မြန်မာ့တပ်မတော်က ဂျော်ဒန်နိုင်ငံမှ ဝယ်ယူမည့် Airbus CASA C-295s ၂ စင်းသည် စစ်လက်နက်ပစ္စည်းများ တပ်ဆင် အသုံးပြုမည့် လေယာဉ် မဟုတ်ဘဲ စစ်ဘက်-အရပ်ဘက် ၂ ခု စလုံးအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ယာဉ်များ ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာ့ တပ်မတော်က သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များတွင် အသုံးပြုနေသည့် Y – 8 လေယာဉ်များသည် သက်တမ်း ကုန်ဆုံးခါ နီးလာသဖြင့် ပိုမို ခေတ်မီသည့် အမျိုးအစားများကို အသုံးပြုနိုင်ရန် ယခုလို စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက“အခုဝယ်ယူတဲ့ လေယာဉ်များသည် သယ်ယူပို့ဆောင်ရေး လေယာဉ်တွေချည်းပါပဲ။ နိုင်ငံ တနိုင် ငံ မှာတော့ တိုင်းပြည် ကာကွယ်ရေးအတွက် လိုအပ်တဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ လိုပါတယ်။ ဒီလေယာဉ်တွေကို တော့ လက်နက်လို့ ခေါ်လို့ မရပါဘူး။ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေပဲ ဖြစ်တယ်”ဟု ပြောသည်။
တပ်မတော်က ဂျော်ဒန်နိုင်ငံမှ ဒေါ်လာ ၃၈ ဒသမ ၆ သန်း တန်ဖိုးရှိ Airbus CASA C-295s လေယာဉ် ၂ စင်း ဝယ်ယူရန် စီစဉ်နေပြီး ယခင် Myanmar Airways International (MAI) လေကြောင်းလိုင်းက အသုံးပြုခဲ့သည့် Airbus A319-112 လေယာဉ်ကို ဇိမ်ခံလေယာဉ်အဖြစ် မွမ်းမံပြင်ဆင်ရန် အမေရိကန်ဒေါ်လာ ၄.၈ သန်း သုံးစွဲမည် ဖြစ်ကြောင်း Justice for Myanmar အဖွဲ့က ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြခဲ့သည်။
Justice for Myanmar ၏ ဖော်ပြချက်တွင် ယခု လေယာဉ်များတွင် လက်နက် တပ်ဆင်၍ ရပြီး လျှပ်စစ် သံလိုက် နည်း ပညာနှင့် ဆက်သွယ်ရေး စောင့်ကြပ်စုံစမ်းခြင်းများ ပြုလုပ်နိုင်ကြောင်း ဖော်ပြထားသည်။
“မြန်မာစစ်တပ်ဟာ တိုင်းရင်းသား လူမျိုးစုပြည်သူတွေအပေါ် အလွန်တရာ ထိခိုက်နစ်နာ နေစေပါတယ်။ စစ်လက်နက် အ သစ်တွေ ဝယ်ယူမှုက တိုင်းရင်းသား လူမျိုးစု ပြည်နယ်တွေမှာ ဆိုးရွားရက်စက်တဲ့ ပြည်တွင်းစစ်မီးကို ပိုမို တောက်လောင် စေပါတယ်။ ဂျော်ဒန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဆီ လက်နက်ရောင်းချခြင်းကို မဖြစ်မနေ ရပ်တန့်ရပါမယ်”လို့ ယင်းအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
တပ်မတော်ကို စောင့်ကြည့်လေ့လာသူ ဒေါက်တာ ခင်ဇော်ဝင်းက Airbus လေယာဉ် အမျိုးအစားသည် အရပ်သုံးများ ဖြစ်၍ စက်လက်နက် တပ်ဆင်အသုံးပြုလို့ရသည့် ပုံစံမျိုး မဟုတ်ပါက ကန့်ကွက်ရန် မလိုကြောင်း ပြောသည်။
“Air Bus က ခရီးသည်တင် လေယာဉ်တွေ ရောင်းတာ။ အခု ဂျော်ဒန်ကို ရောင်းလိုက်ပြီ။ ဂျော်ဒန်က မြန်မာကို ပြန်ရောင်း
တယ်။ တပ်မတော်က ဘာအတွက် သုံးမှာလဲ။ အဲဒီမှာ ဒုံးကျည်တွေ၊ စစ်သေနတ်တွေ တပ်လို့ ရရင်တော့ တမျိုးပေါ့။ ရိုးရိုး ခရီးသည် တင်ရုံဆိုရင်တော့ ငြင်းဖို့ ခက်တယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “အဲဒီ စက်ကိရိယာတွေကို လိုက်ပြောနေမယ့်အစား အဓိက တပ်မတော်ဆိုတဲ့ အဖွဲ့ အစည်းကို ဦးတည်ဖို့ လိုတယ်။ အရပ်သားတွေ ကလေးတွေ မိန်းမတွေ သေအောင်တော့ မလုပ်ပါနဲ့လို့ ပြောရမယ်။ ဒါမျိုးတွေကို လိုက်ပိတ် နေလို့လည်း သိပ်ပြီး အရာထင်မယ်လို့ မထင်ဘူး”ဟု ပြောသည်။
Justice for Myanmar ၏ ဖော်ပြချက်တွင် မြန်မာ့လေကြောင်းလိုင်းမှ လွှဲပြောင်း လက်ခံထားသည့် A – 319 လေယာဉ် အ တွက်ပါ Airbus က ဝန်ဆောင်မှု ပေးလာနိုင်ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပ သမဂ္ဂ၏ စက်လက်နက် ရောင်းဝယ်မှု တားမြစ်ချက်ကို ချိုးဖောက်ဖွယ် ရှိနေကြောင်း ပါရှိသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျူ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက စက်လက်နက် ပစ္စည်းများ ရောင်းချမှု ပိတ်ပင်ရာတွင် ပုံစံမျိုးစုံရှိပြီး လုံးဝ မရောင်းချရန် တားမြစ်ခြင်း၊ တစိတ်တပိုင်း ရောင်းချခွင့်ပြုခြင်းနှင့် ပိတ်ဆို့မှု မလုပ်ခင် စာချုပ်များကို ဆက်လက် ခွင့်ပြုခြင်းတို့ ရှိကြောင်း ပြောသည်။
“သူတို့အတွက်က ဒီလေယာဉ်လေး တစီး၊ ၂ စီးက ဘာမှ မဟုတ်ဘူး။ ဆိုလိုတာက ဥပဒေကို ချိုးဖောက်လို့ မတန်ဘူး။ သူ့ ရဲ့ ဆန်ရှင်အပေါ်မှာလည်း မူတည်တယ်။ တချို့က အသက်မသေစေနိုင်တဲ့ ပစ္စည်းတွေ ဝယ်လို့ ရတာမျိုး ရှိတယ်။ မြန်မာ ပြည်မှာ အမေရိကန် ဆန်ရှင်လုပ်တုန်းက Total (ရေနံကုမ္ပဏီ)ကို ချန်ခဲ့တယ်လေ”ဟု ၎င်းက ပြောသည်။
ထို့ပြင် အစိုးရထံမှ လွှဲပြောင်း ရယူပြီး တပ်မတော် အကြီးအကဲများအတွက် VIP လေယာဉ် ပြုလုပ်မည့် အစီအစဉ်ကိုလည်း
Justice for Myanmar က အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ပြည်သူ့ဘဏ္ဍာငွေများကို အကျိုးဖြစ်စေမည့် ကျန်းမာရေး၊ ပညာ ရေး စသည့် မရှိမဖြစ် ဝန်ဆောင်မှုများတွင် အသုံးပြုသင့်ကြောင်း ထောက်ပြသည်။
“တပ်က VIPပုဂ္ဂိုလ်တွေအတွက် သီးသန့် ဇိမ်ခံလေယာဉ်တွေအဖြစ် ဝယ်ယူပြောင်းလဲခြင်းက မြန်မာပြည်သူတွေအတွက် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျူရှုမှုတစ်ရပ်၊ ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးမှုတစ်ရပ်ဆိုတာ ပြသနေပါတယ်”လို့ ၎င်းတို့က ရေးသားထားသည်။
ယခုလို ပိုက်ဆံအကုန်ခံပြီး ဇိမ်ခံလေယာဉ် ဖြစ်အောင် ပြောင်းနေသည့် ဆိုသည့် အချက်ကို သိပ်မရှင်းသဖြင့် မဝေဖန်လို ကြောင်း တပ်မတော် လေ့လာစောင့်ကြည့်သူ ဒေါက်တာ ခင်ဇော်ဝင်းက ပြောသည်။
