ရှမ်းပြည်နယ် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရှိ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) အုပ်ချုပ်သည့် မိုင်း ပေါက်မြို့တွင် တရုတ်နိုင်ငံသား ၂ ဦး ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိပြီး ဆက်စပ်သူဦးရေ ၃၀၀ ကိုလည်း အသွားလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ (Quarantine Center) များတွင် သီးခြား ခွဲထားလိုက်သည်ဟု သတင်းရ ရှိသည်။
UWSP ၏ ဒု ဥက္ကဋ္ဌ (၃) ဦးကျောက်ကော်အန်း က “ပိုးတွေ့တာက တရုတ်နိုင်ငံသား ၂ ဦးပါ။ သူတို့ကို အခုဒီမှာပဲ ကုသပါ မယ်။ ဒီမှာ “ဝ” က ဆရာဝန်တွေရော တရုတ်က ဆရာဝန်အဖွဲ့တွေရော ရှိပါတယ်။ တရုတ်ကို မလွှဲဘူး။ တရုတ်ပြည်မှာ ကူးရင် တရုတ်ပြည်မှာ ကုမှာပေါ့။ ကျန်တာကတော့ ပန်ဆန်းမှာပဲ ကုပါမယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသား ၂ ဦးကို ဒီဇင်ဘာ ၁၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခြင်းဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်သူများ၊ ကူးစက်ခံရနိုင်ခြေ ရှိသည်ဟု သံသယရှိသူများ စုစုပေါင်းဦးရေ ၃၀၀ ကိုလည်း Quarantine Center သို့ ပို့ထားသည်ဟု UWSA ထံမှ သိရသည်။
UWSP/ UWSA ၏ ဌာနချုပ်စိုက်ရာလည်းဖြစ်၊ မြို့တော်လည်း ဖြစ်သည့် ပန်ဆန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ရှာဖွေသည့် ဓာတ်ခွဲ ခန်းတခုကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဒီဇင်ဘာ ၆ ရက်က ဖွင့်လှစ်ထားသည်။
ထိုဓာတ်ခွဲခန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိမရှိကို Reverse Transcription Polymerase Chain Reaction (RT-PCR) နည်း၊ တို့ဖတ်နမူနာများဖြင့် စစ်ဆေးနိုင်သည့် ဒေါ်လာ ၄ သိန်းကျော်တန် စက်ကိုလည်း တရုတ်နိုင်ငံဘက်မှ ပန်ဆန်းဓါတ်ခွဲခန်းကို လှူဒါန်းထားသည်။
ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေး၊ လူနာကို စောင့်ရှောက်ရေး၊ ကုသရေးပိုင်းများကို တရုတ်နိုင်ငံဘက်မှ ဆရာဝန်အဖွဲ့များက UWSA မှ ဆရာဝန်များကို လာရောက် သင်တန်းပေးထားမှုများ ရှိသည်။
ဆက်လက်ပြီး ဦးကျောက်ကော်အန်းက “အခု အဝင်အထွက် အကုန်ပိတ်လိုက်ပြီ။ ဝိန်းကောင်က ဆင်းလာလည်း မရ တော့ဘူး။ မိုင်းပေါက်ကို အဝင်အထွက် အကုန်ပိတ်လိုက်ပြီ။ မိုင်းလားကနေ မိုင်းပေါက်လည်း အလယ်မှာ ပိတ်လိုက်တယ်။ မိုင်းပေါက်နဲ့ ပန်ဆန်းလည်း သွားလို့ မရတော့ဘူး။ အကုန်ပိတ်လိုက်တယ်” ဟုလည်း ပြောသည်။
ဝ ဒေသသည် မတ်လကတည်းက ရှမ်းပြည်နယ်ရှိ အစိုးရအုပ်ချုပ်ရာမြို့များနှင့် ကူးသန်းသွားလာမှုကို ပိတ်ထားခဲ့ခြင်း ဖြစ် သော်လည်း တရုတ်နိုင်ငံဘက်မှ ဝင်ထွက်သွားလာမှုများက ရှိနေဆဲ ဖြစ်သည်။
မတ်လမှ နိုဝင်ဘာထိ ဝ ဒေသတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း မရှိခဲ့သေးဟုဆိုသည်။
ဒီဇင်ဘာ ၉ ရက်တွင် ဝ ဒေသနှင့် ဆက်စပ်နေသည့် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) အုပ်ချုပ်သည့် အထူးဒေသ (၄) မိုင်းလားမြို့မှ တဆင့် တရုတ်နိုင်ငံသူ တဦးသည် မိုင်းပေါက်မြို့သို့ ရောက်လာခဲ့သည်။
