တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချုပ်ဆိုသည့် စာချုပ်စာတမ်းများအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ EITI စံနှုန်းများနှင့်အညီ အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ချပြရမည် ဖြစ်ကြောင်း နိုင်ငံ တော် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။
တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (Myanmar Extractive Industries Transparency Initiative– MEITI) လုပ်ငန်းစဉ်အရ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (Contract Transparency) ကို အချိန်နှင့် တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း ယခုလအတွင်းက ထုတ်ပြန်သည့် သမ္မတရုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
EITI ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု Contract Transparency ရှိလာခြင်းဖြင့် နိုင် ငံသားများ အနေဖြင့် နိုင်ငံအတွင်းရှိ သတ္တုတူးဖော်ရေး စီမံကိန်းများအတွက် သဘောတူထားသည့် စည်းကမ်းချက်များကို နားလည်ရန်၊ စာချုပ် ချုပ်ဆိုရာတွင် ပါဝင်ထားသူများက စည်းကမ်းများကို လိုက်နာနေကြောင်း စစ်ဆေးရန်နှင့် လိုက်နာမှု မရှိခြင်းအတွက် မည်သူက တာဝန်ယူရမည်ကို မြင်သာလာမည် ဖြစ်သည်။
ထိုကဲ့သို့ စာချုပ်များကို ပွင့်လင်းစွာ ဖော်ပြခြင်းက အခြား မတူကွဲပြား ခြားနားသည့် စာချုပ်များနှင့် နှိုင်းယှဉ်နိုင်ခြင်းဖြင့် ပိုမို တန်းတူညီမျှသော အခွင့်အရေးများကိုဖန်တီးပေးနိုင်ပြီး ပိုမိုကောင်းမွန်သော အပေးအယူ ညှိနှိုင်းမှုများ ပြုလုပ်ရန်လည်း အစိုးရများက စွမ်းဆောင်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက “ဘယ်နိုင်ငံက ဘယ်သတ္တုဆို ဘယ်လို လုပ်တယ်၊ ရေနံ ဆို ဘယ်လို လုပ်တယ်၊ သစ်တောဆို ဘယ်လို လုပ်တယ် ဒီလိုမျိုး ပုံစံအမျိုးမျိုးရှိတဲ့ အခါကျတော့ နောက်ချုပ်မယ့် စာချုပ်တွေက ဒါကို တင်ပြရင် ဘာကြောင့် ဒီဘက်က ကောင်းတဲ့ Model ကို မလုပ်လဲဆိုတာ ပြန်မေးလို့ရတာပေါ့။ ဝှက်ဖဲတွေပေါ့။ မြှုပ်ထားတာတွေကို ဖော်ထုတ်ဖို့ အခွင့်အလမ်း ရသွားတာပေါ့” ဟု ပြောသည်။
“အဲဒီမှာပါတဲ့ အကျိုးအမြတ် ခွဲဝေမှုတွေ၊ ထုတ်ယူသွားတဲ့ နေရာမှာလည်း သူက ဘာသတ္တုပဲ ယူသွားတာလဲ ထုတ်ယူတဲ့ အမျိုးအစားတွေကို သိနိုင်မယ်။ ပမာဏကရော ဘယ်လောက်လဲ။ ဒါမျိုးတွေပေါ့။ ဒီအပေါ်မှာ မှန်ကန်တည့်မတ်မှုကို လုပ် နိုင်ဖို့အတွက် အများကြီး အခွင့်အလမ်း ရသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
