တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော် ကာကွယ်ရေးဟု ဗိုလ်ချုပ်မှူးကြီး ပြော
တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ ၊ မှော်ဘီတွင် ပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲတွင် ပြောဆိုလိုက်သည်။
“နိုင်ငံ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ စစ်ပညာ သင်ကြားရန်နဲ့ စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်
မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော် ကာကွယ်ရေးဟု ဆိုရာတွင် နိုင်ငံတနိုင်ငံ၏ နယ်နမိတ်ကို ကာကွယ်ခြင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ခြင်း သာမက နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ခြင်း၊ ပြည်သူ့များအပေါ် ကျရောက်လာ မည့် သဘာဝဘေး၊ ကူးစက်ရောဂါဘေး၊ စားနပ်ရိက္ခာ ပြတ်လပ်ခြင်း စသည့် ဘေးအန္တရာယ်တို့ကို ကာကွယ်ခြင်းအထိ တွေးခေါ် စီမံနိုင်ရန် လိုကြောင်း ၎င်းက ပြောသည်။
နိုင်ငံတိုင်းတွင် အုပ်ချုပ်သူ အစိုးရများ ပြောင်းလဲတတ်သော်လည်း နိုင်ငံနှင့် တပ်မတော်သည် အစဉ်အမြဲ ရှိနေရမည့် အဖွဲ့ အစည်းများ ဖြစ်ကြောင်း၊ နိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲနေရန်အတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်မည့် တပ်မတော်တရပ် ရှိနေရမည် ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက် ပြောကြားသည်။
တပ်မတော်အရာရှိဟောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက “တပ်မတော်ရဲ့ အဓိက တာဝန်ကတော့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ပဲ။ ကျန်တဲ့ ကိစ္စတွေမှာ သူတို့ကို အကူ အညီတောင်းရင် အကူအညီ ပေးရ မယ်။ ဘယ်ကိစ္စကိုမှ တပ်မတော်မှာ တိုက်ရိုက် တာဝန်မရှိဘူး။ သူ့အဓိက တာဝန်က လုံခြုံရေးနဲ့ ကာကွယ်ရေးပဲ”ဟု ပြောသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဝင်လည်း ဖြစ်သူ ၎င်းက ယခုအခါတွင် တပ်မတော်သည် သူ့နေရာတွင် သူ မရှိ သဖြင့် ယခုလို အခြေအနေမျိုး ဖြစ်နေပြီး ၎င်းတို့ ပါတီက တပ်မတော်ကို သူ့နေရာသူ ရောက်ရှိစေရန် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး ကြိုးစားနေခြင်း ဖြစ်ကြောင်း ပြောသည်။
“အကုန်လုံးက သူ့တာဝန်နဲ့သူ၊ ကိုယ့်တာဝန်နဲ့ကိုယ် ဒီလိုပဲ သွားကြရမှာ။ လူတယောက်၊ တဖွဲ့ တည်း မှာ အာဏာတွေ အကုန်လုံး စုပြုံပေးထားလို့ မရဘူး။ အခု အဲဒါကို လက်မလွတ်သေးလို့ ဂွကျနေတာ။ သူ့တာဝန်သူလုပ်၊ ကိုယ့်တာဝန် ကိုယ်လုပ် ခွဲထားပြီးသား။ အဲဒီစကားကို ကျနော် လွှတ်တော်ထဲမှာ အမြဲတန်း ပြောတယ်။ ကိုယ့်တာဝန်ကိုယ် လုပ်ကြ ဖို့လေ”ဟု ဦးအောင်ဝင်းက ပြောသည်။
နိုင်ငံရေး သုတေသီ တပ်မတော် အရာရှိဟောင်း ဒေါက်တာ အောင်မျိုးကမူ တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်သော်လည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားသည့် တာဝန်များကိုလည်း ဆက်လက် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံတော် ကာကွယ်ရေး တာဝန်က အဓိကပဲမို့ ကျန်တဲ့တာဝန်တွေ မလုပ်သင့်ဘူးဆိုတာကတော့ ဘေးကနေပြီးတော့ မလုပ်စေချင်တဲ့သူတွေရဲ့ ထင်မြင်ယူဆချက်ပဲ ဖြစ်တယ်။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေရဲ့ တာဝန်ကိုလည်း ဆက်လက် ထမ်း ဆောင်ဖို့ လိုတယ်။ သူ(တပ်ချုပ်) ကိုယ်တိုင်လည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအောက်က လူတယောက်ပဲ ဖြစ်တယ်။ အဲဒီတော့ ဒီဥပဒေအတိုင်းပဲ ဆက်ပါနေဦးမှာပဲ”ဟု ဒေါက်တာ အောင်မျိုးက ပြောသည်။
တပ်ချုပ်က မြန်မာနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေသည်မှာ ၁၀ နှစ် ကာလသို့ ရောက်ရှိ နေပြီ ဖြစ်ရာ ပြည်သူက ဆန္ဒနှင့်အညီ ရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ် အေး ချမ်းရန် လိုကြောင်းလည်း မနေ့က မှော်ဘီတွင် ပြောဆိုခဲ့သည်။
တပ်မတော် လေ့လာစောင့်ကြည့်သူတချို့ တပ်မတော် အနေဖြင့် မြန်မာ့ နိုင်ငံရေးမှ ဆုတ်ခွာရန် လိုပြီး အမှန်တကယ် တိုင်း ပြည်အတွက် အားကိုးရသည့် ပရော်ဖက်ရှင်နယ် တပ်မတော်၊ Standard Army တခုအဖြစ် ရပ်တည်သွားသင့်ပြီ ဖြစ် ကြောင်း ဆိုကြသည်။
လက်ရှိတွင် တပ်မတော်သည် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဏ္ဍ အားလုံးတွင်ပါ ပါဝင်ခွင့်ရရှိပြီး နိုင်ငံတော် အာဏာကို ပြည်သူ့ဆန္ဒမဲဖြင့် တက်လာသည့် အစိုးရကို သာမက တပ်မတော် ကိုပါ အာဏာ ခွဲပေးထားသည့် ပုံစံ ဖြစ်နေသည်။
တပ်မတော် အနေဖြင့်လည်း နိုင်ငံတော် ကာကွယ်ရေး၊ အချုပ်အခြာ အာဏာပိုင်စိုးနိုင်ရန်အတွက် ခေတ်မီတပ်မတော်တခု ဖြစ်လာစေရန် ကြည်း၊ ရေ၊ လေ ၃ ခုစလုံးတွင် တိုးတက် ပြောင်းလဲမှုများ ပိုမို လုပ်ဆောင်လာသည်ကို တွေ့ ရသည်။
သမာရိုးကျ စစ်ဆင်ရေးများကို အဆင့်မီ စစ်ဆင်ဆောင်ရွက်နိုင်သော ခတ်မီ တပ်မတော် (Standard Army) တခု ဖြစ်လာ စေရန် နိုင်ငံတကာနယ်ပယ်၌ ခေတ်မီ၍ စွမ်းရည်ထက်မြက်သော တပ်မတော်တခု ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေတပ်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း(Combine Flet Exercis e – SEA Sheild 2014) ကို C801A ဒုံးပျံ ပစ်ခတ်မှုနှင့်အတူ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ရေဒါဖြင့် ဖမ်းယူနိုင်သော မိုးကုတ်စက်
ဝိုင်းပစ်မှတ်(Rader Horizontal Target)အား ပစ်ခတ်နိုင်သော ရေတပ်အဆင့်မှ မိုးကုတ်စက်ဝိုင်းအလွန် ပစ်မှတ် (Over the Horizon Target) အား ချေမှုန်းနိုင်သော ရေတပ်အဆင့်သို့ ပြောင်းလဲနိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ ရေပေါ်တွင် သာမက ရေအောင်တွင်ပါ တိုက်ခိုက်နေသည့် Kilo-Class အမျိုးအစား ရေငုတ်သဘောၤတစီးပါ ပိုင်ဆိုင်လာပြီး ထပ်မံ ဝယ်ယူဖြည့်တင်းနိုင်ရန်လည်း တပ်မတော်က ကြိုးစားလျက်ရှိသည်။
လေတပ်အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကာလအတွင်း ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များကို အဆင့်မြင့် တင်နိုင်ခဲ့သည့်အပြင် MiG – 29 လေယာဉ် အမျိုးအစားထဲမှ MiG-29 SE၊ MiG-29B၊ MiG-29 UB လေယာဉ်များကိုပါ ထပ်မံ ဝယ်ယူ ဖြည့်တင်းနိုင်ခဲ့ပြီး လက်ရှိတွင် အစင်းရေ ၃၀ ခန့်အထိ ရှိကြောင်း သိရသည်။
ထို့ပြင် စတုတ္ထမျိုးဆက် JF-17 ဘက်စုံသုံး တိုက်လေယာဉ်များကို ၂၀၁၈ ခုနှစ်တွင် စတင် အသုံးပြုခဲ့ပြီး ပြည်တွင်း၌ တပ် ဆင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဝေဟင်-ဝေဟင် တိုက်ခိုက်ရေး(Air to Air) အတွက် မျိုးဆက် သစ် ပဲ့ထိန်း လမ်းညွှန်စနစ်သုံး ဒုံးများ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ
မြဝတီမြို့တွင် စစ်တပ် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်
AA တောင်းဆိုချက်ကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်မည်ဟု တပ်မတော်ပြော