သတင်း

တရုတ်ကတရားမဝင် ဖရဲများ လာမစိုက်နိုင်၍ မြန်မာ့ဖရဲဈေးကောင်းရ

Want create site? Find Free WordPress Themes and plugins.

ကိုဗစ် ၁၉ ရောဂါကြောင့် ၂၀၂၀ ခုနှစ် နှစ်စပိုင်းက စ၍ တရုတ်-မြန်မာ ၂ နိုင်ငံအဝင်အထွက် ကန့်သတ် ထားသဖြင့် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်တွင် တရားမဝင် ဖရဲ လာမစိုက်နိုင်၍ မြန်မာ့ဖရဲဈေးနှုန်းသည် နှစ်ဆကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပုံမှန် နှစ်များတွင် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်အခြမ်းတွင် ဖရဲ စိုက်ဧက ၆ သောင်းကျော် နှစ်စဉ်လာရောက် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ်တွင် လာရောက်စိုက်ပျိုးနိုင်ခြင်းမရှိသလို မြန်မာဘက်ကလည်း ယခုနှစ်တွင် စိုက်ဧကလျှော့ချ ခြင်းခြင်းကြောင့် စိုက်ဧက ၃ သောင်းခန့်ကသာ ထွက်ရှိသော ဖရဲများကိုသာ ဈေးကွက်သို့ တင်ပို့ရောင်းချရလျက်ရှိ ကြောင်းသိရသည်။

ထို့ကြောင့် ရောင်းလိုအားထက် ဝယ်လိုအား များနေသဖြင့် ဈေးကောင်း ရရှိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက “အရင်တရုတ်တွေ လာစိုက်တုန်းကဆိုရင် ကားအစီးရေ ၁၀၀၀ ရောင်းရင် တရုတ်က အစီး ၈၀၀ လောက်ပါတယ်။ ဒီက ၂၀၀ လောက်ပဲရှိတာ။ ဒီနှစ်က ကားတစီးကို သိန်း ၂၀၀ လောက်အထိ ရသွားတာ ယွမ်နဲ့ ဆိုရင် ၇၀၀၀ ကျော်လောက်အထိ ဈေးရတာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဖရဲသီးဈေးကွက်ရာသီတွင် ၁ တန်လျှင် ယွမ် ၃၀၀၀ ကျော် မှ အများဆုံး ယွမ် ၄၀၀၀ ခန့်သာ ပေါက် ဈေး ရှိခဲ့သည်။

ယခင်ပုံမှန် နှစ်များတွင် ယခုအချိန်၌ တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့ရောင်းချမှုသည် တရက်လျှင် ကားအစီးရေ ၅၀၀ ကျော် မှ ၆၀၀ ဝန်းကျင်အထိရှိခဲ့ပြီး ယခု ကားအစီးရေ ၁၂၀ ခန့်သာ တင်ပို့နိုင်ခြင်းကြောင့် ရောင်းလိုအားထက် ဝယ်လို အားက များနေပြီး ယခင်နှစ်ထက် ဈေးနှုန်း ၂ ဆ ခန့် မြင့်တက်လာခြင်းဖြစ်သည်။

ဦးနိုင်ဝင်းက “တရုတ်တွေ လာစိုက်တာကို ကျနော်တို့က မစိုက်နဲ့ လို့ မပြောပါဘူး။ အခုဟာက တရားဝင်ကို မဟုတ် သေးဘူး။ တရားဝင်လာစိုက် နိုင်ငံတော် အစိုးရကို အခွန်ဆောင်ပြီးတော့ တရားဝင်စိုက်စေချင်တယ်။ တချို့နိုင်ငံတွေ ကိုယ့် တောင်သူကို ကာကွယ်ချင်တော့ မဝင်နဲ့လို့မပြောဘူး အခွန်ကို တိုးကောက်လိုက်တယ်” ဟု ပြောဆိုသည်။

တရုတ်နိုင်ငံဘက်မှ တရားမဝင် ဖရဲလာစိုက်သူများသည် ရှမ်းပြည်နယ်၊ မန္တလေး၊ မကွေးတိုင်းနှင့် စစ်ကိုင်းဒေသကြီး များတွင် အဓိကလာရောက်စိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားသည့် ဖရဲကားများ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က “အခုဈေးကောင်းရနေတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် သူတို့ တရားမဝင် ကိစ္စရပ်တွေက ကွက်ကွက်ကွင်းကွင်း ပေါ်နေတယ်လေ။ သူတို့ တရားမဝင်လာစိုက်တာကလည်း ဈေးကောင်းရတယ်ဆိုတဲ့ အစေ့မဲ့ဖရဲတွေရဲ့ တင်ပို့မှု အားလုံး နီးပါးလောက် ရှိတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံဘက် ဖရဲသီး အပြင် တစ်ရှုးငှက်ပျော နှင့် မက္ကာဒေးမီးယား များကို အများအပြားကို တရားမဝင် စိုက်ပျိုး လျက်ရှိပြီး ပြည်တွင်းတောင်သူများကို အကာအကွယ်ပေးရန် အစိုးရအနေဖြင့် ထိုကိစ္စရပ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

ဦးစိုးသန်းမင်းဒင်က “အစိုးရက ရင်းနှီးမြှုပ်နှံမှုကို တရားဝင်လုပ်ခိုင်း၊ တရားဝင်လာစိုက်ခိုင်းရင်တော့ ပိုပြီးတော့ အစိုးရအတွက်ရော ဈေးကွက်အခြေအနေအရ အားလုံးထိန်းကြောင်းလို့ ရမှာပေါ့” ဆိုသည်။

ထိုသို့ တရုတ်နိုင်ငံဘက်မှာ စိုက်ပျိုးရေးသီးနှံများကို တရားမဝင် စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး စိုက်ဧက အခြေအနေများ နှင့် တောင်သူများ ရင်းနှီးငွေ ပေးကာ စိုက်ပျိုးခိုင်းသည့် အခြေအနေများကို လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ထားပြီး ဖြစ်ကာ လာမည့် လွှတ်တော် စတင်ကာပါက အရေးကြီးအဆိုတင်သွင်းကာ ထိန်းကြောင်းမည့် အစီအစဉ်များ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံဘက်မှ မြေဆီလွှာပျက်စီးစေသော ဓာတ်မြေဩဇာ များစွာ အသုံးပြုပြီး စိုက်ပျိုးသည့် တစ်ရှုးငှက်ပျော နှင့် အစေ့မဲ့ ဖရဲ အများအပြား လာရောက်စိုက်ပျိုးသည့် ပြည်နယ်ဖြစ်သည်။

ဦးစိုးညွှန်လွင်က “ဒီကိစ္စက လာမည့် အစိုးရသစ် လွှတ်တော်မှာ သေချာ စနစ်တကျဆောင်ရွက်ရမှာကို ရတော့မယ့် ကိစ္စတခုဖြစ်သွားပြီ။ အခုကတော့ ဒေတာကောက်ယူမှုတွေ လုပ်ထားပြီးသွားပြီ။ တောင်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ နဲ့ အစိုးရအတွက်လည်း ထိုက်သင့်တဲ့ အခွန်အခရဖို့၊ မြေဆီလွှာတွေ မပျက်စီးဖို့ တွေအတွက်ပေါ့ ဒီကိစ္စကို လုပ်ကို လုပ်သွားမှာပါ” ဟု ပြောဆိုသည်။

ယင်းသို့ လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံဘက်က ရင်းနှီးမြှုပ်နှံငွေပေးပြီး ပြည်တွင်းတောင်သူများမှ စိုက်ပျိုး ထုတ်လုပ်သည့် ပုံစံဆောင်ရွက်သည့် ပုံစံမျိုးဖြင့် လုပ်ဆောင်သောကြောင့် တောင်သူများဘက်မှလည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံဘက်မှ တရားမဝင် လာရောက်စိုက်ပျိုးမှုများ ရှိကြောင့် မြန်မာ့စိုက်ပျိုးထွက်ကုန် သီးနှံများသည် ဈေးကွက်တည်ငြိမ်မှုမရှိဘဲ နှစ်စဉ်အပြောင်းအလဲများစွာဖြစ်ခြင်း အရှုံးအမြတ် ကို ပုံသေတွက်ချက်ကာ လုပ်ဆောင်၍ မရဖြစ်ကြရသည်။

မြန်မာနိုင်ငံဖရဲသခွားစိုက်ပျိုး၊ ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက “တောင်သူက ဈေးအရမ်း အကောင်းကြီး ရနေတာကို မကြိုက်ပါဘူး။ ပုံမှန် တွက်ချေကိုက်တဲ့ ဈေးနှုန်းနဲ့ တည်ငြိမ်နေတဲ့ ဈေးကွက်တခုဖြစ်နေမှာ လုပ်ရကိုင်ရ ပိုအဆင်ပြောမှာ” ဟု ပြောသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားသည့် ဖရဲကားများ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

ပြီးခဲ့သည့် ရက်ပိုင်းက ၁ တန်လျှင် ယွမ် ၇၀၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့သော ဖရဲသီးဈေးနှုန်းများသည် ယခု ရက်ပိုင်း၌ ကားအစီးရေများ ပြားလာခြင်း နှင့် ဈေးကောင်းရ၍ တောင်သူများက အနုသီးများကို တင်ပို့ရောင်း ချမှုများ ရှိလာခြင်းကြောင့် ဈေးနှုန်း ကျးဆင်းလာလျက်ရှိပြီး ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဖရဲသီး ၁ တန်ဈေးနှုန်းသည် ယွမ် ၅၅၀၀ ဝန်းကျင်သာ ရှိတော့ ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ဆွေမြန်မာ (မိန်းမိန်း) သစ်သီးပွဲရုံထံမှ သိရသည်။

ထိုသစ်သီးပွဲရုံမှ တာဝန်ရှိသူတဦးက “တရုတ်ဘက်က ဝယ်လိုအားက မကျသွားဘူး။ ကားနည်းနည်းများလာပြီး ဝမ်တိန် ကိုဝင်ဖို့ ရက်ကြာလာတော့ အသီး အရည်အသွေးကျလာရယ် အနုအသီးတွေ ပါလာတော့ ဈေးကနည်းနည်းပြန်ကျသွားတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖရဲကားအစီးရေသည် တရက်လျှင် အစီးရေ ၁၅၀ ကျော်လာအထိရှိလာပြီး ရှေ့ရက်များမှ တန်းစီးနေသော ကားများရှိနေခြင်းကြောင့် တရုတ်နိုင်ငံသို့ ရောင်းချရန် ဖရဲသီးကားများသည် ၂ ရက်မှ ၃ ရက်အထိ စောင့်ဆိုင်းနေကြရလျက်ရှိသည်။

မြန်မာနိုင်ငံမှ တရုတ်ဈေးကွက်သို့ နှစ်စဉ် ဖရဲသီး တန်ချိန် ၆ သိန်း မှ ၈ သိန်းကြားတင်ပို့လျက်ရှိသည်။ ဈေးကွက်အချိန် ကာလသည် နိုဝင်ဘာလမှ မေလ အထိ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ နှစ်စပိုင်းတွင် ကိုဗစ် ၁၉ ရောဂါကြောင့် တရုတ်ဈေးကွက်တခုတည်းကို မှီခိုနေရသော ဖရဲသီးအများ အပြားသည် ဈေးကွက်ပျက်ပြီး တောင်သူအများစုမှာ အရှုံးပေါ်ခဲ့ရသည်။

ယင်းအတွက်ကြောင့် ယခုနှစ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဖရဲသခွားစိုက်ပျိုး၊ ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်းပြီး အရှေ့အလယ်ပိုင်း နိုင်ငံများ ဖြစ်သည့် ယူအေအီး၊ ဒူဘိုင်း နှင့် ကာတာ နိုင်ငံများ အပြင် စင်ကာပူ ဈေးကွက်များသို့ တင်ပို့ရောင်းချရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ယူအေအီးနိုင်ငံသို့ ဖရဲ ကွန်တိန်နာ တလုံး စမ်းသပ်တင်ပို့လိုက်ပြီး ဒီဇင်ဘာလ ကုန်ပိုင်း တွင် အရည်အသွေးစမ်းသပ်မှု အောင်မြင်ပါက တနှစ်စာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲသခွားစိုက်ပျိုး၊ ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

You may also like these stories:

ကိုဗစ်ကြောင့် သီလဝါ အထူးစီးပွားရေးဇုန်သို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ခန့် လျော့ကျ

အမေရိကန်ဒေါ်လာဈေး ပြန်တက်

ထိုင်းသို့ တရားမဝင် ဝင်ရောက်ခြင်း မပြုရန် မြန်မာလုပ်သားများကို သတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading