ရခိုင်ပြည်နယ်၌ ယခု ရက်ပိုင်းအတွင်း ခရီးသွားလာမှုများလာသည့်အတွက် ကိုဗစ် ကူးစက်မှုနှုန်း ထိန်းချုပ်ရန် အစိုးရက ခရီးသွားလာမှုကို ထပ်မံ ကန့်သတ်လိုက်သည်။
ကိုဗစ်ပိုး တွေ့ရှိမှုများ ဆက်တိုက်ရှိနေခြင်း၊ သေဆုံးသူဦးရေ တိုးလာခြင်း တို့ကြောင့် စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူတို့ အနေဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့် ဒေသများသို့ အလည်အပတ်၊ ဘုရားဖူး ခရီးသွားနေကြခြင်းမှ ကိုဗစ်ကူးစက်မှု ဖြစ်ပေါ်လာနိုင်သည့်အတွက် အဆိုပါ ဒေသများသို့ အရေးကြီး ကိစ္စမရှိဘဲ ခရီးမသွားကြရန်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုး ထောက်ခံစာဖြင့် သွားလာကြရန် တို့ကို စစ်တွေမြို့နယ် စီမံခန့်ခွဲမှု ကော်မတီက ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “ဒီစည်းကမ်းချက်တွေက အစက တည်းက ရှိပြီးသား။ ဒါပေမယ့် အခုက အုပ်ချုပ်ရေးပိုင်းတွေ နည်းနည်း လျော့လာတယ်။ ကိုဗစ်ကလည်း နည်းနည်းလျော့ ကျသွားတယ် ဆိုတော့ လူတွေကလည်း လိုက်နာမှု မရှိဖြစ်လာတယ်။ နောက်ထပ်တကြိမ် ရခိုင်မှာ ကိုဗစ် မတိုးလာစေဖို့ အတွက် ပြန်ပြီးတော့ စာထုတ်လိုက်ရတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်း အမျိုးသမီးတဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာမှ ကူးစက် နှုန်းမြန်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်တွေမြို့တွင် ပိုးတွေ့လူနာများလည်း နေ့စဉ် ကူးစက်မှု များပြားလာခဲ့ပြီး ထိုမှတဆင့် မြောက်ဦး၊ ကျောက်ဖြူ စသည့် ရခိုင်ပြည်နယ် မြို့နယ်များ အားလုံး၌ပါ ပိုးတွေ့လူနာ တနေ့လျှင် ၁ ထောင်ကျော်အထိ ဆက်တိုက် တိုးလာခဲ့သည့် အတွက် စိုးရိမ်ရသည့် အနေအထား ဖြစ်ခဲ့သည်။
အစိုးရအနေဖြင့် စစ်တွေမြို့မှ တခြားမြို့နယ်များကို ကူးစက်မှု မရှိစေရေးအတွက် ထိန်းချုပ်ရန် စစ်တွေမှ နေ့စဉ် ပြေးဆွဲ နေသော ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းခရီးစဉ်များကို ပိတ်ထားခဲ့ရသည်။
လူစုလူဝေး မဖြစ်စေရေးအတွက် စစ်တွေမြို့မဈေးကြီးကို နေရာပြောင်းလဲခြင်း၊ ဈေးရာင်းချခွင့်ကိုလည်း နံနက် ၆ နာရီမှ ၉ နာရီ အထိသာ ရောင်းချခွင့်ပြုခဲ့သည်။ ထို့ပြင် မလိုအပ်ဘဲ အပြင်သို့ မထွက်ကြရန် မြို့တွင်း လှည့်လည်ဆော်သြခြင်း၊ ပိုးတွေ့လူနာရှိသည့် ရပ်ကွက်များကို Lockdown ချခြင်းများ၊ မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက ရပ်ကွက် အုပ်ချုပ် ရေးမှူး ထောက်ခံအပြင် တခြား မြို့နယ်သို့ သွားမည်ဆိုပါက မြို့နယ် အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာလျှင် အပြင်သို့ ခရီးထွက်ခွင့် ပြုခဲ့သည်။