“၁၉၈၈ မတိုင်ခင်က ဖော်ကာလေယာဉ်တစင်းကို VIP လေယာဉ် လုပ်လိုက်တယ်။ ပြီးတော့ ဦးနေဝင်း စီးတာ။ မြစ်ကြီး နားကို သွားတယ်။ အခုခေတ် စစ်တပ်က ခေါင်းဆောင်တွေက ဒါမျိုး လုပ်ရဲလား။ ကိုယ်တော့ သိပ်မထင်ဘူး”ဟု ၎င်းက ပြောသည်။
ဒေါက်တာ မင်းဇော်ဦးကလည်း “Command and Control လုပ်တဲ့ လေယာဉ်နဲ့ ပါစင်ဂျာတင်တဲ့ လေယာဉ်နဲ့ကတော့ ကွာမှာပေါ့။ VIP Use ဆိုတာက အဲဒီ လေယာဉ်ပေါ်ကနေ အမိန့်ပေးစနစ်တွေ ရှိရမယ်။ ဆက်သွယ်ရေးစက်တွေ သူတို့ တပ်ရမယ်။ မြေပုံလိုဟာမျိုး လိုမယ်။ သုံးတဲ့အပေါ် မူတည်မှာပေါ့။ VIP လေယာဉ်ပျံ ထားတယ်ဆိုတာတော့ အထူး အဆန်းတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ရှိတာပဲ”ဟု ပြောသည်။
အစိုးရဘက်တွင် တပ်မတော်က စီစဉ်နေသလို VIP လေယာဉ်မျိုး မရှိသေးဘဲ သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ၎င်း တို့ ပြည်တွင်းခရီးသွားပါက MAI လေကြောင်းလိုင်းကိုပင် အများပြည်သူနှင့်အတူ Business Class မှ လိုက်ပါ စီးနင်းလေ့ ရှိသည်။ ပြည်ပခရီးစဉ်များတွင်မူ MAI လေကြောင်းလိုင်းမှ သီးသန့် လေယာဉ်များဖြင့် သွားရောက်လေ့ ရှိသည်။
ယခုအခါ အစိုးရက အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် တန်ဖိုးရှိ အီတလီနိုင်ငံထုတ် ရဟတ်ယာဉ်တစီးကို နိုင်ငံတော် အ ကြီးအကဲများ စီးရန်၊ သဘာဝဘေး အန္တရာယ်အရေးတို့တွင် ကူညီဆောင်ရွက်ရန် ဝယ်ယူထားရာ ပြီးခဲ့သည့် အောက်တို ဘာလက မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
တပ်မတော်သို့ MAI က လွှဲပြောင်းပေးခဲ့သည့် Airbus ကို မည်သည့်ဈေးဖြင့် လွှဲပြောင်းပေးသည်၊ မည်သို့ သဘောတူညီမှု ရရှိခဲ့သည်ဆိုသည်များကို သိရှိနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပါ။
တပ်မတော်က ဗိုလ်ချုပ်ဇော်မင်းထွန်းက အစိုးရထံမှ လွှဲပြောင်းရယူသည့် Airbus လေယာဉ်နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးဘဲ ဂျော်ဒန်မှ လေယာဉ်များအတွက်သာ အဓိကထား ပြောဆိုခဲ့သည်။
“ဒီလေယာဉ်တွေက စစ်ဘက်အတွက်တင် အသုံးပြုနိုင်တာ မဟုတ်ဘူး။ အရပ်ဘက်အတွက်လည်း အသုံးပြုနိုင်တယ်။ သ ဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက်လည်း အသုံးပြုနိုင်တယ်။ ဝယ်ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ Y – 8 လေယာဉ်တွေသည် သက်တမ်းကုန်ဆုံးခါနီး ဖြစ်တဲ့အတွက်ကြောင့် ပိုပြီး ခေတ်မီတဲ့ လေယာဉ်တွေ ဝယ်နိုင်အောင် ဆောင်ရွက်တာပဲ ဖြစ်တယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာ့လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်များတွင် အဓိက သုံးနေတာကတော့Y – 8 သည် တရုတ်နိုင်ငံထုတ် ဖြစ်ပြီး ATR – 72 များသည် ပြင်သစ်လေယာဉ်များ ဖြစ်သည်။
ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ခြင်း၊ ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပုံး၊ မဲလိတ်များကိုလည်း ယခု လေယာဉ်များနှင့် ပို့ဆောင်ပေးခဲ့ခြင်းဟု သိရသည်။
မြန်မာ့လေတပ်ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလက ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်မှာ အပျော်တမ်း တပ်တခု အဖြစ် စတင်ခဲ့တာ ဖြစ်ပြီး ၁၉၅၀ ခုနှစ်တွင် စဖိုင်းယား လေယာဉ်များ မြန်မာက စတင် ဝယ်ယူနိုင်ခဲ့သည်။
တပ်မတော်၏ ပထမဆုံး ရဟတ်ယာဉ်ကို ၁၉၅၅ ခုနှစ်တွင် အမေရိကန်လုပ် Bell – 47 G အမျိုးအစား ဖြစ်ပြီး ပထမဆုံး လေကြောင်း တိုက်ပွဲမှာ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြန်မာ့ လေပိုင်နက်ထဲတွင် တရုတ်ဖြူ ကျူးကျော် လေယာဉ်များနှင့် တိုက်ပွဲ ဖြစ်ကြောင်း သိရသည်။
တရုတ်ဖြူများကို လာရောက် ထောက်ပံ့ပေးသည့် B – 24 ဗုံးကျဲလေယာဉ်များနှင့် မြန်မာ လေတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲများအတွင်း ဗိုလ်ပီတာဆိုသူ အသက်ပေးခဲ့ရသည်။
ယင်းအချိန်အထိ တပ်မတော်တွင် ပန်ကာတပ် လေယဉ်များသာ ရှိခဲ့ပြီး ၁၉၆၂ ခုနှစ်၊ တော်လှန်ရေး ကောင်စီ အစိုးရ လက် ထက် ရောက်သည့်အခါ အမေရိကန်လုပ် အမောင်းသင် ဂျက်တိုက်လေယာဉ်များ ဝယ်နိုင်ခဲ့သဖြင့် ယင်းကာလတွင် မြန်မာ လေတပ်တွင် အရှေ့တောင်အာရှတွင် အင်အား အတောင့်တင်းဆုံး ဖြစ်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် လေယာဉ်သစ်များလည်း ထပ်မဝယ်နိုင်တော့သလို B – 23 ဂျက်တိုက်လေယာဉ်များမှာလည်း သက်တမ်းပြည့်သွားခဲ့ကြောင်း၊ P – 7 တို့ P – 9 စသည့် ပန်ကာတပ် တိုက်လေယာဉ်များသာ ထပ်ဝယ်နိုင်ခဲ့ပြီး တိုက် လေယာဉ်များပေါ်တွင် ဗုံးသီးများ၊ ဒုံးများ ရအောင် ချိတ်၍ ပစ်ရကြောင်း သိရသည်။
၁၉၉၀ ခုနှစ်သို့ ရောက်လာသည့်အခါ တရုတ်နိုင်ငံမှ F – 7 နှင့် G – 4 ဂျက်လေယာဉ်များ ဝယ်ယူနိုင်ခဲ့ပြီး ယခုအခါ လေတပ်တွင် MiG – 29 ၊ F – 130 စသည့် စတုတ္တမျိုးဆက် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များ ရှိလာကြောင်း သိရသည်။
“အခုချိန်မှာ မဟာဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်ပြီးတော့မှ နည်းဗျူဟာမြောက် လေတပ် အဖြစ် ရပ်တည်လျက် ရှိတယ်။ အဆင့်မီတဲ့ လေတပ်တခု ဖြစ်နေပြီ။ လေတပ်တခု ရှိဖို့ဆိုတာ တိုက်လေယာဉ်တွေ ဝယ်ထားရုံနဲ့ ခေတ်မီတဲ့ လေတပ်တခု မဖြစ်ပါဘူး”ဟု တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
You may also like these stories:
တပ်ချုပ် ဖြစ်လာနိုင်သူ စစ်သားကောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ကချင်စစ်ရှောင်များ အတွက် မိုင်းရှင်းပေးမည်ဟု တပ်ချုပ် ကတိပြု
စစ်ရှောင်တွေ နေရပ်ပြန်ရေးက ငြိမ်းချမ်းရေး အတွက် လှေကားထစ် တခုပါ