ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအနက် ရောဂါလက္ခဏာနှင့် ရောဂါအခံမရှိသည့် လူနာများ အား နေအိမ်၌ သီးခြားထားရှိခြင်း (Home Isolation) ပြုလုပ်သွားနိုင်ရန် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာနများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တွေ့ဆုံဆွေးနွေးစဉ် ထိုကဲ့သို့ ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ကိုဗစ်ပိုးတွေ့ လူနာများအား ဆေးရုံ (သို့) ကုသရေးဌာနတွင် ရက်အတိုင်းအတာ တခုထားရှိပြီးနောက် ၎င်းတို့၏ ရောဂါ အခြေအနေ၊ အသက်အရွယ်၊ ရောဂါအခံ ရှိ/မရှိ၊ နေအိမ်အခြေအနေ၊ အတူနေ မိသားစုအရေအတွက် အနည်းအများ၊ သီးခြားအခန်းခွဲကာ နေထိုင်နိုင်မှု စသည့် အချက်များအပေါ် မူတည်၍ နေအိမ်၌ သီးခြားထားရှိရန်၊ ယင်းလူနာများအား Video call စနစ်ဖြင့် ပုံမှန်ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားရန် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ဒီနေရာမှာ အန္တရာယ် မရှိတော့ဘူး၊ စိတ်ချရတဲ့ အနေအထားမျိုးမှ အိမ်မှာပေးနေမှာ ဖြစ်ပါတယ်။ လူနာတိုင်းကို ပေးနေမှာ မဟုတ်ပါဘူး။ အသက်ရွယ် ကြီးတဲ့ သူ၊ နောက်ခံရောဂါရှိတဲ့သူ၊ အိမ်ကလည်း အများနဲ့ စုပေါင်းပြီး နေရတဲ့သူ၊ မိသားစုဝင်မှာ အသက်ကြီးတဲ့၊ နောက်ခံရောဂါရှိ တဲ့သူတွေ ရှိနေတယ်။ အခန်းကလည်း သီးခြား မဖြစ်နိုင်ဘူးဆိုရင် အဲဒီလိုလူတွေတော့ ပေးမနေပါဘူး။ ဒီလိုမျိုး သတ်မှတ် ချက်တွေနဲ့အညီလုပ်မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ဆေးရုံ၌ သာမန်နှင့် အသင့်တင့် ရောဂါလက္ခဏာရှိသည့် ကိုဗစ်လူနာများကို ၁၁ ရက်၊ ရောဂါလက္ခဏာ မရှိသူ များကို ၁၀ ရက်၊ ရောဂါပြင်းထန်သူများကို ရက် ၂၀ ထားကြောင်း၊ ယင်းလူနာများ စိတ်ချရသည့် အနေအထားတွင် ကျန် သည့် ရက်ပိုင်းမျှကို အိမ်မှာထားရန် စဉ်းစားခြင်းဖြစ်ကြောင်း၊ ဆေးရုံ၌ ဘယ်နှရက်ထားမည်၊ ကျန်ဘယ်နှရက်ကို အိမ်မှာ နေခိုင်းမည် စသည်ဖြင့် အသေးစိတ် ဆုံးဖြတ်ရဦးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဒေါက်တာခင်ခင်ကြီးက “ဒါဟာလည်း သက်ဆိုင်ရာ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူးရယ်၊ မြို့နယ် TMO (မြို့နယ် ဆရာဝန်) တွေရယ်၊ ပါမောက္ခ သမားတော်ကြီးတွေရယ် အကုန်လုံး ပေါင်းစပ်ပြီးမှ ဒါကို ရှေ့ပြေးတနေရာမှာ စမ်းသပ် ပြီးတော့ (Pilot) လုပ်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ အခုတော့ မလုပ်ရသေးပါဘူး။ မကြာခင် စမှာပါ” ဟု ဆိုသည်။
ယခု နည်းလမ်းကို စဉ်းစားလာရခြင်းသည် လူနာများ နေ့စဉ်ထောင်ကျော် ရှိနေခြင်း၊ ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကုသရေး အတွက် လာကူပေးနေသည့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကျန်းမာရေး ဝန်ထမ်း၊ ပုဂ္ဂလိက ဆရာဝန်များနှင့် စေတနာ့ ဝန် ထမ်းများသည် ရေရှည်၌ သက်ဆိုင်ရာ ဒေသများသို့ ပြန်ပြီး အားဖြည့်ရမည့် ကိစ္စများရှိနေခြင်း၊ အလှူနှင့် စေတနာ့ဝန်ထမ်း များ တဖြည်းဖြည်း နည်းလာခြင်း စသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း သိရသည်။
Home Isolation ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ လူနာနှင့် လူနာမိသားစုများ၏ စည်းကမ်းလိုက်နာမှု အခြေအနေအား စောင့်ကြပ်ကြည့်ရှုရန် သက်ဆိုင်ရာ မြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပြီး လူနာ၏ရောဂါ အခြေအနေအား စောင့်ကြပ်ကြည့်ရှုရန် မြို့နယ်ဆရာဝန်မှ ဆက်လက် တာဝန် ယူရမည်ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ယင်းနေ့ အစည်းအဝေးတွင် ကိုဗစ်လူနာ တချို့အား Home Isolation ပြုလုပ်နိုင်ရန်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်းဆွေးနွေးပြီး ကနဦးရှေ့ပြေးစမ်းသပ်မှု (pilot) ပုံစံဖြင့် စတင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကိုဗစ်ကူးစက်မှုများ ဆက်လက် များပြားနေပါက မနိုင်မနင်း ဖြစ်လာမည် ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းများ လိုက်နာမှု အားနည်းကာ ရောဂါဖြစ်ပွားမှုနှုန်း များလာပါက လိုအပ်မည့် စည်းကမ်းတချို့ကို ပြန် လည်၍ ထပ်မံ ချမှတ်သွားရမည် ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက သတိပေး ပြောဆိုသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီ သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၁၁၀,၆၆၇ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၈၉,၄၁၈ ဦးနှင့် သေဆုံးလူနာ ၂,၃၁၉ ဦး ရှိပြီဖြစ်ပြီး ပြည်နယ်နှင့် တိုင်းများအနက် ရန်ကုန်တိုင်းသည် ကိုဗစ်အတည်ပြုလူနာ ၇၅,၆၉၉ ဦး (ဒီဇင်ဘာ ၁၂ ရက်ထိ) သေဆုံး လူနာ ၂,၀၇၄ ဦးဖြင့် အများဆုံး ဖြစ်နေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁ သန်းလျှင် ကိုဗစ် ဖြစ် ပွားမှု ၁,၉၇၁ ဦး ရှိပြီး ကိုဗစ်လူနာ သေဆုံးမှုမှာ လူဦးရေ ၁ သန်းလျှင် ၄၁ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
မလိုက်နာတဲ့ လူတွေရှိသေးလို့ အမြစ် မပြတ်တာ
ရန်ကုန်ပြင်ပတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာ
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်