သို့သော်လည်း ကူးစက်နှုန်း ပြန်လည် ကျဆင်းလာသည့် ယခုအချိန်တွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်သော စည်းကမ်းများကို လိုက်နာမှု အားနည်းလာပြီး အပျော်ခရီးများ သွားလာနေကြသဖြင့် စိုးရိမ်ရ သည့် အနေအထား ရှိကြောင်းလည်း အစိုးရဘက်မှ ပြောဆိုထားသည်။
ဆက်လက်ပြီး ဦးဝင်းမြင့်က “ရခိုင်မှာ အခုက ကိုဗစ်ကို နည်းနည်း ထိန်းချုပ်နိုင်တဲ့ အနေအထားပဲ ရှိသေးတယ်။ ဘုရားဖူး ရင်လည်း စည်းကမ်းစည်းမျဉ်းနဲ့ အညီပေါ့။ ဘုရားရင်ပြင်၊ ဘုရားခန်းထဲကို ဝင်ရင် လူ ၃၀ လောက်ဝင်၊ Mask တပ်၊ သတ်မှတ် စည်းကမ်းအတိုင်း သွားလာဖို့ လိုအပ်လို့ လုပ်တာ။ အခုလို မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ သွားရမယ် ဆိုရင် အရင်တုန်းက အလွတ်သွားခဲ့တာထက်စာရင် နည်းနည်း အတားအဆီး ဖြစ်တာပေါ့ဗျာ” ဟု ဆိုသည်။

ထိုသို့ ဘုရားဖူးခရီးသည်တို့ များပြားလာရခြင်းမှာ ပြီးခဲ့သည့်၂ နှစ်အတွင်း ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင်စစ် တပ် (AA) တို့ တိုက်ပွဲကြောင့် နယ်မြေ လုံခြုံမှု မရှိသည့်အတွက် ခရီးမသွားနိုင်ခဲ့ခြင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာလဆန်း ပိုင်းမှ စတင်ပြီး နှစ်ဖက် တိုက်ပွဲများ ရပ်နေသည့်အတွက် ယခုလို ပွင့်လင်းရာသီတွင် ပြည်သူများ လွတ်လပ်စွာ သွားလာ ခွင့်ရနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာဆန်းမှ စတင်ပြီး လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားသို့ နေ့စဉ် ဘုရားဖူးခရီး သည် ထောင်နှင့်ချီလာရောက်မှုများ ရှိနေပြီး ယင်းအထဲတွင် အားလပ်ရက်များနှင့် အခါကြီးရက်တို့တွင် လူ ၃၀၀၀ မှ ၅၀၀၀ အထိ ရောက်ရှိကြောင်း ဘုရားဂေါပက အဖွဲ့က သိရသည်။
မဟာမုနိဘုရား ဂေါပက ဥက္ကဋ္ဌ ဦးညိုသာလှက “ဘုရားဖူးတွေ များလာတာကတော့ သေနတ်သံ မကြားရတော့တာရယ်၊ လမ်းခရီးမှာ စစ်ဆေးမှုတွေ မရှိတာတွေကြောင့်လည်း ဖြစ်တယ်။ နောက်ပြီးတော့ အနယ်နယ် အရပ်ရပ်က လူတွေက လည်း စစ်ပွဲတွေကြောင့် ခရီးမထွက်ရတာ၂ နှစ်ကျော်အထိ ရှိလာပြီဆိုတော့ အခုလို ပွင့်လင်းရာသီမှာ ခရီးလမ်း အဆင် ပြေတဲ့အတွက် လာရောက်ကြတာ။ အခါကြီးနဲ့ အားလပ်ရက်မှာဆိုရင် ဘုရားရင်ပြင်တခုလုံး အပြည့် တိုးနေရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ခရီးသည်များမှာ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား အပါအဝင် ကျောက်ဖြူ၊ သံတွဲ၊ တောင် ကုတ် မြို့နယ်တို့မှ ဖြစ်ပြီး နေ့စဉ် ဘုရားဖူးကားအများအပြား ရောက်ရှိကြောင်းလည်း ဦးညိုသာလှ ရှင်းပြသည်။
