သတင်း

မြိုင်ကြီးငူက ကရင်စစ်ရှောင်များကို ပြန်လည်နေရာချပေးတော့မည်

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ အတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၄၅၀၀ ကျော်ကို ပြန်လည်နေရာချထားရေးလုပ်ပေးရန် စတင်စီစဉ်နေပြီဟု သတင်းရရှိသည်။

ကရင်ပြည်နယ်၊ လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ၏ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က “ပြန်လည်နေရချထားရေးအတွက် ကော်မတီတွေ ဖွဲ့ထားပါတယ်။ ကျနော်တို့ ကွင်းဆင်းပြီး မြေရိုင်းကို တောရှင်းမှာပါ။ မြိုင်ကြီးငူဆရာတော်ပိုင်တဲ့ မြေကို ရှင်းလင်းပြီး အိမ်တွေ ဆောက်ပေးမှာပါ။ မြေရှင်းပေးဖို့ စက်ယန္တရားတွေ ရှိနေပြီ။ ယန္တရားလုပ်မယ့် လူတွေက အခု Quarantine ဝင်နေပြီ။ သူတို့ ထွက်တာနဲ့ လုပ်ငန်းစပါပြီ” ဟု ပြောသည်။

မြိုင်ကြီးငူဒေသတွင်း အေးလင်းမြတ်ရှင်နှင့် မြတ်ပန်းဝတ်မှုံ ဟူသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၂ ခုရှိပြီး ထိုစခန်း ၂ ခုတွင် အိမ်ထောင်စု ၇၂၄၊ လူဦးရေ ၄၅၇၄ ဦးရှိပြီး ၎င်းတို့၏ နေရပ်ရင်းသည် လှိုင်းဘွဲ့မြို့နယ်၊ မယ်သဝေါဒေသမှ ဖြစ်သည်။

၎င်းတို့သည် တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် တိုးတတ်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တို့ကြား တိုက်ပွဲများကြောင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ကတည်းက ထွက်ပြေးတိမ်းရှောင်နေရသူများ ဖြစ်သည်။

စစ်ဘေးရှောင်များကို ၎င်းတို့၏ နေရပ်ရင်းသို့ ပြန်လည်နေရာချထားရေးလုပ်ပေးမည် မဟုတ်ပဲ မြိုင်ကြီးငူအထူးဒေသ အတွင်းရှိ မြိုင်ကြီးငူဆရာတော်ပိုင်မြေ ၊ ဖွံ့ဖြိုးမြိုင်ရပ်ကွက်နှင့် သစ္စာမြိုင်ရပ်ကွက်တို့ အတွင်းမှ မြေနေရာတွင် နေရာချထား ပေးမည်ဟု သိရသည်။

ဦးလင်းထွဋ်က “မြေရှင်းပြီးရင် ကျနော်တို့က အကွက်ဖော်မယ်။ အကွက်ရိုက်မယ်။ လျာထားချက်တွေ လုပ်မယ်။ ဒီတော့ ဘယ်တော့ပြီးမယ် ကာလကတော့ မသတ်မှတ်ထားဘူး။ ရံပုံငွေရရှိရေး၊ အိမ်ပြန်လည်နေရာချထားရေးအတွက်က လိုအပ်တဲ့ အိမ် အရေအတွက်၊ ပုံစံဒီဇိုင်းတွေကတော့ အခုစီစစ်ဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အစိုးရမှ တည်ဆောက်ပေးမည့် မြေကွက်မှာ တအိမ်ထောင်လျှင် ပေ ၄၀ နှင့် ပေ ၆၀ ပတ်လည် မြေတကွက်နှင့် သိန်း ၃၀ ဝန်းကျင် တန်ဖိုးရှိ အိမ်တလုံး ဆောက်လုပ်ပေးရန် လျာထားသည်ဟု ဦးလင်းထွဋ်က ဆိုသည်။

နေအိမ်များ တည်ဆောက်ပေးပြီးနောက်မှသာ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်းတို့အတွက် ထောက်ပံ့ပေးမည့် လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ပြန်လည်နေရာချထားရေးကို အဆင့်ဆင့်လုပ်ဆောင်ရန်လည်း ကော်မတီများ ဖွဲ့စည်းထားပြီးပြီဟု ဦးလင်းထွဋ်က ဆိုသည်။

စစ်ဘေးရှောင်ဒုက္ခသည်များသည် ယခင်က မယ်သဝေါဒေသတွင် နေထိုင်စဉ်က ရာဘာ၊ ကွမ်းသီး၊ ဝဥ နှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများ ဖြစ်ကာ စစ်ဘေးရှောင်ဒုက္ခသည်ဖြစ်သည့်အချိန်မှစ၍ အလုပ်အကိုင်မရှိဘဲ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ လှူဒါန်းသည့် စားနပ်ရိက္ခာကို မှီခိုနေကြရသည်။

စစ်ဘေးရှောင်ဒုက္ခသည်စခန်းကို ဆက်သွယ်မေးမြန်းရာ ဒုက္ခသည်များက ၎င်းတို့ မူလနေထိုင်ခဲ့သည့် ကျေးရွာများသို့ ပြန် လိုသော်လည်း ၎င်းတို့ နေထိုင်သည့် နေရာတွင် လှုပ်ရှားသည့် တပ်ဖွဲ့များ များပြားခြင်း၊ နှစ်ဖက်တပ်များ စစ်ရေးတင်းမာမှု ရှိလာပါက ပြန်ထွက်ပြေးရမည်ကို စိုးရိမ်ခြင်းနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်သဖြင့် အစိုးရ ချထားပေးသည့် နေရာ တွင်သာ ပြောင်းရွှေ့နေထိုင်ရန် စဉ်းစားထားသည်ဟု ပြောဆိုကြသည်။

စစ်ဘေးရှောင်စခန်းဒုက္ခသည်များစီမံခန့်ခွဲမှုကော်မတီ၏ ဥက္ကဋ္ဌ ဦးဆွေထွန်းက “ပြန်တော့ ပြန်ချင်ကြတယ်။ ဒါပေမယ့် အဆင်မပြေသေးဘူး။ ပြန်နေလည်း မဖြစ်သေးတဲ့ အခြေအနေပေါ့။ အေးချမ်းတဲ့ တနေ့တော့ ကိုယ့်ရွာကို ပြန်မယ်လို့တော့ ဒီက စစ်ဘေးရှောင်တွေက စိတ်ကူးရှိကြပါတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များ၏ နေရပ်ရင်းကျေးရွာများဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း နေရပ်ပြန်ပါက မြေမြှုပ်မိုင်းအကြွင်းအကျန်များ နင်းမိမည်ကို စိုးရိမ်နေကြသည်ဟု ဦးဆွေထွန်းက ပြောသည်။

စစ်ဘေးရှောင်စခန်း ဒုက္ခသည်များ စီမံခန့်ခွဲမှုကော်မတီဝင် တဦးဖြစ်သူ ဒေါ်မွန်မွန်ကလည်း “ရွာဘက်မှာက အခု အေးဆေးပဲလို့ ကြားပေမယ့် ဒီကလူတွေက ပြန်နေလို့မရဲဘူး။ အဲ့တာကြောင့် လောလောဆယ် အစိုးရ ချထားပေးတဲ့ နေရာပဲ ပြောင်းရမှာ”ဟု ပြောသည်။

မယ်သဝေါဒေသတွင်း တိုက်ပွဲဖြစ်ပွားစဉ်က DKBA သည် တပ်ဖွဲ့နှင့် လက်နက်ခဲယမ်းအင်အား နည်းပါးသဖြင့် တပ်မတော်နှင့် BGF တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် မြေမြှုပ်မိုင်းကို အဓိကထား အသုံးပြုကြောင်း ထိုစဉ်က နှစ်ဖက်တပ်များက ဧရာဝတီကို ပြောဆိုထားသည်။

တိုက်ပွဲဖြစ်ပွားစဉ်က DKBA နှင့် BGF တို့ နှစ်ဖက်လုံးက မြေမြှုပ်မိုင်းများ အသုံးပြုကြောင်း နှစ်ဖက်တပ်များကြား အပြန်အလှန် ပြောဆိုမှုများ ရှိသည်။

စစ်ရေးတင်းမာမှုတွေရှိသည့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း မယ်သဝေါဒေသထဲ၌ အရပ်သား ၂ ဦး မိုင်းနင်း မိကာ သေဆုံးထားပြီး စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။

မယ်သဝေါဒေသတွင်း တိုက်ပွဲဖြစ်ပွားစဉ်က နှစ်ဖက်တပ်များအကြား စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ကြသည်ဟု နှစ်ဖက် တပ်များက ပြောသော်လည်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက်က မယ်သဝေါသည် ထိုင်းနှင့် တရုတ်က ရင်းနှီးမြှုပ်နှံထားသည့် ဟတ်ကြီးရေကာတာစီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေး လမ်းပိုင်းဖြစ်သဖြင့် ဒေသခံများကို ဖယ်ထုတ်ခြင်း၊ DKBA ကို ရှင်းလင်းခြင်းများ ပြုလုပ်ခြင်း ဖြစ်သည်ဟု အစီရင်ခံစာတစောင်ထုတ်ကာ ပြောဆိုထားသည်။

မယ်သဝေါဒေသသည် သံလွင်မြစ်ကို ကျောပေးထားကာ ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) ၏ တပ်မဟာ (၅) နယ်မြေနှင့်လည်း ကပ်လျက်ရှိသည်။

ထိုတပ်မဟာ ၅ နယ်မြေထဲကိုလည်း ဝင်ခွင့်ပြုရန် ၂၀၁၆ ခုနှစ်က တပ်မတော်နှင့် BGF တို့က တောင်းဆိုမှုများ ရှိခဲ့သည်။

KNLA တပ်မဟာ ၅ သည်လည်း တပ်မတော်နှင့် စစ်ရေးတင်းမာမှုများရှိကာ မကြာခဏ ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သည်။

မယ်သဝေါဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားထားသည့် DKBA သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည်။

အစိုးရနဲ့ လက်မှတ်ရေးထိုးရန် ညှိနှိုင်းနေဆဲ အချိန် ၂၀၁၅ ခုနှစ်၊ ဇူလိုင်တွင် ဗိုလ်မှူးချုပ်စောကျော်သက် ဦးစီးသည့် ကလို့ထူးဝါးဗျူဟာ၊ ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့များက တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားရာ DKBA ဌာနချုပ်က တိုက်ပွဲတွင်း ပါဝင်ပတ်သတ်သည့် ၎င်း၏ လက်အောက်ခံ တပ်ရင်းများကို အဖွဲ့မှ ထုတ်ပယ် ခဲ့သည်။

ထိုစဉ်က တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားရခြင်းမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ ချိတ်ဆက်ထားသည့် အာရှလမ်းမကြီးတွင် အခွန်ကောက်သည့် ကိစ္စများသည်လည်း ပြဿနာ တတ်ရသည့် အကြောင်းအရင်းတချက်အဖြစ်ပါဝင်သည်။

ထို့နောက် ဗိုလ်မှူးချုပ်စောကျော်သက် ဦးဆောင်သည့် ကလို့ထူးဝါးဗျူဟာ၊ ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့များသည် တိုးတတ်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အမည်ဖြင့် ပြန်ထူထောင်လိုက်ပြီး DKBA-ခွဲထွက်အဖွဲ့ ဟုလည်း ခေါ်ဆိုကြသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်သည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ကိုးကန့်ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကရင်ပြည်နယ်သို့ပြန်လာပြီး တိုက်ပွဲအချို့တွင် ပါဝင်ခဲ့သည်။

၂၀၂၀ခုနှစ်၊ မတ် ၁၂ ရက်တွင် ဗိုလ်မှူးကြီးစောဆန်းအောင်အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးတို့သည် တပ်မတော်ထံတွင် လက်နက်အပ်၊ အလင်းဝင်လိုက်သည်။

သို့သော် တိုးတတ်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောကျော်သက် နှင့် အခြားတပ်ဖွဲ့ဝင်များသည် တပ်မတော်ထံ အလင်းဝင်သည့် ထဲတွင် ပါဝင်ခြင်းမရှိဘဲ ကရင်ပြည်နယ်တွင်း ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်။

You may also like these stories:

တင်းမရွာသား ၁၈ ဦးပျောက်ဆုံးနေသည့်အတွက် တိုင်ကြားမှု ရဲစခန်း လက်မခံ

ဘိုးဘွားပိုင် စိုက်ပျိုးမြေဧက၃ထောင်ကျော် ပြန်ပေးရန် ကန်ပက်လက်ဒေသခံများ တောင်းဆို

ငြိမ်းချမ်းရေး မှတပါး အခြားမရှိပြီ

Loading