သတင်း

ဘိုးဘွားပိုင် စိုက်ပျိုးမြေဧက၃ထောင်ကျော် ပြန်ပေးရန် ကန်ပက်လက်ဒေသခံများ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ်ရှိ အေးချောင်းကြိုးပြင် ကာကွယ်တော သတ်မှတ်နယ်မြေထဲမှ မြေဧက ၃၁၀၀ ကို ကျေးရွာပိုင်မြေအဖြစ် ပြန်ပေးရန် ရွာ ၃ ရွာမှ ဒေသခံ ၉၀ က တောင်းဆိုထားသည် ဟု သတင်းရရှိသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကာနန်းရွာ၊ ရန်ရှစ်ရွာနှင့် လက်ပံကျင်းရွာတို့မှ ဒေသခံ ၉၀ သည် ၎င်းတို့ ဘိုးစဉ်ဘောင် ဆက် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးလာသည့် မြေဧက ၃၁၀၀ ကျော်သည် အေးချောင်း ကြိုးပြင်ကာကွယ်တော အတွင်း ရောက်ရှိနေသဖြင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်နယ်မြေထဲမှ ပယ်ဖျက်ပြီး ဒေသခံများပိုင်မြေအဖြစ် ပြန်ပေး ရန် မြို့နယ် သစ်တောဦးစီးဌာနနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့ကို စာပို့ တောင်းဆိုထားခြင်း ဖြစ်သည်။

ကြိုးပြင်တော သတ်မှတ်နယ်မြေ ပယ်ဖျက်ပေးရန် ဦးဆောင် တောင်းဆိုနေသူတဦး ဖြစ်သည့် ရန်ရှစ်ကျေးရွာမှ ဒေသခံ ဦးမှန်လုပ်ပိုင်က “သူတို့က၂၀၀၂ ကတည်းက သတ်မှတ်ထားတာတဲ့။ ကျနော်တို့က မနေ့တနေ့က ငုတ်တိုင်တွေ လာစိုက် မှ သိရတာ။ သူတို့က အေးချောင်းသစ်တောပိုင်မြေတဲ့။ မြန်မာနိုင်ငံ သစ်တောရုံးချုပ်ကနေ သတ်မှတ်ထားဆိုပြီး သူတို့က ငုတ် လာစိုက်တာ” ဟု ပြောသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ဧရိယာ ၁၀၁၆၈၅ ဧကကို အေးချောင်းကြိုးပြင်ကာကွယ်တောအဖြစ် စစ်အစိုးရ လက် ထက်၂၀၀၂ ခုနှစ် ဇူလိုင်၂၅ ရက်က စတင် သတ်မှတ်ခဲ့သည်။

အေးချောင်းကြိုးုပြင် ကာကွယ်တောသည် ကန်ပက်လက်မြို့နယ်ထဲတွင် တည်ရှိကာ မြောက်ဘက်တွင် ပလက်ဝမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တို့နှင့် ထိစပ်နေသည်။

ထိုစဉ်က ကြိုးပြင် ကာကွယ်တော သတ်မှတ်ရန် အာဏာပိုင်များမှ ဒေသခံများကို တစုံတရာ ပြောဆိုခြင်း မရှိသဖြင့် နိုင်ငံပိုင် သတင်းစာများတွင် အေးချောင်းကြိုးပြင်ကာကွယ်တော သတ်မှတ်ကြောင်း ကြေညာသည်ကိုလည်း ဒေသခံ များက မသိရှိခဲ့ပါဟု ပြောသည်။

၂၀၂၀ နိုဝင်ဘာလအတွင်း ကန်ပက်လက်မြို့နယ် သစ်တောဦးစီးဌာနမှ ကြိုးပြင်ကာကွယ်တော နယ်နိမိတ် ငုတ်တိုင်များ လာစိုက်သည့် အချိန်မှ ကြိုးပြင်ကာကွယ်တောဧရိယာအတွင်း ၎င်းတို့၏ ကျေးရွာများ၊ ရွှေ့ပြောင်းတောင်ယာ စိုက်နေ သည့် တောင်များ၊ မြေနေရာများ ပါဝင်နေသည်ကို သိရှိကာ ကျေးရွာပိုင်မြေအဖြစ် ပြန်ပေးရန် တောင်းဆိုကြခြင်း ဖြစ် သည်။

ဦးမှန်လုပ်ပိုင်က “သူတို့က ဘယ်လောက် ဖြေလျှော့ပေးနိုင်မလဲ၊ ဘယ်လောက် ပြန်စွန့်လွှတ်ပေးနိုင်မလဲဆိုတာမသိဘူး။ လူနည်းပြီး ဧကများနေရင်တော့ မကိုက်ဘူးလို့ သူတို့ဘက်က ပြောနေတယ်။ ကျနော်တို့က လူနည်းရင်တောင် အိမ်ခြေ က နောက်ကျ တိုးလာမှာ။ ရွှေ့ပြောင်းတောင်ယာဆိုတာ ၁၀ နှစ်၊ ၁၅ နှစ်ပြည့်မှ သီးနှံအထွက်တိုးပြီး ပေါင်းရှင်းရ လွယ် တာ။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် ရိုးရာပိုင်မြေကို အကွက်တွေ အားလုံး ပြန်လိုချင်တယ်” ဟုလည်း ပြောသည်။

ယခင်က အာဏာပိုင်များမှ တစုံတရာ မပြောသဖြင့် ရွှေ့ပြောင်းတောင်ယာများကို စိုက်ပျိုးနေခဲ့ပြီး ယခုအခါ အစိုးရ၏ ကြိုးပြင် ကာကွယ်တော ငုတ်တိုင်လာစိုက်သဖြင့် ကာကွယ်တောထဲ ဝင်ရောက်တောင်ယာခုတ်ခြင်း၊ ရွှေ့ပြောင်းတောင် ယာစိုက်ရန် မီးရှို့ခြင်း လုပ်ပါက သစ်တောဥပဒေဖြင့် အရေးယူခံရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု လည်း ဒေသခံ များက ပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် (ခ) နတ်မတောင် (ဓာတ်ပုံ– ဧရာဝတီ)

အေးချောင်းကြိုးပြင်ကာကွယ်တော သတ်မှတ်ထားသည့် နယ်မြေကို ပြန်သတ်မှတ်ပေးရန် ဒေသခံ ၉၀ ကျော်က နိုဝင်ဘာ ၁၃ ရက်တွင် တကြိမ်၊ နိုဝင်ဘာ ၂၆ ရက်တွင် တကြိမ် စာတင်ကာ တောင်းဆိုထားပြီး ဒီဇင်ဘာ ၁၆ ရက်ကလည်း ကန် ပက်လက် မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လာရောက်ကာ ညှိနှိုင်းမှုများ ထပ်လုပ်ထားသည်ဟု သိရသည်။

အေးချောင်းကြိုးပြင်ကာကွယ်တော ဧရိယာ ၁၀၁၆၈၉ ဧကထဲမှ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမြေကွက် ၄၄၀ ကွက် ၊ ဧကပေါင်း ၃၁၀၀ သည် ကာနန်းကျေးရွာအုပ်စုနှင့် ရန်ရှစ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ၏ ဘိုးစဉ် ဘောင်ဆက် စိုက်ပျိုးလာသည့် မြေများ ဖြစ်သည်ဟု ဒေသခံများ တောင်းဆိုထားသည့်စာထဲတွင် ရေးသားထားသည်။

ထိုမြေဧက ၃၁၀၀ သည် ၎င်းတို့မြေပိုင်ဆိုင်မှု အားလုံး၏ ၉၅ ရာခိုင်နှုန်း ဖြစ်ပါသည်ဟုလည်း ထည့်သွင်း ရေးသားထား သည်။

ကာနန်းကျေးရွာအုပ်စုမှ ဆယ်အိမ်မှူး ဦးချစ်ဟွာကလည်း “ကျနော်တို့ကာနန်းက ပြန်လျှောက်ထားတာ ဧက ၂၀၀၀ ရှိ တယ်။ သူတို့က ကွန်ပျူတာနဲ့ တွက်ချက်တော့ ၁၈၈၆ ဧက ထွက်လာတယ်။ အဲဒီမှာ လူဦးရေ၊ အိမ်ခြေနဲ့ ပြန်တွက်ရင် များ သေးတယ်၊ ပြန်လျှော့ရမယ်လို့ သစ်တောရုံးက ပြောနေတယ်။ ကျနော်တို့ တောင်သူတွေက လုံးဝကို မလျှော့နိုင်ပါဘူး။ ကျနော်တို့ လျှော့လိုက်ရင် ခုတ်နေကျ တောင်ယာမြေတွေ ပါသွားမှာ။ အဲဒါကြောင့် မလျှော့နိုင်တာပါ” ဟု ပြောသည်။

ထိုဧက၂၀၀၀ မှာ ကာနန်းကျေးရွာအုပ်စုမှ ဒေသခံများ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း ပိုင်ဆိုင်လာသည့် မြေ ဖြစ်ပြီး စပါး၊ ပြောင်းဖူး၊ ငရုတ်သီး၊ သခွားသီးတို့ကို အဓိက စိုက်ပျိုးကြပါသည်ဟု ဦးချစ်ဟွာက ဆိုသည်။

ဆက်လက်ပြီး ဦးချစ်ဟွာက “ကျနော်ငယ်ငယ်တည်းက ဒီမှာ နေလာတာပါ။ အခု အသက် ၅၈ နှစ်ရှိပါပြီ။ သူတို့ သစ်တော ကြိုးဝိုင်း သတ်မှတ်တာလည်း ဘယ်တုန်းကမှ မသိခဲ့ဘူး။၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှာမှ သိရတာပါ။ သူတို့က ငုတ်တိုင်လာ စိုက်တော့၊ အဲဒီငုတ်တိုင်စိုက်တဲ့ နေရာက အစိုးရမြေ ဖြစ်ပြီ။ အစိုးရမြေဖြစ်ရင် ကျနော်တို့ သားစဉ် မြေးဆက်တောင်ယာ လုပ်လို့ မရတော့ဘူး။ ဒါကို စိုးရိမ်လို့ ပြန်တောင်းနေတာပါ” ဟုလည်း ပြောသည်။

ချင်းလူမျိုးများသည် တောင်ပေါ်တကြောတွင် နှစ်အလိုက် တနေရာမှ တနေရာ ရွှေ့ပြောင်းကာ သီးနှံများ စိုက်ပျိုးကြခြင်း ဖြစ်ပြီး ၎င်းတို့ စိုက်ပျိုးမည့် တောင်ပေါ်တွင် မီးရှို့၍ ပေါင်းရှင်းကာ စိုက်ပျိုးကြခြင်း ဖြစ်သည်။

တောင်ပေါ်ရွှေ့ပြောင်း တောင်ယာများမှာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာကြသဖြင့် မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ လည်း မရှိကြပါ။

ကန်ပက်လက်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကွီးထန်းက ဒေသခံများကို လက်မှတ်များ ထိုးကာ စာတင် ရန် အကြံပြုထားပြီး ၎င်းအနေဖြင့်လည်း ဘိုးစဉ်ဘောင်ဆက် မြေပိုင်ဆိုင်လာသည့် ဒေသခံများ၏ ရပိုင်ခွင့် အပြည့်အဝ ရရှိရေး၊ ဘိုးဘွားပိုင်မြေများ မဆုံးရှုံးရေးအတွက် ရပ်တည်သွားမည်ဟု ပြောသည်။

ကန်ပက်လက်မြို့နယ်၏ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က ဒေသခံများ လက်မှတ်ရေးထိုးကာ တောင်းဆိုလာသည့် စာ ၎င်းထံတွင် ရရှိထားသော်လည်း မြို့နယ်သစ်တော ဦးစီးဌာနမှ အရာရှိက လုပ်ငန်းခွင်ကိစ္စဖြင့် ခရီးလွန်နေသဖြင့် ထို အရာရှိ ပြန်လာမှ ဆွေးနွေးရမည်ဟု ပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် (ခ) နတ်မတောင် (ဓာတ်ပုံ– ဧရာဝတီ)

ဦးချန်ဖီယာန်က “ပြည်ထောင်စုကနေ Notification ထွက်ပြီး ငုတ်တိုင်စိုက်ရမယ်ဆိုတော့ စိုက်ရတာပေါ့။ မစိုက်ရင် သစ် တောဌာနဝန်ထမ်းတွေအတွက် မကောင်းဘူးလေ။ ရွာသားတွေ ကန့်ကွက်တာကိုတော့ သစ်တောဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်းပဲ။ သစ်တောနဲ့ တိုင်ပင်ပြီး ကျနော်တို့က တင်ပြပေးပါမယ်” ဟုဆိုသည်။

ဦးချန်ဖီယာန်က ၎င်းကိုယ်တိုင်လည်း အေးချောင်း ကြိုးပြင်ကာကွယ်တော သတ်မှတ်ထားသည့် နယ်မြေကို မသိရှိဘဲ ပြည် ထောင်စုအဆင့်က ငုတ်တိုင်စိုက်ရန် စာရောက်လာမှ သိရှိရခြင်း ဖြစ်ပြီး ထိုကြိုးပြင်ကာကွယ်တောထဲတွင် ဒေသခံများ၏ ရွှေ့ပြောင်းတောင်ယာများသာမက ဒေသခံများ နေထိုင်သည့် ကျေးရွာနယ်မြေအချို့လည်း ပါဝင်ကြောင်း သိထားသည် ဟု ပြောသည်။

ဆက်လက်ပြီး ဦးချန်ဖီယာန်က “သစ်တောနဲ့ ကျနော်နဲ့တော့ တွေ့ရဦးမယ်။ သစ်တောက ဘယ်လိုသဘောထား၊ နည်းဥ ပဒေရှိတယ်ဆိုတာ သွားရမယ်။ အခုသစ်တောက တောထဲမှာ ခရီးသွားနေတုန်းဆိုတော့ ပြန်မရောက်သေးဘူး။ ဘယ် အပိုင်း စွန့်လွှတ်မလဲ၊ ပယ်ဖျက်မလဲ ဆိုတာ အမှုတွဲကိုတော့ ချင်းပြည်နယ် အစိုးရကတဆင့် ပြည်ထောင်စုကို တက်ရမှာ ပါ” ဟု ပြောသည်။

ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်း ဝန်ကြီးဌာန၏ ဝန်ကြီး ဦးမန်ဟင်းဒါလ်က ကန်ပက်လက် မြို့နယ်မှ ဒေသခံများ တောင်းဆိုသည့်စာ ၎င်းထံသို့ ရောက်လာခြင်း မရှိသေးကြောင်းနှင့် စာရရှိပါက ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနထံသို့ တင်ပြပေးမည်ဟု ပြောသည်။

ဦးမန်ဟင်းဒါလ်က “ဘယ်လို ဆောင်ရွက်ပေးရမလဲဆိုတာက ဥပဒေအရပဲ ဆောင်ရွက်ပေးရမှာပါ။ နံပါတ် ၁ က ဘယ်လို အခြေအနေရှိလဲ သူတို့ အသေးစိတ် တင်ပြမှ ရမှာပါ။ အရင်အစိုးရမှာ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော ဆောင်ရွက်ထား တာ ဖြစ်ရင် တင်ပြပြီးတော့ ကျနော်တို့က ပြည်ထောင်စုကို ခွင့်ပြုချက် တောင်းရမှာပါ” ဟု ပြောသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ၂၀ တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် သစ်တောဥပဒေ၊ အခန်း (၃) ကြိုးဝိုင်းတော ဖွဲ့စည်းခြင်းနှင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ကြေညာခြင်း၊ ပုဒ်မ ၇ တွင် ကြိုးဝိုင်းတော၊ ကြိုးပြင် ကာ ကွယ်တောများ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြောင်းလဲသတ်မှတ်ခြင်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်များဖြင့် ဆောင်ရွက် နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ကြိုးဝိုင်းတော ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြောင်းလဲသတ်မှတ်ခြင်းများကို ပြည်ထောင်စု လွှတ် တော်သို့လည်း အသိပေး တင်ပြရမည်ဟု ပြဋ္ဌာန်းထားပြီး ဒေသခံများက ၎င်းတို့၏ ဓလေ့ထုံးတမ်းအရ ထိန်းသိမ်းထား သည့် သဘာဝ သစ်တောများ၊ ဒီရေတောများကို အသိအမှတ် ပြုနိုင်သည်ဟုလည်း ပုဒ်မ ၇ တွင် ပြဋ္ဌာန်းထားသည်။

You may also like these stories:

တပ်မတော်နှင့် AA ပြေလည်မှုရလျှင် ပလက်ဝ ရေလမ်းကြောင်း ပြန်ဖွင့်မည်

AA က ၄ လကျော်ကြာ ဖမ်းထားသည့် ဆလိုင်းအောင်စိုး ပြန်လွတ်လာ

နမ္မတူတွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း နယ်မြေလုတိုက်ပွဲအတွင်း အရပ်သားများ ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading