သတင်း

ချောင်းသာမြေအငြင်းပွားမှု ရှင်းလင်းပွဲလုပ်သူများ သဘာဝဘေး ဥပဒေဖြင့် တရားစွဲ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ချောင်းသာကမ်းခြေမှ မြေယာအငြင်းပွားမှု ကိစ္စနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သူ ၄ ဦးကို ရဲတပ်ဖွဲ့က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ချောင်းသာကမ်းခြေမှ မြေဧက ၅၀ ကျော်နှင့် ပတ်သက်၍ အငြင်းပွားနေမှုကို ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင် သည့် ဧရာဝတီတိုင်းဒေသကြီး မြေစစ်ကော်မတီမှ ၃ လအတွင်း စိစစ်၍ လုပ်ငန်းရှင်ဘက်ကို အနိုင်ပေးခဲ့မှုအပေါ် မကျေနပ်သဖြင့် ချောင်းသာဒေသခံ မူလမြေပိုင်ရှင်တို့၏ မိသားစုဝင် ၄ ဦးက ပုသိမ်မြို့ အမှတ် ၆ နယ်မြေ၊ ဗိုလ်ဘဌေး လမ်းရှိ ရှစ်လေးလုံးအရေးတော်ပုံ အင်အားစု (ဧရာဝတီ) ရုံးခန်း၌ ဒီဇင်ဘာလ ၆ ရက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူများ နေအိမ်၌သာ နေထိုင်ကြရန် (Stay at home) အမိန့်ထုတ်ပြန်ထား သော ပုသိမ်မြို့တွင် ခွင့်ပြုချက် မရှိဘဲ လူစုလူဝေးပြုလုပ်သည် ဟုဆိုကာ ချောင်းသာဒေသခံ ကိုတေဇာအောင်ပါ ၄ ဦးကို ပုသိမ်မြို့ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် ထွန်းထွန်းဝင်းက တရားလိုပြုလုပ်၍ ဒီဇင်ဘာလ ၁၄ ရက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “သတင်းစာ ရှင်းလင်းပွဲလုပ်သူ ကိုတေဇာအောင်ပါ ၄ ဦးကို သဘာဝဘေး ဥပဒေ ပုဒ်မ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။ ပုသိမ်က Stay at Home အမိန့် ထုတ်ပြန်ထားတဲ့ နေရာပါ။ ဒါကို လူစုလူဝေး ပြုလုပ်တဲ့အတွက် အခုလို တရားစွဲဆိုခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သူ ချောင်းသာ ဒေသခံ ၄ ဦးမှာ ကိုတေဇာအောင်၊ ဒေါ်အေးအေးအောင်၊ ကိုအောင် နိုင်မျိုးနှင့် ဦးအောင်မြင့်ဝေတို့ ဖြစ်ပြီး ၎င်းးတို့အား တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ၂၅ မှာ ရဲတပ်ဖွဲ့မှ အာမခံပေးပိုင်ခွင့် မရှိသော ဥပဒေပုဒ်မ ဖြစ်ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်- ၁၉ ကာကွယ်ရေးစည်းကမ်းများအတိုင်း နှာခေါင်းစည်း၊ လက်အိတ်နှင့် လက်ဆေးရည်များအသုံးပြုကာ တဦးနှင့်တဦး ၆ ပေခွာ ကျင်းပခဲ့ကြောင်း၊ လူဦးရေမှာလည်း ချောင်းသာမြို့မှလာသူ ၉ ဦးနှင့် ပုသိမ်မြို့မှ သတင်းထောက် ၆ ဦး၊ စုစုပေါင်း ၁၅ ဦးသာ တက်ရောက်ခဲ့ကြောင်း တရားစွဲဆိုခံရသူများက ပြောသည်။

ရဲတပ်ဖွဲ့၏ တရားစွဲဆိုခံရသူ ချောင်းသာမြို့မှ ဒေသခံ ကိုတေဇာအောင်က “ကျနော်တို့ မြေယာတွေနဲ့ ပတ်သက်ပြီး မတရား တဖက်သတ် လုပ်ခံရလို့ သက်ဆိုင်ရာ ဌာနတွေနဲ့ နိုင်ငံတော်အဆင့် အကြီးအကဲတွေကို တင်ပြခဲ့ပါတယ်။ မထူးခြားလို့ သတင်းမီဒီယာကနေတဆင့် သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါ။ ဒီလို ပြုလုပ်ရာမှာလည်း ကိုဗစ် ကာ ကွယ်ရေး စည်းကမ်းများ အားလုံး လိုက်နာခဲ့ပါတယ်။ Stay at Home အမိန့်ထုတ်တဲ့ကာလမှာ တခြားသော လူစုလူ ဝေးတွေကျ တရားမစွဲဘဲ ကျနော်တို့ကျမှ တရားစွဲတာက လုံး၀ တရားမျှတမှု မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ပြော သည်။

ပုသိမ်မြို့မှာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြည်သူများ နေအိမ်၌သာ နေထိုင်ရန် (Stay at Home) အမိန့် ထုတ် ပြန်ခဲ့သည်။

အဆိုပါ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ပုသိမ်မြို့တွင် လူဦးရေ ၃၀ ကျော် ပါ လောင်းကစားဝိုင်းကြီးတခု ရဲတပ်ဖွဲ့က ဖမ်းမိ ချိန်၌ ကိုဗစ် ထိန်းချုပ်ရေး ဥပဒေများဖြင့် တရားမစွဲဘဲ လောင်းကစား ဥပဒေဖြင့်သာ တရားစွဲခဲ့ခြင်း၊
ရွေးကောက်ပွဲ အနိုင်ရသဖြင့် ပုသိမ်မြို့နယ် NLD ပါတီက နိုဝင်ဘာလ ၁၀ ရက်တွင် စတုဒီသာကျွေးခဲ့ရာ လူပေါင်း ရာ နှင့်ချီ၍ လူစုလူဝေးဖြစ်ခဲ့ခြင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့သော်လည်း အရေးယူမှု မရှိခဲ့ဘဲ လူဦးရေ ၁၅ ဦးသာ တက်ရောက်သော သတင်း စာ ရှင်းလင်းပွဲကို တရားစွဲဆိုသည့် လုပ်ရပ်အပေါ် ပုသိမ်မြို့ခံ အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ပြောဆိုကြသည်။

ရှစ်လေးလုံးအရေးတော်ပုံ အင်အားစု (ဧရာဝတီ) ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးမြင့်စိုးက “ဥပဒေအရ အရေးယူ မယ်ဆို အားလုံးကို တန်းတူ အရေးယူဖို့ လိုတယ်။ လူလေး ၁၅ ယောက်ပဲ တက်တဲ့ပွဲကျမှ အရေးယူတယ်ဆိုတာ၊ ဥပဒေအရ တန်းတူညီမျှမှု မရှိဘူး။ လုံး၀ မဖြစ်သင့်ဘူး။ ဒါကပြည်သူတွေရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ် ချုပ်ချယ်တာလို့ ပြောချင်တယ်” ဟု ပြောသည်။

You may also like these stories:

မြန်မာမှတင်ပို့သည်ဟု ယူဆရသည့် ICE မူးယစ်ဆေး ၂ တန်ကျော် မလေးရှားတွင်ဖမ်းမိ

ဝရမ်းထုတ်ထားသည့် မျိုးချစ်အဖွဲ့ဝင် မြတ်ဖုန်းမိုရ် ယနေ့လာအဖမ်းခံ

တင်းမရွာသား ၁၈ ဦးကို တပ်မတော်က ဖမ်းဆီးသွားခေါ်ဆောင်မှု ရဲစခန်းသို့ တိုင်ကြား

Did you find apk for android? You can find new Free Android Games and apps.
Loading