တရုတ်လက်ဖက်ခြောက် အိတ်များဖြင့် ထုတ်ပိုးထားသည့် ICE မူးယစ်ဆေး ၂၁၁၈ ကီလို (တန်ဖိုး အမေရိကန်ဒေါ် လာ ၂၆.၂ သန်းခန့်) သယ်ဆောင်လာသည့် စက်လှေတစင်းအား နိုင်ငံအနောက်ဘက်၊ ပီနန်ကမ်းလွန်တွင် စံချိန်တင် ဖမ်းမိခဲ့ကြောင်း မလေးရှားရေကြောင်းလုံခြုံရေးဌာနမှ ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။
၎င်းမူးယစ်ဆေးဝါးများသည် ဩစတြေးလျှ၊ အရှေ့တောင်အာရှနှင့် တရုတ်အထိ ကျယ်ပြန့်သည့် ဒေါ်လာ ဘီလီယံချီတန်သည့် တရားမဝင်မူးယစ်ဆေး မှောင်ခိုမှု၏ တစိတ်တပိုင်းဖြစ်ပြီး ယခုကဲ့သို့ လက်ဖက်ခြောက်ထုပ်များဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေးများကိုလည်း ယခင်ကဖမ်းမိခဲ့ဖူးကြောင်း တာဝန်ရှိသူများက ပြောသည်။
မူးယစ်ဆေးများနှင့်အတူ ၂၆ နှစ်အရွယ် မလေးရှားနိုင်ငံသားတဦးကိုလည်း ဖမ်းမိထားပြီး ယင်းမူးယစ်ဆေးများ၏ ပင်ရင်းနှင့် ပို့ဆောင်မည့်နေရာတို့ကို စုံးစမ်းနေဆဲဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။
“နှစ်တန်ကျော်တယ်။ တော်တော်များတယ်။ အာရှ မူးယစ်ဂိုဏ်းတွေက ဒီလောက်ကို နောက်ထပ်အစားထိုး တင်ပို့ နိုင်တယ်။ ဒီဒေသအနေနဲ့ အခြေအနေကို လက်ဦးမှုရချင်ရင် အကြောင်းရင်းကို ဖြေရှင်းနိုင်တဲ့ အနာဂါတ်ကို မျှော်တွေးတဲ့ တေနင်္ဂဗျူဟာတွေ ချဖို့လိုတယ်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇတ်မှု ရုံးမှ အရှေ့တောင်အာရှဆိုင် ရာ ကိုယ်စားလှယ် ဂျရမီ ဒေါက်ကလပ်ကပြောခဲ့ကြောင်းလည်း The Straits Time သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း တရုတ်လက်ဖက်ခြောက်တံဆိပ်များဖြစ်သည့် GUAN YIN WANG ၊ Refined Chinese Tea စာတန်ပါ အိတ်များဖြင့် ထုပ်ပိုးထားပြီး မလေးရှားနိုင်ငံရေပြင်သို့ ရေကြောင်းမှတဆင့် ပို့ဆောင်မည့် ကျပ် ၇၉.၉၈ ဘီလီယံတန်ဖိုးရှိ ICE မူးယစ်ဆေး ၁ တန်ခန့်အား ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်၊ ဆယ်အိမ် တန်းကမ်းခြေတွင် ဖမ်းမိခဲ့သည်။
ယင်းကဲ့သို့ တရုတ်လက်ဖက်ခြောက်တံဆိပ်ဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေးများသည့် ရှမ်းပြည်နယ်၊ နမ့်စန် မြို့ နယ်အတွင်းက သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အလားတူ တရုတ်လက်ဖက်ခြောက်ထုပ်များဖြင့် ထုပ်ပိုးထားသည့် ICE မူးယစ်ဆေး ၁၃၈၀ ကီလိုကိုလည်း မြန်မာနိုင်ငံ၊ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ကျိန္တလီမြို့၊ မဒေါက်ချောင်းဝအနီး ကမ်းခြေတွင် ရပ်တန့်ထားသည့် စက်လှေတစင်းပေါ်မှ ဖမ်းမိခဲ့သေးသည်။
မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသ ရှမ်းပြည်နယ်အတွင်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များစွာ ထိန်းချုပ်လှုပ်ရှားလျှက်ရှိသည့်အပြင် ဘိန်းစိုက်ပျိုးမှုနှင့် ကျပ်ဘီလီယံရာချီတန်သည့် မူးယစ်ဆေးဝါးများ ထုတ်လုပ်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက တပ်မတော်အနေဖြင့် တပ်ဖွဲ့ဝင်အင်အား တထောင်ခန့်ရှိသည့် ကောင်းခါးပြည့်သူ့စစ်တပ်ဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်းကျေးရွာဝန်ကျင် တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးပြုလုပ်ခဲ့ရာ၌လည်း ကျပ်ဘီလီယံရာချီတန်ဖိုးရှိသည့် မူးယစ်ဆေး ဝါးနှင့် ဆက်စပ်ပစ္စည်းများဖမ်းမိခဲ့ပြီး ယင်းနောက်ပိုင်းတွင် ကောင်းခါးပြည်သူ့စစ်အဖွဲ့အား