ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း တပ်မတော်မှ အင်အား အများအပြားဖြင့် လုံခြုံတိုးမြှင့် ဆောင် ရွက်လျက်ရှိရာတွင် ကောလဟလအမျိုးမျိုး ထွက်ပေါ်နေပြီး တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံ အချို့ က ပြောသည်။
သာမန်အားဖြင့် မြဝတီမြို့ပေါ်တွင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များသာ လက်နက်ဖြင့် မြင်တွေ့ရလေ့ရှိသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ထိုင်းနိုင်ငံဘက်မှ ဂျပန်ကား ဟောင်း အစီး တရာကျော် တရားမဝင် တင်သွင်းမှုကို ဖမ်းဆီးခဲ့ပြီးနောက် တပ်မတော်က လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လာ ခြင်း ဖြစ်သည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ပြီးခဲ့တဲ့ ရက်က မှောင်ခိုကား ဖမ်းမိတာတွေရှိ တယ်။ ဒါနဲ့ ပတ်သက်ပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတာပဲ ရှိပါတယ်။ တခြားတော့ မရှိပါဘူး။ တရားမဝင် ကာစီနို လောင်းကစားတွေနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ဖာပွန်မြို့နယ် မဲဝိုင်းဒေသတွင် တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ- ၅ တို့ ကြား ယခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုအချို့ဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိသည့် အခြေအနေကြောင့် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားနေသည့် မြဝတီမြို့နယ်ကို လုံခြုံရေးတိုးမြှင့်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေ သည်။
ယင်းပြင် တပ်မတော်၏ လုံခြုံရေး တိုးမြှင့်မှုသည် တရားမဝင် ကားများ ဖမ်းဆီးမှုကြောင့်သာ မဟုတ်ဘဲ BGF အခြေစိုက်ရာ ရွှေကုက္ကိုလ်ရှိ အငြင်းပွားဖွယ် တရုတ်မြို့သစ်စီမံကိန်းနှင့်လည်း ပတ်သက်ပြီး နိုင်ငံတော်က ခွင့်ပြုထားသည့် မြေဧကထက် ကျော်လွန်ကာ ရယူ လုပ်ဆောင်မှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေသခံများကြား သုံးသပ်လျက် ရှိကြသည်။
ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း ရင်းနှီးမြှုပ်နှံသူ တရုတ် လုပ်ငန်းရှင်များမှာလည်း ရာဇဝတ် မကင်းသည့် အဖွဲ့အစည်းများ ပတ် သက် ဆက်နွယ်မှု ရှိကြောင်း စွပ်စွဲမှုများရှိနေပြီး မြို့သစ်အား အစိုးရခွင့်ပြုသည်ထက် ကျော်လွန်ဆောင်ရွက်မှုများကြောင့် လည်း စီမံကိန်း တည်ဆောက်မှု ရပ်တန့်ထားရန်၂၀၁၉ ခုနှစ်ကတည်းက တပ်မတော်က သတိပေးထားသည်။
ပြီးခဲ့သည့် လပိုင်းကလည်း နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် မြဝတီနှင့် မဲဆောက်တို့တွင် ကျပ်ဘီလီယံ ရာချီတန်ဖိုးရှိသည့် မူး ယစ်ဆေးများ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုမှတဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည်ဟု ယူဆရသည့် တရုတ်နိုင်ငံ ထုတ် သေနတ်များအား ဖမ်းဆီးရမိသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ကွင်းဆက် စုံစမ်း စစ်ဆေးမှုများကိုလည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။
မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “လုံခြုံရေး တိုးတာက ဒေသတွင်းရော၊ တဖက်နိုင်ငံရဲ့ တိုးမြင့်တဲ့ အခြေအ နေကော ကြည့်ရတာပေါ့။ ရှမ်းမြောက်တို့၊ ရခိုင်တို့က ဖြစ်စဉ်ကြည့်ရင် သိနိုင်မှာပါ။ လုံခြုံရေး ကျိုးပေါက်မှု မရှိအောင် လုပ် ရတာပေါ့။ နိုင်ငံတကာ အခြေအနေ ဒေသတွင်း အခြေအနေတွေအရ မဖြစ်ဖြစ်အောင် လှုံ့ဆော်တဲ့သူက လုပ်မှာပဲ၊ အား လုံးက လုံခြုံရေးသတိ၊ လုံခြုံရေးအသိနဲ့ လုပ်ရင်တော့ သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး ပေါ့” ဟု ပြောဆိုသည်။
လတ်တလောတွင် တပ်မတော်အနေဖြင့် မြို့၏ အချက်အချာ နေရာတိုင်းတွင် လုံခြုံရေး ယူထားကာ ညဘက်တွင်ပါ တပ် မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များဖြင့် လုံခြုံရေး ကင်းလှည့်မှုများ ရှိနေကြောင်း မြဝတီမြို့တွင် နေထိုင်သည့် ဦးမျိုး အောင် က ပြောသည်။
You may also like these stories:
KNU တပ်မဟာ ၅ ၏ ပစ်ခတ်မှု သယံဇာတ အကျိုးစီးပွားကြောင့်ဟု တပ်မတော်ပြော
လိင်၊ မူးယစ်ဆေး၊ လက်နက်နှင့် ကိုဗစ်-၁၉ သို့မဟုတ် ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး
တရားမဝင်ငွေကြေး သံသယဖြင့် မြန်မာဘဏ်အကောင့် ၁၀၀ ကျော် ထိုင်းဘက်က ပိတ်