ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နယ်မြေအချို့နှင့် ပတ်သက်ပြီး ရက္ခိုင်စစ်တပ် (AA) အဖွဲ့၏ တောင်းဆိုချက်အပေါ် ကြိုဆိုပြီး လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဟု တပ်မတော်က ပြောဆိုလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ကျရောက်သည့် ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အတွက် ပေးပို့သော သဝဏ်လွှာထဲတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
ထိုအထဲတွင် “၂၀၂၀ ပြည်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ နယ်မြေတချို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ရွေးကောက်ပွဲ ကျင်းပပေးစေလိုသည့် ULA/AA အဖွဲ့ရဲ့ ကြေညာချက် အပေါ် မိမိတို့ တပ်မတော် အနေဖြင့် ကြိုဆိုကြောင်းနှင့် လိုအပ်သည့် ဆောင်ရွက်မှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်” ဟု ဖော်ပြပါရှိသည်။
ထို့အတူ သဘာဝက ပေးအပ်ထားသည့် အဖိုးတန် လက်ဆောင်များနှင့် ပြည့်နှက်နေသည့် ရခိုင်ပြည်နယ်ကို အကြောင်းတရားမျိုးစုံနှင့် ချည်းကပ်လာသည့် မတရားမှုတိုင်း အတွက် တပ်မတော် အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားကာ အကာအကွယ်ပေးသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေး ကိစ္စများအတွက် တပ်မတော်အနေဖြင့် တပ်မတော် အနေဖြင့် တဖက်တလမ်းမှ ကြိုးစားပုံဖော်နေသည်ဟုလည်း ဖော်ပြထားသည်။
အခက်အခဲများ ကြုံလာတိုင်း မလျှော့သော ဇွဲလုံံ့လများနှင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားခဲ့ကြသည့် ရခိုင်တိုင်းရင်းသားများ၏ အနိုင်မခံ၊ အရှုံးမပေးတတ်သည့် စိတ်ဓာတ်ကောင်းများကိုလည်း အသိအမှတ်ပြုကြောင်း တပ်ချုပ်က ထည့်သွင်းပြောဆိုထားသည်။
ထို့အတူ မလိုလားအပ်သည့် ဒေသစွဲ၊ လူမျိုးစွဲစိတ်များသည် တိုင်းပြည် တိုးတက်ရေး လမ်းကြောင်း အတွက် အဟန့် အတားများဖြစ်သည်ကို လေးလေးနက်နက် သတိမူကြရန် လိုအပ်ကြောင်းလည်း တိုက်တွန်းပြောဆိုထားသည်။
တပ်မတော်သည် ရက္ခိုင်စစ်တပ် (AA) နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာမှ ၂၀၂၀ ၊ အောက်တိုဘာအထိ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် တို့တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရာ နိုဝင်ဘာ ပထမပတ်တွင် ရပ်ဆိုင်း လိုက်ကြပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
တပ်မတော်က ၂ နှစ်ကျော်ကြာ တိုက်ခိုက်နေသည့် ကာလတလျှောက်လုံး AA ကို အမြစ်ပြတ် ချေမှုန်းမည်ဟု ကြွေးကြော် ထားရာမှ ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ ကြားဝင်ညှိပေးသဖြင့် သဘောထား ပျော့ပြောင်း လာကာ နှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
နှစ်ဖက်တိုက်ခိုက်မှုများ ရပ်ဆိုင်းနေမှုကို ရခိုင်အသိုင်းအဝိုင်းမှ ကြိုဆိုကြောင်း ပြောဆိုကြသော်လည်း တပ်မတော်ကို ချီးကျူးရန် အချိန်စောသေးသည်ဟု ပြောဆိုမှုများရှိသည်။
You may also like these stories:
ရခိုင်တွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး သမ္မတ မေတ္တာရပ်ခံ