လာမည့်နှစ်၌ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့်စက်မှုဇုန် အစရှိသည့် မြန်မာ့စီးပွားရေးကဏ္ဍများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာမည့် အလားအလာကောင်းများ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန် ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်နှင့်အမျှ ပြည်တွင်း စီးပွားရေး လုပ်ငန်းများအတွက်လည်း အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်လာစေရန်အတွက် လုပ်သာကိုင်သာရှိသော စီးပွား ရေး ဝန်းကျင်ကောင်းများ ဖန်းတီးပေးနိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒီဇင်ဘာလ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏၂၉ ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးသောင်းထွန်းက “ရန်ကုန်တိုင်းမှာ ရှိတဲ့ သီလဝါ အထူးစီးပွားရေးဇုန်က အောင်မြင်မှု ရရှိနေတဲ့ သာဓက ကောင်းအနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒီလို အလားတူ စီမံကိန်းတွေကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။
စီးပွားရေးဇုန် အသစ်များအဖြစ် လာမည့် ဒီဇင်ဘာ၂၄ ရက်တွင် စတင်တည်ဆောက်မည့် Korea-Myanmar Industrial Complex (KMIC) စီမံကိန်း၊ ထိုင်းနိုင်ငံမှ AMATA Smart and Eco City နှင့် စင်ကာပူ- မြန်မာ ဖက်စပ် ဆောင်ရွက်မည့် Myanmar Singapore Industrial Park တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနထံက သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်သော ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချုပ် (RCEP) တွင် ပါဝင်လက်မှတ်ထားပြီးခြင်းကြောင့် ကမာ္ဘ့ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်နှင့် ကမာ္ဘ့ကုန်သွယ်မှု ပမာဏ၏ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်းပြီး စာချုပ်ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် မိမိတို့ နိုင်ငံအတွက် အခွင့်အလမ်း ကောင်းများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ နိုင်ငံ RCEP ဝင်ရောက်မှုက နိုင်ငံ့စီးပွားရေး အဓိက မောင်းနှင်းအားဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို အလေးထားတဲ့ အနေနဲ့ စာချုပ်ပါ အခွင့်အရေးကို အများပြည်သူ လက်တွေ့ခံစားရအောင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော်အနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအပေါ် ကုစားရေး ကော်မတီ ဖွဲ့စည်းပြီး ထိခိုက်မှုများ ကာကွယ်ဖြေလျှော့ သက်သာစေရန် ငွေကျပ်ဘီလီယံ ၃၀၀၀ နီးပါး စုစုပေါင်း GDP ၄ ရာခိုင်နှုန်းခန့် ကျခံ သုံးစွဲပေးခြင်း၊ စီးပွားရေးမူဝါဒ လုပ်ထုံးလုပ်နည်း ဖြေလျှော့ပေးခြင်း၊ ဘဏ်အတိုးနှုန်း လျော့ချပေးခြင်း၊ အခွန်အခများ လျှော့ပေးခြင်းနှင့် ဆိုင်းငံ့ကာလခွင့်ပြုခြင်း စသည့် ကူညီပံ့ပိုးမှုများကြောင့် စီးပွားရေး လုပ်ငန်းအချို့အထိုက်အလျှောက် ပြေလည်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမာ္ဘတဝန်း စီးပွားရေးနှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိခဲ့သော် လည်း ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံနီးပါး အထိ ရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနထံက သိရသည်။
စီးပွားရေး ပညာရှင် ဦးလှမောင်က “နိုင်ငံတနိုင်ငံ စီးပွားရေး မြန်မြန် ဖွံ့ဖြိုးတိုးတက်ချင်ရင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်နဲ့ များများလာအောင် အထူးစီးပွားရေးဇုန်ကြီးတွေ တည်ဆောက်ပေးရတယ်။ SEZ လုပ်ပေးရမှာ စက်မှုဇုန်မဟုတ် ဘူး အထူးစီးပွားရေးဇုန်အောက်မှာမှ စက်မှုဇုန်တွေ၊ စက်မှုမြို့တော်တွေက ထပ်ဖြစ်ရမှာ။ အခုလုပ်နေတဲ့ စက်မှုဇုန်တွေက အထူးစီးပွားရေးဇုန်လား ရိုးရိုးစက်မှုဇုန်လား၊ ဒါကို အကောင်အထည် ဖော်တဲ့လူတွေ ကွဲကွဲပြားပြား သိဖို့လိုတယ်” ဟု ပြော သည်။
ယခု အကောင်အထည်ဖော်မည့် စက်မှုဇုန်များသည် အထူးစီးပွာရေးဇုန် ဥပဒေဖြင့် လည်ပတ်မည်လား၊ ရိုးရိုးစက်မှုဇုန် ဥပဒေဖြစ် လည်ပတ်မည်လားဆိုသည့် ကိစ္စရပ်များကို ကွဲကွဲပြားပြား မသိရှိကြောင်း၊ ရိုးရိုးစက်မှုဇုန်သာ ဖြစ်မည် ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အခက်တွေ့စေနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ဦးလှမောင် “အခု စီးပွာရေး တိုးတက်နေတဲ့ တရုတ်တို့ တောင်ကိုရီးယားတို့ဆိုတာလည်း အထူးစီးပွားရေး ဇုန်တွေကပဲ အကောင်အထည်ဖော်ခဲ့ကြတာပါ။ အဲဒါမှာ အထူးစီးပွားရေးဇုန် ဥပဒေနဲ့ ခံစားခွင့်တွေ၊ ကင်းလွတ်ခွင့်နဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ က ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ပြီး စီးပွားရေး တိုးတက်အောင် လုပ်ကြတာ” ဟု ပြောဆိုသည်။
ကမာ္ဘ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ထားသော စီးပွားရေး အစီအရင်ခံစာအရ COVID-19 ထိန်းချုပ်မှု အစီအမံများနှင့် ဆက်စပ်နေသော စီးပွားရေး ထိခိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် လက်ရှိ ၂၀၂၀-၂၁ ဘဏ္ဍာ ရေးနှစ်တွင်၂ ရာခိုင်နှုန်း၌ ဆက်လက် ရှိနေမည် ဖြစ်ကြောင်း ခန့်မှန်ထားသည်။
ဗိုင်းရပ်စ် ကူးစက်မှု နှေးကွေးသွားခြင်းနှင့်အတူ ၂၀၂၁ ခုနှစ် မတ်လမှ စတင်ကာ တိုးတက်မှုနှုန်းမှာ တဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်ပြီး အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု ပြန်လည်မြင့်တက်လာခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုမှုနှင့် ဆက်စပ်သော ကုန်ထုတ်စွမ်းအားမြင့်တက်မှု တို့ကြောင့် စီးပွားရေးတိုးတက်မှုနှုန်း သည် ပျမ်းမျှအားဖြင့် ၇ ရာခိုင်နှုန်းအထိ ပြန်လည် မြင့်တက်လာမည်ဟု ကမာ္ဘ့ဘဏ်၏ အစီအရင်ခံစာအရ သိရသည်။
You may also like these stories:
မြန်မာ့စီးပွားရေး ရှေ့နှစ် နာလန်ထမည်ဟု ကမ္ဘာ့ဘဏ် ဆို
ကိုဗစ်ကြောင့် သီလဝါ အထူးစီးပွားရေးဇုန်သို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ခန့် လျော့ကျ