စစ်တွေမှ အခြားမြို့နယ်များသို့ ခရီးသည်ပြေးဆွဲနေသည့် ကားဆရာ ဦးအောင်ကြည်မိုးက “အရင်တုန်းက စစ်ပွဲတမျိုး ကိုဗစ်တမျိုးနဲ့ ရပ်တန့်နေရတဲ့ ကျနော်တို့ ကားသမားတွေကလည်း နိုဝင်ဘာလ စစ်ပွဲတွေ ရပ်တန့်နေတဲ့အတွက် နေ့တိုင်း ခရီးသည် အပြည့်နဲ့ ပြေးဆွဲရတယ်။ လမ်းခရီးမှာလည်း အရင်တုန်းက တပ်မတော် စစ်ဆေးရေး ဂိတ်တွေမှာလည်း ဘာမှ အစစ်အဆေး မရှိတော့ဘူး။ အဆင်ပြေလာတယ်” ဟု ဆိုသည်။
အလားတူ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တို့ များပြားတည်ရှိရာ မြောက်ဦးမြို့ရှိ ဘုရားပုထိုးတို့တွင်လည်း နေ့ စဉ် ဘုရားဖူး ခရီးသည်တို့နှင့် စည်ကားနေကြောင်း မြို့ခံများထံက သိရသည်။
မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက “အခု တိုက်ပွဲတွေ ရပ်လိုက် တာ၊ ပွင့်လင်းရာသီ ရောက်လာတာနဲ့ ကျမတို့ မြောက်ဦးကို အခုအချိန်မှာ ခရီးသွားတွေ အများကြီး ရောက်လာပါတယ်။ သူတို့တွေကတော့ နယ်ပေါင်းစုံက ပါတယ်။ အထူးသဖြင့် သျှစ်သောင်းဘုရားတို့ မာန်ငါးပါးတို့မှာ အများကြီးတွေ့ရတယ်” ဟု ပြောသည်။
စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ကျော့သာစိန်က “ခရီးသွားပြည်သူတွေ အနေနဲ့လည်း ကိုဗစ်စည်း ကမ်းချက်တွေကို လိုက်နာသင့်တယ်။ Mask တပ်တာ၊ လက်သန့်ဆေးရည် ဆောင်ပြီးတော့ သွားရမှာ။ ဒါကြောင့် ခရီး သွားရင်လည်း ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့ အတူ သွားလာသင့်တယ်” ဟု ဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်အထိ ရခိုင်ပြည်နယ် တပြည်နယ်လုံး ကူးစက်ခံရသူဦးရေ ၃၉၅၄ ဦး၊ သေဆုံးသူ ၃၄ ဦး၊ ရောဂါကင်း စင်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၇၁၇ ဦးနှင့် ဆက်လက် ဆေးကုသမှု ခံယူနေရသူ ၂၀၃ ဦး ရှိနေကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ထံက သိရသည်။
ပြည်သူများအား ကိုဗစ်စည်းကမ်းချက်များကို လိုက်နာကြရန်နှင့် မပေါ့ဆရန်လည်း ဒေါက်တာ စိုးဝင်ပိုင်က သတိပေးထား သည်။
You may also like these stories:
မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဧပြီလတွင် စ ထိုးနိုင်
ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသဖြင့် စစ်ကိုင်းတိုင်းတွင် ဒေသန္တရ အမိန့်ထုတ်
ရန်ကုန်ပြင်ပတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာ