သတင်း

Digital Courage Fellowship ဆုကို Myanmar Now သတင်းဌာန ရရှိ

Want create site? Find Free WordPress Themes and plugins.

ဒစ်ဂျစ်တယ်နည်းပညာဖြင့် မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်း လူထုကောင်းကျိုးပြုနေသူများကို ရွေးချယ်ချီးမြှင့်သည့် Digital Courage Fellowship အတွက် Myanmar Now သတင်းဌာန က ရရှိခဲ့ကြောင်း Friedrich Naumann Foundation for Freedom (Myanmar) က ကြေညာခဲ့သည်။

Friedrich Naumann Foundation For Freedom (Myanmar) မှ သတင်းဌာန တခု ဖြစ်သည့် Myanmar Now အား Digital Courage Fellowship 2020 အဖြစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၂,၀၀၀ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

FNF Myanmar Executive Programme Manager ဒေါက်တာ အောင်သူဟိန်းက “တကယ်ကို အများအကျိုးကို ပြုနိုင်တဲ့သူတို့ သတ္တိရှိရှိ လုပ်ဆောင်သွားတဲ့ လူတွေကို အသိအမှတ်ပြုတဲ့ သဘော။ လူတွေအကျိုးရှိဖို့ အတွက် လူတွေရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေကို တိုက်ပွဲဝင်နေတဲ့ သူတွေကို အသိအမှတ်ပြုချင်တယ်။ အသိအမှတ်ပြုတဲ့ အခါမှာလည်း ခေတ်မီနည်းပညာတွေ ဒစ်ဂျစ်တယ် နည်းပညာတွေကို အသုံးပြုပြီးတော့မှ တိုက်ပွဲဝင်တဲ့သူမျိုးကို အသိအမှတ်ပြု ချင်တယ် ဆုပေးချင်တဲ့ သဘောနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သတင်းဌာနအနေဖြင့် ယခုပေးအပ်သည့် အမေရိကန်ဒေါ်လာ ၂,၀၀၀ အား ပြည်သူများအတွက် လွတ်လပ်မှုနှင့် ပတ်သက်သည့် စုံစမ်းဖော်ထုတ်ရေးသားမှုများတွင် အသုံးပြုနိုင် ရန်အတွက် ဖောင်ဒေးရှင်းမှ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

အပြောင်းအလဲတခုအတွက် ဖော်ဆောင်ခဲ့သူများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာတွင် အသိအမှတ်ပြု ချီးမြှင့်ရန်နှင့် အခြားသူများအတွက် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသူများကို အဆိုပါဆု ချီးမြှင့်ခြင်းဖြစ်ကြောင်း FNF ထံမှ သိရသည်။

အဆိုပါဆုကို ရရှိခဲ့သည့် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက “သတင်းစာလုပ်ငန်းကို အခြေခံကျင့်ဝတ်တွေဖြစ်တဲ့ မှန်ကန်မှုတို့ အများပြည်သူ အကျိုးစီးပွားတို့ တခါတလေကျရင် အများပြည်သူ အကျိုးစီးပွားထက် ပိုပါတယ်။ လောကရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ကျနော်တို့ စဉ်းစားပါတယ်။ ဒီလိုမျိုးစဉ်းစားချက်တွေ အခြေခံပြီးတော့မှ လုပ်နေတာပါ” ဟု ပြောသည်။

၎င်းက ဆက်၍ “ကျနော်တို့ တော်လှန်ရေး လုပ်နေတာလည်း မဟုတ်ပါဘူး။ တိုက်ပွဲဝင်နေတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ အလုပ်ကို ကျနော်တို့ လုပ်ငန်းကနေ အစဉ်အလာ သတ်မှတ်ထားတဲ့ နားလည်ထားတဲ့ တန်ဖိုးတွေအပေါ် မူတည်ပြီးတော့ ကျနော်တို့ လုပ်နေခြင်း ဖြစ်ပါတယ်။ ကျနော်တို့က တခုခုနဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲဝင်နေခြင်း မဟုတ်ပါဘူး။ ကိုယ့်အလုပ်ကို ကိုယ်အကောင်းမွန်ဆုံး လုပ်နေခြင်း ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

အဆိုပါ ဆုကို ရွေးချယ်ရာတွင် အများပြည်သူက အဆိုပြုလာသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အများအကျိုးအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ဆောင်ရွက်ခြင်း၊ အများအတွက် စံပြဖြစ်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုဆောင်ရွက်ခြင်း စသည့်အချက်သုံးချက်ကို စံထားပြီး FNF Myanmar မှ ပြန်လည်စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဦးအောင်သူဟိန်းက “ထူးခြားချက်ရှိပါတယ်။ ကျနော်တို့ဘာသာ လိုက်ကြည့်ပြီးတော့ ဘယ်သူကတော့ သင့်တော်တယ် ဆိုပြီး ရွေးတာမျိုး မဟုတ်ဘဲနဲ့ အများအသိအမှတ်ပြုခံရလို့ ဒီလူ ဒါလုပ်နေတယ် ဆိုတာကို ပတ်ဝန်းကျင်က အသိအမှတ်ပြုတာမျိုးကို ကျနော်တို့က လိုချင်တာပါ” ဟု ရှင်းပြသည်။
FNF Myanmar သည် Digital Courage Fellowship အား ၂၀၁၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ပေးအပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် MIDO (Myanmar ICT Development Organization) အဖွဲ့က ရရှိခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ချီးမြှင့်ခဲ့သည့် Digital Courage Award 2019 ဆုကိုမူ မြန်မာနိုင်ငံ အတွက် ဇော်ဂျီဖောင့် ကို စတင်တီထွင်ခဲ့ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တဦး လည်း ဖြစ်သည့် ဦးရဲမြတ်သူက ရရှိခဲ့သည်။

ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၆၀ ကျော်တွင် လှုပ်ရှားဆောင်ရွက်နေသောဂျာမန် NGO တခုဖြစ်သော Friedrich Naumann for Freedom (FNF) သည် မြန်မာနိုင်ငံ၏ လွတ်လပ်မျှတသော ဒီမိုကရေစီကူးပြောင်းမှုကို ထောက်ခံအားပေးသော အဖွဲ့အစည်းတခုဖြစ်သည်။

FNF သည် ၂၀၁၃ ခုနှစ်ကတည်းက ရန်ကုန်၌ရုံးဖွင့်လှစ်ခဲ့ပြီး စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများပြုလုပ်ခြင်း စသည့်နည်းလမ်းများဖြင့် လစ်ဘရယ်ဝါဒနှင့်ဒီမိုကရေစီ မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။

You may also like these stories:

တင်းမရွာသား ၁၈ ဦးပျောက်ဆုံးနေသည့်အတွက် တိုင်ကြားမှု ရဲစခန်း လက်မခံ

မြန်မာ့ထိပ်တန်းခေါင်းဆောင်နှစ်ဦးကြား မဟာအပေးအယူ ရမလား

မန္တလေးတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်တက်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading