာတွေ အများကြီးရှိတယ်။ ရာထူးအတိုးအပြောင်း ကိစ္စတွေကိုလည်း သူ့လက်မှတ်နဲ့ ထုတ်တယ်။ သူ့အပေါ်မှာ မူတည်တယ်။ သူက ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် သူက တာဝန်မယူဘူး။ ဆရာ၊ ဆရာမတွေကို ဖိနှိပ်တဲ့ စာခြောက်ရုပ်ဖြစ်နေတယ်။ ဒါကြောင့် သူ့ပုံစံ အရုပ်ထားပြီး တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောဆိုသည်။
ဦးဂင်ရှိန် အပါအဝင် အခြေခံပညာ ဆရာ၊ ဆရာမ ၉၃ ဦးက ၎င်းတို့၏ ရာထူးတိုး ကိစ္စဆိုင်ရာ နစ်နာချက်များ ဖြေရှင်းပေး ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သို့ ဒီဇင်ဘာလ ၁ ရက်တွင် အသနားခံစာ ပေးပို့ခဲ့သော် လည်း တစုံတရာ တုံ့ပြန်ဆောင်ရွက်မှုမရှိသဖြင့် တောင်းဆိုမှုများ ဆက်လက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။
“ထူးခြားမှု မရှိရင် ကိုဗစ်ကာလ စည်းကမ်းချက်တွေနဲ့ အညီ ဆန္ဒပြမယ်။ နေပြည်တော်မှာ ဆရာ၊ ဆရာမ တွေစုပြီး ဆန္ဒပြဖို့ လုပ်ဆောင်သွားမယ်” ဟု ဦးဂင်ရှိန်က ဆက်လက်ပြော ဆိုသည်။
အခြေခံပညာတွင် ရာထူးတိုးကိစ္စနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများအတွက် နစ်နာမှုများရှိနေသည့်အပေါ် ဖြေရှင်းပေးရန် အစီအစဉ် ရှိမရှိ သိရှိနိုင်ရန် အခြေခံပညာဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူများထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း အဆက်အသွယ် မရခဲ့ပေ။
ပညာရေးဝန်ကြီး အပါအဝင် အခြေခံပညာဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူများနှင့် ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ အွန် လိုင်းမှတဆင့်၂ ဖက်တွေ့ဆုံကာ ဆရာ၊ ဆရာမများ၏ နစ်နာချက်များနှင့် ပတ်သက်၍ ယနေ့ဆွေးနွေးနေကြကြောင်း အခြေခံပညာ ဦးစီးဌာနမှ ဝန်ထမ်းအချို့က ပြောဆိုသည်။
You may also like these stories:
ရာထူးတိုးနစ်နာမှုဖြေရှင်းပေးရန် ဆရာ၊ ဆရာမ ၉၃ ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံထံ စာပို့
အခြေခံပညာဝန်ထမ်းများ ရာထူးတိုး စနစ်သစ် ဘာကြောင့် ဝေဖန်ခံနေရသလဲ