ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းသို့ အကြမ်းဖက် အဖွဲ့ တဖွဲ့ဖြစ်သည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တပ်ဖွဲ့ဝင်များ စိမ့်ဝင်နေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
ARSA အဖွဲ့ဝင်များသည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့ အတွင်းရှိ မေယုတောင်ကြောပေါ်တွင် လူအင်အား၊ လက်နက်အင်အားဖြင့် စိမ့်ဝင်ကာ မကြာခဏဆိုလို ချောင်းမြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်လျှက် ရှိသည်ကို တွေ့ရသည်ဟုလည်း သိရသည်။
ဘူးသီးတောင်မြို့နယ် အတွင်းပြင်ကျေးရွာမှ အမည်မဖော်လိုသူ ရွာသား တဦးက “သူတို့ ပြီးခဲ့တဲ့လက ကျနော်တို့ ရွာနားကနေ ဖြတ်သွားတာကို ရွာသားတွေ တွေ့လိုက်ကြတယ်။ ရွာကိုတော့ မဝင်ခဲ့ဘူး။ မေယုတောင်ကြောမှာ စခန်းတွေ ဖွင့်ထားတယ်လို ကျနော်တို့ သတင်း ကြားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ARSA အဖွဲ့ဝင်များသည် တဘက်နိုင်ငံဘက်ခြမ်းမှ မောင်တောမြို့နယ် အတွင်းရှိ ခမောင်းဆိပ်၊ ဝေလာတောင်နှင့် တမန်းသား အထက်တို့တွင် ဝင်ရောက်လှုပ်ရှားပြီး မေယုတောင်ကြောတွင်လည်း သင်တန်းများဖွင့်ကာ တပ်ဖွဲ့ဝင်များကို စုဆောင်ခြင်း၊ အချို့ မွတ်ဆလင်ကျေးရွာများသို့ ဝင်ရောက် အဓမ္မ ဆက်ကြေး ကောက်ခံမှုများ ရှိကြောင်းလည်း ဒေ သခံများထံမှသိရသည်။
မောင်တောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တေ်ကိုယ်စားလှယ် ဦးမောင်အုန်းက “လောလောဆယ်တော့ နယ်မြေ အခြေအနေက အေးအေးဆေးဆေးပဲ။ ဒါပေမဲ့ ခမောင်းဆိပ်အလွန်၊ ဝေလာတောင်သွားလမ်းတွေမှာ ARSA စိမ့်ဝင် နေတယ်လို့ ကြားတယ်။ အရင်တုန်းကလည်း ခြုံခိုတိုက်ခိုက်တာ ရှိတယ်။ လုံခြုံရေး အဖွဲ့တွေကလည်း ဝင်ရောက်ရှင်းလင်းတာ မရှိဘူး။ ဖြစ်လာတဲ့ အခါမှ အဲဒီဘက်ကို လုံခြုံရေးအဖွဲ့တွေ လိုက်သွားကြတာရှိတယ်။ နယ်စပ် ဆိုတော့ အဲဒီဘက်မှာနေတဲ့ လူတွေကတာ့ စိုးရိမ်ကြတယ်။ သတိနဲ့ တော့ နေကြရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း မောင်တောမြို့နယ် မင်္ဂလာ ညွန့်ကျေးရွာသား ၁ ဦးမှာ ၎င်းကျေးရွာအနီး ဝေလာတောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အာဆာအဖွဲ့နှင့်တွေ့၍ ထွက်ပြေး လာခဲ့ရပြီး ဆိုင်ကယ်မှာ မီးရှိုှု့ခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာ သားများသည် ၎င်းမြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ တွင်ပြုလုပ်သည့် ဘုံကထိန်ပွဲသို့ ကားဖြင့် သွားရောက်ခဲ့ပြီး မိမိကျေးရွာသို့ အပြန်လမ်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားကာ ကလေးငယ် တဦး အပါအဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားသည့်နေရာမှာ အာဆာလှုပ်ရှားသည့် နယ်မြေဖြစ်ပြီး မကြာခဏလည်း မိုင်းထောင်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းများကို ပြုလုပ်လေ့ ရှိသည့်အတွက် အာဆာအဖွဲ့ လက်ချက်ဟု ဒေသအာဏာပိုင် များက ဧရာဝတီသို့ ပြောသည်။
ယခုနှစ် မတ်လနှင့် ဧပြီလအတွင်းကလည်း အဆိုပါ ဝေလာတောင် ကြောလမ်းအနီးဝန်းကျင်တွင်ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကလည်း မကြာခဏ တိုက်ခိုက်ခံရသည့်အတွက် သေဆုံးမှုများ လည်း ရှိသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ လက်ရှိအခြေနေတွင် နယ်မြေအခြေအနေ အေးချမ်းမှုရှိကြောင်း ARSA အဖွဲ့ဝင်များ ထပ်တိုးစိမ့်ဝင်သည့် သတင်းကို အတိအကျ မသိသော်လည်း ARSA ၏ လှုပ်ရှားမှုနှင့် မိုင်ထောင် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း ပြောသည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “လက်ရှိမှာ နယ်မြေ အခြေအနေ ကတော့ အေးအေးဆေးဆေးပါပဲ၊ သတင်းထွေ ထွက်နေတယ်ဆိုတာတော့ လုံခြုံရေးပိုင်းကို မေးကြည့်မှ တိတိကျကျ သိမယ်။ အာဆာကတော့ လှုပ်ရှား မှုရှိတယ်။ မိုင်းထောင်ပြီး တိုက်တာတော့ ရှိတာပေါ့။ မိုင်းကတော့ ကြိုကြား၊ ကြိုကြားထောင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ခမောင်းဆိပ်၊ ဝေလာတောင်ကြောလမ်းများတွင် လူသူသွားလာမှုများ ပြတ်တောက်သည့်အတွက် အုပ်စုလိုက် သွားလာလျှင် ပြဿနာ မရှိသော်လည်း တဦးစ၊ နှစ်ဦးစ သွားလာသူအချို့မှာ ARSA အဖွဲ့၏ တိုက်ခိုက်မှုကို ခံရလေ့ ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပွင့်လင်းရာသီ ရောက်တိုင်း ARSA အဖွဲ့နှင့်ပတ်သက်ပြီး သတင်းများ အမြဲတန်းထွက်ပေါ်လျှက်ရှိရာ စဉ်ဆက်မပြတ် သတင်းရယူပြီး လုံခြုံရေး မလစ်ဟင်းရအောင် ဆောက်ရွက်လျှက် ရှိသည်ဟု ဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “အာဆာနဲ့ပတ်သက်ပြီးတော့ ဘူးသီးတောင်၊ မောင်တော အနေအထားမှာတော့ သတင်းရယူခြင်းတွေ စဉ်ဆက် မပြတ် ဆောင်ရွက်လျှက် ရှိပါတယ်။ ဒီလိုမျိုး ပွင့်လင်းရာသီ ရောက်လာရင်တော့ ဒီသတင်း တွေက ပိုပြီးတော့ ထွက်လာလေ့ ရှိတယ်။ စိမ့်ဝင်ဖို့၊ ခိုးဝင်ဖို့ ပိုပြီးတော့ များပြားလာတဲ့ အခြေအနေ ရှိတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များအကြား ဆက်သွယ်ထားသော မေယုတောင်ကြောသည် လုံခြုံရေးအရ အရေးပါသော နေရာ တခုဖြစ်သလို ရက္ခိုင့်စစ်တပ် (AA) နှင့် ရင်ဆိုင်နေရသည့်အတွက် ARSA လှုပ်ရှားမှုမှာ ယခင်ကထက် စိုးရိမ်စရာ ရှိသော်လည်း လက်ရှိ အချိန်တွင် နှစ်ဘက်အပစ်ရပ်စဲထားသဖြင့် အာဆာလှုပ်ရားမှု အပေါ် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပိုမိုအာရုံစိုက်ကာ ဆောက်ရွက်နိုင်သည့် အခြေ အနေရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ARSA အဖွဲ့သည် ၂၀၁၆ ခုနှစ်အောင်တိုဘာလ ၉ ရက်နေ့တွင် အမှတ် (၁) နယ်ခြားစောင့်ဌာနချုပ် (ကျီးကန်းပြင်) နှင့် ကိုးတန်ကောက် ရဲစခန်း၊ ငါးခူရ ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်နှင့် ကျည်မျိုးစုံ ၆၆၂၄ ထောင့် ဆုံးရှုံးခဲ့ကြောင်း အစိုးရက အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့ကလည်း ARSA အဖွဲ့သည် ကိုဖီအာနန်အကြံ ပေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာထွက် ပေါ်လာသည့်နှင့် တပြိုက်နက် နယ်ခြားစောင့် တပ်စခန်းများ ၃၀ ကို တပြိုင်တည်း တိုက်ခိုက် ခဲ့ပြီး အချိန်ကိုက်တိုက်ကာ နိုင်ငံတကာ၏ အာရုံစူး စိုက်မှုကို ရယူခဲ့သည်။
ယင်းပဋိပက္ခများဖြစ်ပွားပြီးနောက် တပ်မတော်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှု များကြောင့် မွတ်ဆလင်ကျေးရွာသား ခုနှစ်သိန်းကျော်မှာ တဘက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံ့သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ဖော်ပြခဲ့ကြပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ဒုက္ခသည်ပြန်လည် လက်ခံရေး ကိစ္စမှာလည်းရှေ့မတိုးနိုင်ဘဲ ဖြစ်နေသည်။
မြန်မာနယ်ခြားစောင့်စခန်းများကို ညသန်းခေါင်ယံတွင် ညာသံပေးပြီး လူအုပ် စုလိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပိုက်နက်ထဲတွင် ပြောင်ပြောင် တင်းတင်း ဝင်ရောက်လှုပ်ရှားနေပြီး ဒုက္ခသည်များ ပြန်လည် ဝင်ရောက်ရေးကို ဟန့်တားနှောင့်ယှက်နေကြောင်း မြန်မာအစိုးရဘက်က ပြောဆိုထားသည်။
You may also like these stories:
ချောင်းသာမြေအငြင်းပွားမှု ရှင်းလင်းပွဲလုပ်သူများ သဘာဝဘေး ဥပဒေဖြင့် တရားစွဲ
သေနတ်သမားကြည်လင်းအား ဝန်းရံခဲ့သူ ၃ ဦး ထောင် ၁ နှစ်စီချ
မြန်မာမှတင်ပို့သည်ဟု ယူဆရသည့် ICE မူးယစ်ဆေး ၂ တန်ကျော် မလေးရှားတွင်ဖမ်းမိ