လက်နက်အပ်နှံစေ ကာ ဖျက်သိမ်းခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရလည်း ရှမ်းပြည်နယ်အတွင်းမှ ထုတ်လုပ်သည့် မူးယစ်ဆေးများအား နည်းလမ်း မျိုးစုံဖြင့် တရားမဝင်မှောင်ခိုမှုများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံအောက်ပိုင်း မြို့ကြီးများအား ဖြတ်သန်းသယ် ဆောင်ကာ ကမ်းခြေများကတဆင့် ရေကြောင်းမှ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား ရေပြင်တို့ထံ ပို့ဆောင်လေ့ရှိကြောင်း သိရသည်။

ယင်းသို့ ရေလမ်းကြောင်းမှ ပို့ဆောင်ရန် ကြိုးပမ်းမှုများကိုလည်း မြန်မာကမ်းခြေဒေသနှင့် တနင်္သာရီတိုင်း ရေပြင်တွင် တပ်မတော်(ရေ) နှင့် ရဲတပ်ဖွဲ့က ကြားဖျက်ဖမ်းမိမှု ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း ၁၀ ခန့်ရှိခဲ့ သော်လည်း လွတ်မြောက်မှုများလည်း ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်တဦးက သုံးသပ်ထားသည်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၄ ရက်နေ့အထိ တပ်မတော်မှ ဖမ်းမိမှုအနေဖြင့်လည်း ဘိန်းဖြူ ၉၂၁ ကီလိုကျော်၊ ဘိန်းစိမ်း ၁၆၇၄ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၁၀၆ ကီလို၊ စိတ်ကြွဆေးပြား သိန်းပေါင်း ၂၃၅၇ သိန်း၊ အိုက်စ် ၁၁၁၃၉ ကီလို၊ အခြားမူးယစ်ဆေး ၅၀၄၆၆ ကီလိုကျော်ဖမ်းမိခဲ့ပြီး တန်ဖိုးအား ဖြင့် ကျပ် ၈၃၇ ဘီလီယံခန့်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ဒေသတွင်း မူးယစ်ဆေးမှောင်ခိုဂိုဏ်းများအနေဖြင့် နိုင်ငံဖြတ်ကျော် ရောင်းဝယ်မှုများအား ပြုလုပ်လျှက်ရှိရာတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ထိုင်ဝမ်နိုင်ငံ အနောက်တောင်ဖက် ရေပိုင်နက်အတွင်း Yi Feng Man အမည်ရ သင်္ဘောတစင်းပေါ်မှ အမေရိကန်ဒေါ်လာ ၁၀၆ သန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၂၅ ကီလိုအား ဖမ်းမိခဲ့ ကြောင်း ထိုင်ဝမ်အစိုးရ ရှေ့နေများက ဒီဇင်ဘာ ၁၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ကြသည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ၎င်းဘိန်းဖြူများအား မြန်မာနိုင်ငံ တောင်တန်းဒေသများမှ ကျောပိုးအိတ် များဖြင့် ထည့်သွင်းကာ အစောင့်အရှောက်ဖြင့် ဗီယက်နမ်ဆိပ်ကမ်းတခုသို့ သယ်ဆောင်ခဲ့ဖွယ်ရှိပြီး Yi Feng Man သင်္ဘောပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်မှုကို တောင်တရုတ်ပင်လယ်အတွင်း ပြုလုပ်ခဲ့ကြောင်း Taiwan News သတင်းဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။
ဘိန်းဖြူများနှင့် ပတ်သက်ပြီး စုံစမ်းမှုများဆက်လက်ပြုလုပ်ခဲ့ပြီးနောက် ပါဝင်ပတ်သက်သူ ၅ ဦးအပြင် ကြားခံလူ အဖြစ်ဆောင်ရွက်နေသည့် Wen Shun-Lung နှင့် ဘိန်းဖြူသယ်ယူပို့ဆောင်ရေး စီစဉ်သူတဦးကိုလည်း ဖမ်းဆီးခဲ့ ကာ ဩဂုတ်လအတွင်း စုစုပေါင်း ၃၈၄.၅ ကီလိုနှင့် အမ်ဖီတာမင်း ၆၁၀ ကီလိုတို့အား စံချိန်တင် ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။
You may also like these stories:
ဝရမ်းထုတ်ထားသည့် မျိုးချစ်အဖွဲ့ဝင် မြတ်ဖုန်းမိုရ် ယနေ့လာအဖမ်းခံ
တင်းမရွာသား ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးသွားခေါ်ဆောင်မှု ရဲစခန်းသို့ တိုင်ကြား
ဦးဂါ ရွာသူကို အဓမ္မကျင့်ခဲ့သည့် တပ်မတော်သား ၃ ဦးအား ထောင် အနှစ်၂၀ စီချမှတ်