ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန် ဆုံး ကျင်းပနိုင်သည့် အခြေအနေ ရောက်ရှိစေရေး သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်း ကူ ညီ ဆောင်ရွက်ပေးကြရန် နိုင်ငံတော် သမ္မတက မေတ္တာရပ်ခံလိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်သော (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် ထိုသို့ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်၏ ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ လွတ်လပ်၍ တရားမျှတသည့် ရွေး ကောက်ပွဲ ကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေ ဒေသများအတွင်းက ပြည်သူအားလုံးအတွက်လည်း အထူးပင် စိတ်မကောင်း ဖြစ်ရကြောင်းလည်း ပါရှိသည်။
ရခိုင်အမျိုးသားပါတီ (ANP)မှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီအဖွဲ့ဝင် ဦးဖေသန်း က သမ္မတ ပေးပို့သည့် သဝဏ်လွှာ စာသားများမှာ လက်တွေ့ မဆန်လှကြောင်း ပြောဆိုသည်။
ဦးဖေသန်းက “သူ့သဝဏ်လွှာက အဖြစ်သဘောလောက် ထုတ်ပြီးတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အချိန်ကာလလည်း မပါ။ ဘယ်အဖွဲ့ကို တိုက်တွန်းတယ် ဆိုတာလည်း တိတိကျကျ ဖော်ပြထားခြင်းလည်း မရှိဘူး။ အဲဒါကြောင့် သမ္မတ သဝဏ်လွှာ စာအကြောင်းအရာတွေက ယေဘုယျ ဆန်ပြီး လက်တွေ့ မကျဘူးလို့ ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
အောက်ခြေ မြေပြင်တွင် လက်နက်ကိုင် နှစ်ဖွဲ့စလုံးက အေးအေးချမ်းချမ်းဖြင့် တိုက်ပွဲများ ရပ်စဲထားပြီ ဖြစ်သည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တိုက်တွန်းမည့်အစား ရွေးကောက်ပွဲ ကျင်းပရန် သမ္မတက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်ရိုက် သဘောထား မှတ်ချက်ပေးခြင်းအားဖြင့် ရွေးကောက်ပွဲ အမြန်ဆုံး ဖြစ်လာနိုင်ခြေ ရှိကြောင်း ဦး ဖေသန်းက သုံးသပ်သည်။
၎င်းက “အောက်ခြေ မြေပြင်မှာလည်း အေးချမ်းနေတယ်။ ကော်မရှင်ကလည်း ရွေးကောက်ပွဲ လုပ်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောထားပြီးသား။ အဲဒါကြောင့် အစိုးရ သဘောထားက သက်ဆိုင်ရာ အဖွဲ့အစည်းကို တိုက်တွန်းတယ်ဆိုတာထက် ကော် မရှင်ကို သဘောထား မှတ်ချက်ပေးလိုက်ရင် ကော်မရှင်က လုပ်မယ်လို့ ယူဆတယ်” ဟု ဆက်လက် ပြောကြားသည်။
နိုင်ငံတော်အစိုးရ အနေဖြင့် ဟန်ပြသက်သက် လုပ်သည်ဟု အထင်မခံရအောင်လည်း လက်တွေ့အနေဖြင့် ကော်မရှင်ကို သဘောထား မှတ်ချက်ပေးကာ ရခိုင်ပြည်နယ်အတွင်းမှ ကျန်နေခဲ့သော မြို့နယ် ၉ မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပပေး စေချင်ကြောင်းလည်း ရခိုင်အမျိုးသားပါတီမှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီ အဖွဲ့ဝင် ဦးဖေသန်းက ထောက်ပြသည်။
သို့သော် လက်ရှိ အောက်ခြေမြေပြင်တွင် အေးချမ်းနေပြီဟု ဆိုသော်လည်း တောင်ကုတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်လောင်း ၃ဦးအား ရက္ခိုင်စစ်တပ် (AA)မှ ဖမ်းဆီးထားခြင်းမှ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေ သည့် မိမိတို့ နိုင်ငံတွင် တိုင်းရင်းသား အားလုံး လိုလားချက်များကို ရွေးချယ်ခံ ကိုယ်စားလှယ်များမှ တဆင့် လွှတ်တော် အသီးသီးတွင် တင်ပြ တောင်းဆိုနိုင်ကြောင်းလည်း ဖော်ပြပါရှိသည်။
ယင်းပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးများတွင်လည်း တွေ့ဆုံဆွေးနွေးနိုင်သည့် နိုင်ငံရေး လမ်းကြောင်းများ ဖွင့်ထားပြီ ဖြစ်၍ တိုင်းရင်းသားများ အခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်း ဆိုခြင်းသည် ဒေသခံ ပြည်သူများအား အထိအခိုက် အနစ်နာဆုံး ဖြစ်စေသည်ကို သက်ဆိုင်သူများ အားလုံး သတိပြုသင့် ကြောင်း ရေးသား ဖော်ပြထားသည်။
အစိုးရ အနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်ပြည်သူများ အတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက် မှနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ငွေကျပ် ၃ ဒသမ ၇၃၉ ဘီလီယံ တန်ဖိုးရှိ စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့ပေးထားကြောင်း သဝဏ်လွှာတွင် ရေးသား ဖော်ပြထားသည်။
စစ်ရေး ပဋိပက္ခ ပြင်းထန်ခဲ့သော ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ် ၇ ခုတွင်လည်း ယာယီ ခိုလှုံနိုင်ရေးအတွက် စစ်ရှောင်စခန်း ၈ ခုအားလည်း ကျပ် ၂ ဒသမ ၀၃၇ ဘီလီယံ အကုန်ကျခံ ဆောက်လုပ်ပေးထားပြီး၊ ဖြစ်သလို အမ်းမြို့နယ်တွင်လည်း ယာယီစစ် ရှောင်စခန်း ၁ ခုကို ကျပ် ၂၃၃ ဒသမ ၄၅၀ သန်း အကုန်ကျခံကာ ဆောက်လုပ်လျက်ရှိကြောင်းလည်း ယင်းသဝဏ်လွှာတွင် ရေးသားထားသည်။
ရခိုင်စစ်မြေပြင်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ၃ နှစ် နီးပါး နှစ်ဖက် အသေအကြေ တိုက်ခိုက်ကြပြီး သဘော ထား တင်းမာခဲ့ကြသော်လည်း နိုဝင်ဘာလ ၁၃ ရက်က AA က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မြို့နယ်များကို ဒီဇင် ဘာလ မကုန်မီ ပြန်လည် ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်တို့ကို မေတ္တာရပ်ခံ တောင်းဆိုခဲ့ရာ တပ်မတော်ကလည်း ချက်ချင်း ကြိုဆိုလက်ခံကြောင်း နှစ်ဖက် အပြန်အလှန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ထိုနှစ်ဖက် ထုတ်ပြန်ချက်များမှာ စစ်ရေး အလွန်ပြင်းထန်သော ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာ ကာ အပြုသဘော ဆောင်လာသည့် အခြေအနေတရပ် ဖြစ်လာကြောင်းကြောင့် စောင့်ကြည့်လေ့လာသူများက သုံးသပ် ကြသည်။
ကျင်းပပြီးစီးခဲ့သော၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ လုံးဝကျင်း ပနိုင်ခြင်း မရှိသလို တချို့ မြို့နယ်များတွင်လည်း တစိတ်တဒေသလောက်သာ ကျင်းပနိုင်ခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ် မြို့နယ် ၉ မြို့နယ်နှင့် တခြားမြို့နယ်များက ကျေးရွာအုပ်စု တော်တော်များများ ရွေးကောက်ပွဲ မကျင်း ပနိုင်ခြင်းကလည်း မကြာမီ ပေါ်ပေါက် လာမည့် ပြည်နယ် လွှတ်တော်တွင် အားနည်းချက်များ ရှိသလို ပေါ်ပေါက်လာမည့် ပြည်နယ် အစိုးရ တရားဝင်မှု အပေါ်တွင်လည်း မေးခွန်းခံရမည့် အခြေအနေပင် ရှိနေသည်။
ယနေ့ ကျရောက်သည့် ၄၆နှစ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သည့် သဝဏ်လွှာတွင် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် လူမှုဘဝတိုး တက်ရေး လုပ်ငန်းများသာမက သဘာဝဘေးအန္တရာယ်များကိုလည်း အစိုးရနှင့် လက်တွဲကူညီကြောင်း၊ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင်ပြည်နယ်မှ နယ်မြေအချို့တွင် ဒီဇင်ဘာ ၃၁ရက် မတိုင်မီ ရွေးကောက်ပွဲ ကျင်းပပေးရန် AA အဖွဲ့ ၏ တောင်းဆိုမှုကိုလည်း တပ်မတော်က ကြိုဆိုကြောင်း ရေးသားထားသည်။
You may also like these stories:
ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်
သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်
ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း
ရွေးကောက်ပွဲ နီးကပ်လာချိန် တောင်ကုတ်မှ NLD အမတ်လောင်း ၃ ဦး ပြန်မလွတ်သေး