သတင်း

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရေး ကတိကဝတ်များ ဒေါ်အောင်ဆန်းစုကြည် ကြေညာ

Want create site? Find Free WordPress Themes and plugins.

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှု လျော့ချရေးအပါအဝင် ရာသီဥတု ပြောင်းလဲရေးအတွက် မြန်မာနိုင်ငံအစိုးရ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်မည့် ကတိကဝတ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ရာသီဥတုနှင့် ပတ်သက်သည့် ကတိကဝတ်ဆိုင်ရာ ညီလာခံတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံဟာ စက်မှုလုပ်ငန်းနဲ့ ပတ်သက်လို့နည်းပေမယ့်လည်း ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ခုခံနိုင်စွမ်းမရှိဆုံး နိုင်ငံတခု ဖြစ်ပါတယ်၊ ဒီနေ့မှာ လက်ရှိအခွင့်အရေးတွေကို ဆုပ်ကိုင်ပြီး တာဝန်ခံ ဆောင်ရွက်မယ့် နယ်ပယ်သုံးခုနဲ့ ပတ်သက်လို့ အာမခံချက်ပေးချင်ပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ တက်ရောက်ကြသည့် Climate Ambition Summit တွင် နိုင်ငံတေ်ာ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် (Nationally Determined Contribution – NDC) ကို ယခုနှစ်မကုန်မီ တင်သွင်းသွားရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။

အဆိုပါ လုပ်ငန်းအစီအစဉ်အရ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှု အချိုးကို ၃၉ ရာခိုင်နှုန်း တိုးမြှင့်ခြင်းနှင့် သစ်တောကဏ္ဍမှ ကာဗွန် အသားတင် ထုတ်လွှတ်မှုကို ၂၅ ရာခိုင်နှုန်း လျှော့ချခြင်းတို့မှ တဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှု ပမာဏ တန်ချိန်ပေါင်း ၂၄၃ သန်း လျှော့ချရန် မျှော်မှန်းကြောင်း သိရသည်။

ထို့ပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နှင့် ပတ်သက်၍ စွမ်းအင်ကဏ္ဍတွင် တန်ချိန်ပေါင်း ၁၀၅ ဒသမ ၂ သန်းနှင့် သစ်တောကဏ္ဍတွင် တန်ချိန်ပေါင်း ၁၂၃ ဒသမ ၆ သန်း အသီးသီး လျှော့ချသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းစီမံချက် (National Adaptation Plan) ကို ၂၀၂၄ ခုနှစ်တွင် အပြီးရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက “အခုချထားတဲ့ Target တွေက လုပ်နိုင်တာတွေကိုပဲ ရွေးပြီး ပြောထားတာပါ။ ဒါကြောင့် Target မပြည့်မီမှာတော့ စိုးရိမ်စရာ မရှိဘူးလို့ ထင်တယ်။ ဒီထက်မကတောင် ထားသင့်သေးတာပေါ့။ သို့သော် ဒီလောက်လေးပဲ ထားတယ်ဆိုတာကတော့ လွန်လွန်ကြူးကြူး ကတိကဝတ်တွေ ကျွံသွားမှာ စိုးတဲ့ အတွက် မပေးတာလို့ မြင်တယ်” ဟု ပြောသည်။

၎င်းကဆက်၍ “အရင်တုန်းကတော့ အစိုးရ ဘက်ဂျက်ချပေးရင် လုပ်လိုက်မယ်ဆိုပြီး အဖြစ်လေးပဲ လုပ်နေတာပေါ့။ အခုကတော့ သေချာကို လျာထားချက် ချပြီးတော့မှ အကျိုးရှိအောင် လုပ်ရမှာ ဖြစ်တဲ့အတွက် ဒါကနိုင်ငံတော်က တွန်းအားပေးလိုက်တာပေါ့။ အခုကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောတော့ နိုင်ငံရေး စည်းနှောင်းမှု ဖြစ်သွားတာပေါ့။ ကောင်းတာပေါ့” ဟု သုံးသပ်သည်။

စွမ်းအင်ကို အကျိုးရှိ၊ ထိရောက်စွာ သုံးစွဲရေးနှင့်ပတ်သက်၍ ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထာကာ လူနေအိမ်ယာများတွင် ၇ ဒသမ ၈ ရာခိုင်နှုန်း ၊ စက်မှု ကဏ္ဍတွင် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ကုန်သွယ် စီးပွားရေးကဏ္ဍတွင် ၄ ရာခိုင်နှုန်း နှင့် အခြားကဏ္ဍများတွင် ၁ ဒသမ ၃၆ ရာခိုင်နှုန်း တိုးမြှင့်ဖော်ဆောင်သွားရန် ရည်မှန်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ကာဗွန်စုပ်ယူမှု နှင့်စပ်လျဉ်း၍ စုစုပေါင်း နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် တိုးမြှင့်သတ်မှတ်ရေး၊ မြေဧရိယာဟက်တာ ၀ ဒသမ ၅၉ သန်းရှိ ကြိုးဝိုင်း သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်သွား ရေးနှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင်မြေများ၏ မြေဧရိယာဟက်တာ ၀ ဒသမ ၂၅ သန်းတွင် သစ်ပင်များ စိုက်ပျိုးသွားရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကတိကဝတ်ပြုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် သစ်တောစိုက်ပျိုးတည်ထောင်မှုပိုင်းတွင် ကိန်းဂဏန်းအရ အား ကောင်းနေသော်လည်း ထိန်းသိမ်းမှု အပိုင်းတွင် အားနည်းနေကြောင်း သစ်တောဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးတင်အေး က ပြောသည်။

ဦးတင်အေး က “စိုက်တဲ့ အပိုင်းမှာ ကိန်းဂဏန်းတွေ များနေတယ်။ စိုက်တဲ့အပိုင်းမှာ ဧရိယာတွေများနေတယ်။ ရှိနေပြီးသားတောလေးတွေ၊ တည်ထောင်ထားပြီးသား သက်ကြီးစိုက်ခင်းတွေကို ထိန်းသိမ်းတဲ့ အပိုင်းကျတော့ အားနည်းနေတယ်” ဟု ဆိုသည်။

၎င်းကဆက်၍ “ဟိုတုန်းနဲ့ မတူဘဲ အပင်အရေ အတွက်များများ ဧရိယာ ဧက ခပ်များများမှာ အပင်တွေ စိုက်နေတယ်ဆိုတာကတော့ အမှန်ပဲ။ သစ်တောကြိုးဝိုင်းကို ထိန်းသိမ်းနေတယ်ဆိုတဲ့ အပိုင်းမှာကျတော့ လက်ရှိ NLD အစိုးရရဲ့ ၅ နှစ်ပြီးတော့မယ့် ကာလမှာ သစ်တောတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ အပိုင်းကတော့ လုံလောက်တဲ့ အစီအမံနဲ့ ပြီးပြည့်စုံအောင် ထိန်းသိမ်းကာကွယ်နိုင်တဲ့ သဘောမရှိဘူး” ဟု ပြောသည်။

၂၀၂၁-၂၀၃၀ ကာလ အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၅ ဒသမ ၉၉ သန်းနီးပါး လျှော့ချ နိုင်ရေး အတွက် ထင်းသုံးစွဲမှုလျော့နည်းသည့် စွမ်းအားမြှင့်မီးဖို ၅ ဒသမ ၁ သန်းကိုလည်း ဖြန့်ဖြူး သွားရန် စီစဉ်ထားရှိကြောင်း ကိုလည်း ညီလာခံတွင် ထည့်သွင်းပြောကြားခဲ့သည်။

You may also like these stories:

နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်

သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း

အမေရိကတိုက် အလယ်ပိုင်းမှာ အပူပိုင်းမုန်တိုင်း Eta ကြောင့် လူရာနဲ့ချီ သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading