သတင်း

AA က ၄ လကျော်ကြာ ဖမ်းထားသည့် ဆလိုင်းအောင်စိုး ပြန်လွတ်လာ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိုင်စစ်တပ် (AA) က ၄ လကျော်ကြာ ဖမ်းဆီးထားသည့် ဆလိုင်း အောင်စိုး လွတ်လာပြီဟု သတင်းရရှိသည်။

ဆလိုင်းအောင်စိုးသည် ဇူလိုင်၂၉ ရက်ကတည်းက ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ပြီး AA ဘက်က ၎င်းတို့ မဖမ်းထားကြောင်း သတင်းမီဒီယာများကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် AA ဘက်မှ ပလက်ဝမြို့ပေါ်ရှိ ဆလိုင်းအောင်စိုး၏ မိသားစုကို ဆက်သွယ်လာပြီး ၎င်းတို့ မိသားစု ဝင်ကို လာခေါ်ရန် ပြောဆိုပြီးနောက် ဒီဇင်ဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဆလိုင်းအောင်စိုးသည် ပလက်ဝမြို့နယ်အတွင်းရှိ AA ၏ အချုပ်ခန်းတွင် ၄ လ ကျော်ကြာ ဖမ်းဆီးခံခဲ့ရသည်။

ပြန်လွတ်လာသူ ဆလိုင်းအောင်စိုးက “အစ ကျနော် လွတ်လာပေမယ့် ပြည့်ပြည့်ဝဝ မပျော်ရဲသေးဘူး။ ပလက်ဝရောက်မှ ပေါ့။ လမ်းမှာက ဘာမှ မပြောနိုင်ဘူးလေ။ အခု ကျနော် ပလက်ဝမြို့မှာ တကယ်ရောက်ပါပြီ။ အိပ်မက် မဟုတ်တော့ဘူး” ဟု ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေးလိုက်သော်လည်း တောလမ်းမှတဆင့် ထွက်လာရသဖြင့် ပလက်ဝမြို့ပေါ်သို့ ဒီဇင် ဘာ ၁၅ ရက်မှ ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

ဆလိုင်းအောင်စိုးက “သူတို့ ချုပ်ထားတဲ့ အချုပ်ခန်းထဲမှာပဲ ၄ လလုံးပါ။ ပထမ ၈ ရက်ကတော့ ခြောက်ပေါက် (ထိပ်တုံး) ထဲမှာ နေရတယ်။ ၈ ရက်ကနေ နောက်ကတော့ အချုပ်ခန်းထဲမှာ နေရတယ်။ ၄ လအထိပေါ့။ ကျနော့်ကို အဓိက ဖမ်း တာက သတင်းမီဒီယာမှာ လုပ်တယ်ဆိုပြီး တခု စွပ်စွဲထားတယ်။ နောက်တခုက မြန်မာ့ တပ်မတော်နဲ့ အဆက်သွယ် ရှိ တယ်ဆိုပြီး စွပ်စွဲထားတယ်။ အဲဒါ က လုံးဝ မဟုတ်ဘူး။ ကျနော်ကတော့ လုံးဝ ငြင်းဆန်တယ်” ဟု ဆိုသည်။

ဆလိုင်းအောင်စိုး၊ ဆလိုင်းဘင်ဂျမင်၊ ဆလိုင်း ခင်မောင်ထွန်းနှင့် ဆလိုင်းအောင်ထွန်းတို့ အပါအဝင် ချင်းအမျိုးသား ၁၀ ဦး သည် ဇူလိုင်၂၉ ရက်က ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ ပြန်လာရာလမ်းတွင် AA က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ထိုစဉ်က ဆလိုင်းအောင်စိုးက ရန်ကုန်သို့ ဆေးခန်းသွားပြပြီးအပြန် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှတဆင့် ပလက်ဝမြို့ သို့ ပြန်လာခြင်း ဖြစ်သည်။

ပလက်ဝမြို့နယ်၊ ငသရိုင် ကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များက စက်လှေဖြင့် ရောက်လာပြီး ဆလိုင်းအောင်စိုးအမည်ကို ခေါ်ကာ စုစုပေါင်း ၄ ဦးကို မျက်နှာကို ဖုံးအုပ်ပြီး ဖမ်းခေါ်သွားခြင်း ဖြစ်သည်။

၎င်းတို့ ၄ ဦး လမ်းတွင် ပျောက်ဆုံးနေသဖြင့် ချင်းအရပ်ဘက်အဖွဲ့အစည်းများက AA ဖမ်းဆီးထားသည်ဟု နောက်ဆုံး သတင်းရထားကြောင်း ထုတ်ပြန် ပြောဆိုသော်လည်း AA က ၎င်းတို့ မဖမ်းထားကြောင်း ငြင်းဆိုခဲ့သည်။

သြဂုတ် ၂၅ ရက်တွင် ဆလိုင်းအောင်စိုးမှလွဲ၍ ကျန် ၃ ဦး လွတ်လာရာ လွတ်လာသူများက ဆလိုင်းအောင်စိုးကို AA က မသင်္ကာ ဟုဆိုကာ ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရစဉ် ဆလိုင်းအောင်စိုးနှင့် ပတ်သက်၍ မေး မြန်းမှုများ ပြုလုပ်ကြောင်း လွတ်လာသူ ၃ ဦးက ပြောသော်လည်း AA က ၎င်းတို့ မဖမ်းထားကြောင်းသာ ငြင်းဆိုထား သည်။

ဆလိုင်းအောင်စိုးက ၎င်းကို အထောက်အထား အခိုင်အမာ မရှိဘဲ မသင်္ကာဟု ဆိုပြီး ၄ လ ကျော်ကြာ ဖမ်းထားခြင်းမှာ မဖြစ်သင့်သည့် လုပ်ရပ်ဖြစ်သဖြင့် လူတဦးကို ဖမ်းမည်ဆိုပါက သက်သေ မရှိဘဲ မဖမ်းရန်၊ ချင်းအမျိုးသားများကို မသင်္ကာမှု ဟူသည့် ခေါင်းစဉ်အောက်မှ အလွယ်တကူ ဖမ်းဆီးခြင်း မလုပ်ရန် AA ကို တောင်းဆိုလိုသည် ဟုလည်း ပြော သည်။

ဆလိုင်းအောင်စိုး ဖမ်းဆီးခံထားရစဉ်က ပြန်လွှတ်ပေးရန် ထုတ်ပြန်ချက်များ ထုတ်ကာ တောင်းဆိုနေသည့် ခူမီးချင်းမျိုး နွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုင်နန်းဝေက “ဒီနေ့က ရခိုင်ပြည်နယ် နေ့ ဖြစ်တယ်။ ကိုအောင်စိုးက ဒီနေ့မှာ ပြန်လွတ်လာတော့ မှတ်မှတ်ရရလည်း ဖြစ်သွားတာပေါ့။ သူပြန်လွတ်လာတာကို ကျမတို့ ဝမ်းသာတယ်” ဟု ပြောသည်။

သို့သော် AA အနေဖြင့် ဖမ်းဆီးစဉ်ကလည်း မဖမ်းကြောင်း တောက်လျှောက်ငြင်းနေခဲ့ပြီး ပြန်လွှတ်ပေးသည်အထိ ၎င်းတို့ ဖမ်းကြောင်း ဝန်မခံခြင်းက ချင်းလူမျိုးများ အပေါ် မလေးမစား လုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်မိုင်နန်းဝေက “ရက္ခိုင့်နိုင်ငံတော် ထူထောင်မယ် ဆိုတာကို ကျမက တိုင်းရင်းသားတယောက် အနေနဲ့ အားပေးတယ်။ သူတို့ အခွင့်အရေး၊ လုပ်ပိုင်ခွင့်ဖြစ်တယ်။ ကျမတို့ လက်ခံတယ်။ ဒါပေမယ့် ဒီလို လုပ်ဆောင်ရာမှာ ကိုယ်နဲ့ အတူ ယှဉ်တွဲ နေထိုင်နေတဲ့ တိုင်းရင်းသားအချင်းချင်းအပေါ် ဖမ်းဆီးတယ်၊ ဖမ်းတာတောင် ဝန်မခံဘဲ ငြင်းတာက ကျမတု့ိ လူမျိုးအပေါ် မှာ AAရဲ့ လုပ်ရပ်တွေက မလေးစားရာ ရောက်တယ်။ နောက်နောင် ဒီလို ဆက်လုပ်နေရင် လူမျိုးနှစ်ခုကြား ပဋိပက္ခဖန်တီး သလို ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

တပ်မတော်နှင့် AA တို့ကြား ပဋိပက္ခဖြစ်ပွားနေသည့်၂၀၁၈ ခုနှစ် နိုဝင်ဘာမှ ၂၀၂၀ အောက်တိုဘာအတွင်း ပလက်ဝ မြို့ နယ်တွင် နေအိမ်၌ ရှိနေစဉ် ဝင်ဖမ်းဆီးခံရခြင်း၊ လုပ်ငန်းခွင် သွားနေစဉ် ပျောက်ဆုံးခြင်းကြောင့် ပျောက်ဆုံးနေသည့် ချင်းအမျိုးသား ၂၀ ဦး ရှိသည်။

ပျောက်ဆုံးနေသူများထဲမှ အချို့မှာ AA က ဖမ်းဆီးသည်ဟု မျက်မြင်သက်သေ မိသားစုဝင်များက ပြောသော်လည်း AAက ၎င်းတို့ လက်ထဲတွင် တဦးမှ မရှိကြောင်း ငြင်းဆိုထားသည်။

AAကို သမ္မတနှင့် ပြည်ထဲရေးဝန်ကြီးဌာနက မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မတ် ၂၃ ရက်က ကြေညာ ထားပြီး တပ်မတော်က အမြစ်ပြတ် ချေမှုန်းမည်ဟု ပြောဆိုထားသော်လည်း နိုဝင်ဘာ ပထမပတ်တွင် နှစ်ဖက်တပ်များ တိုက်ခိုက်မှုကို ရပ်ဆိုင်းခဲ့သည်။

ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ၏ ကြားဝင် ညှိနှိုင်းမှုကြောင့် နှစ်ဖက် တိုက်ခိုက်များ ရပ်ဆိုင်းသည့် အပြင် တပ်မတော်နှင့် AA နှစ်ဖက် ထိပ်ပိုင်း အရာရှိများကြား အွန်လိုင်းမှ တကြိမ်၊ လူချင်း တကြိမ် တွေ့ဆုံကာ ညှိနှိုှုင်းမှု များ ပြုလုပ်နေသည်။ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန်လည်း ညှိနှိုင်းနေဆဲ ဖြစ်သည်။

You may also like these stories:

ပျောက်ဆုံးနေသော အရပ်သားများကို ဖမ်းဆီးထားခြင်းမရှိဟု AA ငြင်း

AA ဖမ်းဆီးသွားသည့် ချင်းလူငယ် ၄ ဦးအနက် ၃ ဦး ပြန်လွတ်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading