အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းနှင့် အပေါင်း အပါများကို ဝန်ရံခဲ့သူ ၃ ဦးအား အင်းစိန်မြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်စီ ကျခံစေရန် ယနေ့ အမိန့်ချလိုက်သည်။
အောင်လင်း၊ ဟိန်းဝေယံနှင့် မြတ်ဖုန်းမိုရ်နှင့် တင်ဌေးအောင်(ခ)အကြီးကောင် တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ၂ ရက်က ကြည်လင်းတို့အား ရုံးထုတ်ရာတွင် “မင်းတို့ ထမင်းဝအောင် စားထား” စာတန်းပါ အင်္ကျီဖြင့် မြောက်ပိုင်းခရိုင် တရားရုံး အတွင်း လာရောက် ဝန်းရံကြခဲ့သူများ ဖြစ်သည်။
အင်းစိန်မြို့မ ရဲစခန်းမှူး ဒုရဲမှူး တင်လတ်က “၃ ယောက်ကိုတော့ ထောင် ၁ နှစ်စီ ချလိုက်ပြီ။ အခုထောင်ကို ပို့လိုက်ပြီ။ တင်ဌေးအောင်ကတော့ အရင်ထဲက ဖမ်းမိပြီး ပြစ်ဒဏ် ကျခံနေရာကနေ လျှော့ရက်နဲ့ ပြန်လွတ်သွားပြီ” ဟု ပြောသည်။
၎င်းတို့အနေဖြင့် ကြည်လင်းအား ဝန်းရံခဲ့ပြီးနောက် အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သော်လည်း၂ နှစ်ကျော်ကြာ တရားခံပြေးအဖြစ် တိမ်းရှောင်နေခဲ့ကြသူများဖြစ်ပြီး မကြာမီကမှ သီးခြားစီ အဖမ်းခံခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့ကဲ့သို့ပင် လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းအား ထောက်ခံစကားများ ပြောကြားခဲ့သည့် ဦးဝီရသူ(ဦးဝိစိတ္တာ ဘိဝံသ) မှာလည်း၂၀၁၉ ခုနှစ် မေလအတွင်းက နိုင်ငံတော် အကြီးအကဲများအား ပုတ်ခတ်ဟောပြောသည် ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် တရားစွဲခံရပြီး တနှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရာမှ နိုဝင်ဘာ ၂ ရက်တွင် ပြန်လည် အဖမ်းခံခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းအား အင်းစိန် အကျဉ်းထောင်၌ ထိန်းသိမ်းထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးအခြေအနေများ ကြောင့် ပြီးခဲ့သည့် ရုံးချိန်းများတွင် ရုံးထုတ် စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ အွန်လိုင်း ဖုန်းခေါ်မှုဖြင့်သာ ရုံးချိန်းပေးလျက်ရှိသည်။
ယင်းသို့ နှစ်ချီ ထွက်ပြေး တိမ်းရှောင်နေသည့် အမျိုးသား လှုပ်ရှားဆောင်ရွက်သူဟု ခံယူထားသူများ လာရောက် အဖမ်းခံ ခဲ့ကြသော်လည်း လူသိများသူ တဦးဖြစ်သည့် ဦးလှဆွေ(ခ) ဘူးလက်လှဆွေမှာ တနှစ်ကျော်ကြာ ဆက်လက် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ယနေ့အထိ အမှုရင်ဆိုင်ခြင်း မရှိသေးပေ။
ဦးလှဆွေ အနေဖြင့် နိုင်ငံတော် အကြီးအကဲများအပေါ် ပုတ်ခတ် ပြောဆိုမှုကြောင့်၂၀၁၉ ခုနှစ် ဩဂုတ်လ ၇ ရက်က နိုင် ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲခံရပြီး အနောက်ပိုင်းခရိုင် တရားရုံးက ဖမ်းဝရမ်းထုတ်ထားသူ ဖြစ်သည်။
ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်ဖြင့် အနီးကပ် လုပ်ကြံသတ်ဖြတ်မှုဖြင့် ကြည်လင်းအား မြောက်ပိုင်းခရိုင် တရားရုံးက၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က သေဒဏ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်နှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ရာဇဝတ်အထွေထွေ အထူး အယူခံ ထပ်မံလျှောက်ထားမှုမှာလည်း ဒီဇင်ဘာ ၁ ရက်က ပယ်ချ ခံခဲ့ရသည်။
You may also like these stories:
ဝရမ်းထုတ်ထားသည့် မျိုးချစ်အဖွဲ့ဝင် မြတ်ဖုန်းမိုရ် ယနေ့လာအဖမ်းခံ
ဦးဝီရသူကို ရွေးကောက်ပွဲပြီးမှ ရုံးထုတ်စစ်ဆေးမည်
အမျိုးသားရေးလှုပ်ရှားသူ၏ အတွင်းရေးဖွင့်ချမှုကို စစ်ဆေးရန် သမ္မတရုံးညွှန်ကြား