ရန်ကုန်တွင် ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းလာသော်လည်း အခြားပြည်နယ်နှင့် တိုင်း ၇ ခုတွင် ရောဂါကူးစက်မှု တိုးလာသည်။
ရန်ကုန်သည် အောက်တိုဘာလ ၁၀ ရက်နေ့က နေ့စဉ် ကူးစက်မှုအသစ် ၁၉၀၀ ကျော်အထိ ရှိခဲ့သည်။
ယခုအခါ ရန်ကုန်တွင် နေ့စဉ်ကူးစက်မှု ၅၀၀ နှင့် ၇၀၀ အကြားရှိနေပြီး တနင်္ဂနွေနေ့တွင် ကူးစက်မှုပေါင်း ၇၆၉၉၂ ခုနှင့် သေဆုံးမှု ၂၀၇၄ ခုအထိ ရှိပြီဖြစ်သည်။
မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်းတိုင်းတို့နှင့် မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် နေ့စဉ် ကူးစက်မှု ၃၀၀ အထိ ရှိသည်။
ကူးစက်မှုသစ်အရေအတွက်အရ မန္တလေးသည် ရန်ကုန်ပြီးလျှင် အများဆုံးဖြစ်ပြီး နေ့စဉ်ကူးစက်မှုသစ် ၃၀၀ ကျော်အထိ ရှိသည်။
တနင်္လာနေ့အထိ မန္တလေးတွင် ကိုဗစ်-၁၉ ကူးစက်မှု ၉၆၀၂ ခုနှင့် သေဆုံးမှု ၁၁၀ အထိရှိသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိသူ ၆၇၀၀ ကျော်ကိုလည်း သီးခြားခွဲထားစောင့်ကြည့်ရေး ဌာန ၃၄၇ သို့ ပို့ဆောင်ထားသည်။
တိုင်းအစိုးရသည် ပိုမိုများပြားသောသူများကို သီးခြားခွဲထားနိုင်ရန် မန္တလေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်၏ အစိတ်အပိုင်းအချို့ကို သီးခြားခွဲထားစောင့်ကြည့်ရေးဌာနများအဖြစ်ပြောင်းလဲနေကြောင်း မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
မန္တလေးတိုင်း မြို့နယ် ၇ ခုတွင် နေထိုင်သူများကို ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ နေအိမ်တွင်းတွင်သာ နေထိုင်ရန် အမိန့်ထုတ်ထားသည်။
နေအိမ်တွင်းတွင် နေထိုင်ရန် အမိန့်ကို မလိုက်နာသောကြောင့် တဦးလျှင် ဒဏ်ငွေ ၅၀၀၀ ချမှတ်နေသည်မှာ တနင်္ဂနွေနေ့အထိ အရေးယူမှု ၁၁၀၀၀ ကျော်ပြီဖြစ်ကြောင်း ဦးစိုင်းပန်းဆိုင်က ပြောသည်။
နောက်ထပ်အဆိုးရွားဆုံး ကူးစက်ခံရသည်မှာ ပဲခူးတိုင်ဖြစ်ပြီး တနင်္လာနေ့အထိ ကူးစက်မှု ၆၅၀၆ ခုရှိပြီး ရခိုင်ပြည်နယ်တွင် ကူးစက်မှု ၄၀၃၃ ခု၊ ဧရာဝတီတိုင်းတွင် ကူးစက်မှု ၃၈၅၅ မှု၊ မကွေးတိုင်းတွင် ကူးစက်မှု ၂၀၉၅ မှု၊ မွန်ပြည်တွင် ကူးစက်မှု ၁၈၈၄ မှုနှင့် စစ်ကိုင်းတိုင်းတွင် ကူးစက်မှု ၁၃၂၉ ခုရှိသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဈေးနှုန်းချိုသာသော ကမ္ဘာ့ကာကွယ်ရေး အစီအစဉ် Covax အရ နိုင်ငံလူဦးရေ ၅၄.၄ သန်ဒ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဧပြီလတွင် ကာကွယ်ဆေး စတင်ထိုးနှံရန် မျှော်လင့်နေသည်။
မြန်မာနိုင်ငံသည် နေ့စဉ်ကူးစက်မှုသစ် ၁၄၀၀ ကျော်နှင့်သေဆုံးမှု ၂၅ မှုနီးပါး နေ့စဉ် ကြုံတွေ့နေရသည်။
အင်္ဂါနေ့နံနက်အထိ မြန်မာနိုင်ငံတွင် ကူးစက်မှု ၁၀၉၅၁၂ မှုရှိပြီး သေဆုံးမှု ၂၂၉၂ မှုရှိကာ ပြန်လည်ကောင်းမွန်လာသူ ၈၈၁၃၁ ဦးရှိပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပြီးလျှင် အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ ကူးစက်မှု အများဆုံး နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံသည် သြဂုတ်လ ၁၆ ရက်နေ့မှစတင်ပြီး ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းကို ရင်ဆိုင်နေရသည်။ ထိုစဉ်က တလအတွင်း ပြည်တွင်းကူးစက်မှုကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် စတင်တွေ့ရှိခဲ့သည်။ ယခုအခါ ပြည်နယ်နှင့်တိုင်း ၁၅ ခုမှ မြို့နယ်ပေါင်း ၂၀၀ ကျော်သို့ ကူးစက်မှုများ ပျံ့နှံ့နေပြီဖြစ်သည်။
(Zaw Zaw Htwe ၏ Myanmar’s COVID-19 Cases Rise Outside Yangon ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်
“ဘေးကင်းလုံခြုံတဲ့ အာနိသင်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထိုးပေးချင်ပါတယ်”
မြန်မာ့ ကိုဗစ်ကျရှုံးမှုက ထိုင်း အောင်ပွဲကို ခြိမ်းခြောက်နေ