သမ္မတရုံး ထုတ်ပြန်ချက်အရ အစိုးရနှင့် အစိုးရ မဟုတ်သော မည်သည့်အဖွဲ့အစည်းကမဆို ၎င်းတို့၏ မြန်မာနိုင်ငံတွင် တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် စာချုပ်၊ လိုင်စင်၊ သတ်မှတ်ချက်၊ သဘောတူညီ ချက်များအားလုံးကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ဖွင့်ဟ ဖော်ထုတ်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဖွင့်ဟဖော်ထုတ်ရာတွင် စီးပွားလုပ်ငန်းများ သတ်မှတ်ခြင်း၊ ဖွင့်ဟထုတ်ပြန်မည့် စာချုပ်စာတမ်း အမျိုးအစားများ နှင့် ကာလသတ်မှတ်ခြင်း၊ မှတ်တမ်းပြုစု ထိန်းသိမ်းခြင်း၊ စာချုပ်စာတမ်းများ စိစစ်ခြင်း၊ ထုတ်ပြန် ကြေညာခြင်း စသည့် လုပ်ငန်း အဆင့်ဆင့်ကို MEITI ရုံး၏ Website သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ Website များတွင် ထုတ်ပြန်ကြေညာရမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ EITI စံနှုန်းအရ ပွင့်လင်းမြင်သာစွာ စာချုပ်စာတမ်းများ ချပြရခြင်းကြောင့် နိုင်ငံတကာ ယုံကြည်မှုလည်း ပိုမိုရရှိ လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒု ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က ပြောဆိုသည်။
“ပွင့်လင်းမြင်သာမှု ရှိရမယ် ဆိုတာကို ကြိုဆိုတယ်။ ကျနော်လည်း လုပ်ငန်းရှင်ပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ချုပ်တဲ့ စာချုပ် ကို ဘယ်သူ့ကို ပြချင်မှာတုန်း။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ ပြည်သူလူထုကို ချပြတယ်၊ နိုင်ငံတကာသိအောင် ပွင့်ပွင့်လင်း လင်း လုပ်ပြတယ်ဆိုရင် နိုင်ငံတကာကလည်း ယုံကြည်မှု ရှိမှာလေ” ဟု ၎င်းက ဆိုသည်။
“ဒါသည် နိုင်ငံတကာ စံနှုန်းနဲ့ လုပ်တာ ဖြစ်တဲ့အတွက် လုပ်ရမယ်။ လုပ်လို့ရအောင်လည်း ကျနော်တို့က ဝိုင်းပြီးတွန်းအား ပေးထားတယ်။ ပြည်သူကို ချပြရမယ်၊ ပွင့်လင်းမြင်သာစွာ အားလုံးသိအောင် လုပ်ရမယ်ဆိုတာ လူတိုင်းသိသွားပြီ။ Confidential ကို ဘယ်လို လုပ်မလဲ။ Confidential ဆိုတာ မရှိအောင် လုပ်ကြမလား။ ကြိုတင်ပြင်ဆင်ပြီးတော့ Clause တွေကို ညှိလို့ရပြီပေါ့” ဟု ဦးဇော်ဘိုခန့်က ဆက်ပြောသည်။
အဂတိ လိုက်စားမှုများ အပါအဝင် ပြီးခဲ့သည့် ကာလများအတွင်း ချုပ်ဆိုထားခဲ့သည့် စာချုပ်များတွင် နိုင်ငံတော်နှင့် ပြည် သူက ဆုံးရှုံးခဲ့ရသည့် ကိစ္စများစွာ ရှိခဲ့ကြောင်း ဦးဝင်းမျိုးသူက ထောက်ပြသည်။
၎င်းက ဆက်လက်ပြီး “များသောအားဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့ရဲ့သတင်းအချက်အလက်တွေကို မထုတ် ပြန်ချင်ဘူးကိုး။ စာချုပ်ချုပ်တဲ့ ဝန်ကြီးဌာနတွေ ဌာနဆိုင်ရာ အကြီးအကဲတွေ သူတို့ အိတ်ထဲ ထည့်တဲ့ကိစ္စတွေ အများကြီး လုပ်တာလေ။ ကြည့်လိုက်ရင်တော့ နိုင်ငံဘက်က အသာစီး ရသလိုနဲ့ ဒါပေမယ့် တဖက်လှည့်နဲ့ ပေးလိုက်ရတာတွေ အများ ကြီး၊ ဆုံးရှုံးသွားတာတွေ တိုင်းပြည်မှာ အများကြီး ရှိတာကိုး” ဟု ဆိုသည်။
သဘာဝသယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) ဆိုသည် မှာ သဘာဝသယံဇာတ အရင်းအမြစ်များမှ ရရှိသော ဝင်ငွေများအား ပွင့်လင်းစွာဖြင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေ သည့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတခု ဖြစ်သည်။
You may also like these stories:
နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်
သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း