ဒီဇင်ဘာ ၁၄ ရက်တွင် မိုင်းပေါက်မြို့မှ ပန်ဆန်းမြို့သို့သွားပြီး တရုတ်နိုင်ငံဘက်သို့ပြန်သွားရာ တရုတ်နိုင်ငံတွင်း ဆေးစစ် ရာမှ ထို အမျိုးသမီးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိနေကြောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရုတ်နိုင်ငံသူ အမျိုးသမီးသည် မိုင်းပေါက်နှင့် ပန်ဆန်းမြို့သို့ မလာခင် မိုင်းလားမြို့တွင် စက်တင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ နေထိုင်နေသူ ဖြစ်သည်ဟု အထူးဒေသ (၄)က သတင်း ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ အမျိုးသမီး သွားလာထားသည့် နေရာများတွင် ဆက်စပ်သူများ၊ ကူးစက်နိုင်ရန် သံသယရှိသူများကို UWSA နှင့် NDAA တို့က ၎င်းတို့ ဒေသတွင်း စစ်ဆေးလျက် ရှိရာ မိုင်းပေါက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၂ ဦးကို ထပ်မံတွေ့ရှိခြင်း ဖြစ်သည်။
NDAA သည်လည်း ၎င်းတို့ ဒေသတွင်း နေထိုင်ခဲ့သည့် တရုတ်နိုင်ငံသူနှင့် အနီးကပ်နေထိုင်ခဲ့သူ ၁၀ ဦး၊ ဆက်စပ်သူ ၄၉ ဦး တို့ကို စစ်ဆေးထားပြီး လက်ရှိတွင် အားလုံးမှာ ရောဂါပိုး ကင်းစင်သည်ဟု ကြေညာထားသည်။
NDAA ကလည်း ၎င်းတို့ ဒေသတွင်း ၃ လတာ နေထိုင်သွားသည့် တရုတ်နိုင်ငံသူတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ရောဂါ ကူးစက်သည့် ဇာစ်မြစ်ကို တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းပြီး ရှာဖွေနေကြောင်း သတင်း ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ မြန်မာ-တရုတ် နယ်စပ်မှ ပန်ဆန်း၊ မက်မန်း၊ ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော မြို့နယ် ၆ ခုကို ခရိုင် ၂ ခုခွဲ၍ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သတ်မှတ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအတွင်း အစိုးရအာဏာ သက်ရောက်မှုနည်းပြီး UWSP/UWSA ကသာ အပြည့်အဝ ထိန်း ချုပ်ထားသည်။ စစ်အစိုးရလက်ထက်က UWSA နှင့် ငြိမ်းချမ်းရေးယူပြီးနောက် အထူးဒေသ (၂) နယ်မြေအဖြစ် သတ်မှတ် ပေးထားသည့် နေရာလည်း ဖြစ်သည်။
ပန်ဆန်းသည် UWSP/UWSA ဌာနချုပ်စိုက်ရာ မြို့တော်ဖြစ်ပြီး ယခု ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် လူနာများ တွေ့ရှိထားသည့် မိုင်းပေါက်မြို့သည် ပန်ဆန်းနှင့် ရှမ်းပြည်နယ် အထူးဒေသ (၄)၊ မိုင်းလားမြို့သွားရာ လမ်းခုလတ်တွင် တည်ရှိသည်။
မိုင်းပေါက်မြို့ကို ၂၀၁၇ ခုနှစ်တွင် မြို့သစ်အဖြစ်တည်ကာ မြို့တွင်း ကာစီနိုရုံများ၊ KTV လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ ကို တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူပူးပေါင်းကာ ဆောင်ရွက်နေသည့် မြို့ဖြစ်သည်။
မိုင်းပေါက်မြို့သည် UWSA ၏ တပ်မဟာ ၄၆၈ အခြေစိုက်ရာ မြို့လည်း ဖြစ်သည်။
You may also like these stories:
တရုတ် အကူအညီဖြင့် ကိုဗစ် စစ်ဆေးသည့် ဓာတ်ခွဲခန်း တခု “ဝ” ပိုင်ဆိုင်