ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ သမိုင်းဝင်ကျောက်တလုံး ဘုရားအနီးတွင် နေထိုင်ကြသည့် ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး ဂုံးချိန်ရွာအနီးရှိ နေရာသစ်တခုတွင် ရွာတည်ပေးရန် ရခိုင်ပြည်နယ် အစိုးရမှ စီစဉ် နေကြောင်း သတင်းရရှိသည်။
မွတ်စလင် ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလုံရာ စခန်းများကို ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေသော လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်တလုံးစခန်းကို ပိတ်သိမ်းကာ လက်ရှိစခန်းနှင့် တဖာလုံခန့်အကွာတွင် မြေကွက်သစ်များ ဖော်ဆောင်ပြီးဖြစ်ကြောင်းနှင့် နေအိမ်အဆောက်အဦများကိုလည်း ဆောက်လုပ်ပေးတော့မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတို့က ဧရာဝတီသို့ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “လက်ရှိနေရာက သူတို့က Camp ပုံစံပဲ နေရတာ။ အခုကျတော့ ရွာပုံစံမျိုး လုံးချင်းအိမ်တွေဆောက်ပေးမှာ။ အခုကတော့ သူတို့က Camp တန်းလျားမှာပဲ နေရတယ်ပေါ့ဗျာ။ အခုလုပ် ပေးလိုက်တော့ လုံးချင်းအိမ်လေးနဲ့ ရွာသစ်ပုံစံမျိုး ဖြစ်သွားမယ်” ဟု ပြောသည်။
အဆိုပါ စခန်း ပိတ်သိမ်းနိုင်ရေးအတွက် ယမန့်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ IDP စခန်း ကိုယ်စားလှယ်များနှင့်အတူ Online အစည်းအဝေး ဆွေးနွေးမှု တခုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ထိုအစည်းအဝေး ဆွေးနွေးမှုအရ မကြာမီကာလတွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်တော့ မည်ဖြစ်သလို အသစ်ဆောက်လုပ်ပေးမည့် စခန်းအနားတွင် ဒုက္ခသည်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အဝေးပြေး ကားဂိတ်ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းကားဂိတ်ပြီးစီးပါက မွတ်ဆလင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်းလည်း ဦးဝင်းမြင့်က ရှင်းပြသည်။
ဆက်လက်ပြီး ဦးဝင်းမြင့်က “အဲဒီစခန်းအနားမှာပဲ သူတို့နေထိုင်ဖို့အတွက် အဆောက်အဦဆောက်ပေးဖို့ မြေကွက်တွေ လုပ်ထားပြီးပြီ။ ဒါပေမယ့် ကျနော်တို့ လုပ်ပေးထားတဲ့ နေရာမှာ သူတို့နေထိုင်ဖို့အတွက် ဆွေးနွေးနေကြတာပေါ့။ နောက်ပြီး သူတို့ အသက် မွေးဝမ်းကျောင်းဖို့အတွက် အဲဒီအနားမှာပဲ ကျောက်ဖြူ ကားဂိတ်သစ်တခု ဆောက်ဖို့လည်း ကျနော်တို့ စီစဉ်ထားတယ်” ဟု ပြောသည်။
ထို ကျောက်တလုံး ဒုက္ခစခန်းပြောင်းရွှေ့ တည်ဆောက်ရန်အတွက် ကျပ်သန်းနှစ်ထောင်ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ပြောခဲ့သည်။
ယင်းစခန်းအတွက် နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေထဲမှ ရခိုင်ပြည်နယ်အစိုးရ၏ တွက်ချက်တင်ပြလာသည့် စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၀၉၉.၃၁ သန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သုံးစွဲခွင့်ရှိခဲ့ခြင်းဖြစ်ပြီး ထိုငွေများကို နေအိမ် ၃၆၃ လုံးနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် စာသင်ကျောင်း၊ ရေလောင်းအိမ်သာ၊ ဂိုထောင်၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ မီးသွယ်တန်းခြင်း၊ တာဘောင်ဆည် ဖို့ခြင်း၊ ကျောက်ချောလမ်းနှင့် ပြန်လည်နေရာချထားမည့် မြေနေရာတို့အတွက် မြေရာလျော်ကြေး ပေးခြင်းများ အတွက်ပါ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း လက်ရှိတွင် အစိုးရက ရွာသစ်တည်မည့် မြေနေရာမှာ ဒီရေတောများဖြစ်နေပြီး မိုးရာသီ ရေနစ်မြုပ်သဖြင့် ဒုက္ခသည်များမှာ ယင်းနေရာတွင် နေရာချပေးခြင်းကို ကန့်ကွက်ပြီး၊ မူလက နေခဲ့သော မြို့ပေါ်ရပ်ကွက်များတွင် အခြေချပေးရန် စခန်းနေ ဒုက္ခသည်များက တောင်းဆိုနေကြသည်။
စခန်းတာဝန်ခံ ကိုဖြူချေက “အခု အစိုးရက ပလန်ဆွဲထားတဲ့ နေရာဟာ လက်ရှိ စခန်းရဲ့ ၂ ဖာလုံလောက်ဝေးတဲ့ နောက်ကြောမှာ ပြန်လည် နေရာချထားရေးဖြစ်တယ်။ ဒါ့အတွက် ဘတ်ဟိုးတွေနဲ့ မြေတွေကို တာပတ်ထားတယ်။ ဒီနေရာက ဆားငံရည် ရွံ့တောနဲ့ ဒီရေတော နေရာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ အရှေ့ပိုက်ဆိပ်၊ အနောက်ပိုက်ဆိပ်၊ ပြင်ဖြူပေါ်စတဲ့ မိမိတို့ ဟိုအရင်က နေထိုင်ခဲ့တဲ့ နေရာကိုပဲ သွားချင်တယ်” ဟု ဆိုသည်။
ထို့အပြင် ပြောင်းရွေ့ရမည့် စခန်းမှာ ရေအခက်ခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာရှိကြောင်းလည်း ကိုဖြူချေက ရှင်းပြသည်။
၎င်းကဆက်၍ “ကျနော်တို့က အခုချပေးတဲ့ နေရာကို မသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာဟာ မိုးရွာတာနဲ့ ခါးလောက်အထိ ရေနစ်မြုပ်တယ်။ နောက်ပြီးတော့ အဲဒီမှာ ရေတွင်း ၉၀ ကျော်လောက်တူးကြည့်ပြီးပြီ။ ရေမထွက်ဘူး။ လမ်းမကြီးကို ထွက်ဖို့လည်း ၃ ဖာလုံလောက် ဝေးသလို လမ်းကလည်း မရှိဘူးဖြစ်နေတယ်။ ရှေ့မှာက စစ်တပ်ကပိုင်တဲ့ ဦးပိုင်လယ်ကွက်တွေပဲရှိတယ်။ လမ်းဖောက်မယ်ဆိုရင် ကျောက်တလုံးဘုရားကို ဖြိုထုရမယ့် အနေအထားရှိတယ်” ဟု ဆက်လက်ရှင်းပြသည်။
ထိုသို့ ဒုက္ခသည်များ မိမိမူလနေရပ်ဖြစ်သည့် ကျောက်ဖြူမြို့တွင်းသို့ ပြန်လည်နေရာချပေးရန် တောင်းဆိုချက်များနှင့် ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် နောက်ထပ် လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြဿနာတစုံတရာ ဖြစ်လာမည်ကို တားဆီးသည့် အနေဖြင့် ယခုကဲ့သို့ လွတ်ကင်းအောင် ပြုလုပ်ရခြင်ဖြစ်ကြောင်း အစိုးရဘက်မှ တုံပြန်ပြောဆိုသည်။
ဝန်ကြီးဦးမြင့်က “ကျောက်ဖြူမြို့ပေါ်မှာ နေလိုတဲ့ ဆန္ဒကတော့ သူတို့တင်ပြ ကြတယ်။ ဒါပေမယ့် မြို့ပေါ်မှာထားလိုက်လို့ မြို့လူထုရဲ့ လက်ခံမှုအတိုင်းအတာ အပေါ်မှာလည်း မူတည်တယ်။ သူတို့နဲ့ ရောပြီးနေထိုင်တဲ့ အခါမှ မလိုလားအပ်တဲ့ ပြဿနာတွေ နောက်တခါ ဖြစ်လာရင်လည်း ပိုပြီးဆိုးသွားမယ်။ ဒါမျိုးတွေလည်း ကြည့်ရတာပေါ့။ ဒီလို နှစ်ဘက် လွတ်ကင်းတဲ့ နေရာတွေမှာ ပြန်လည်ထူထောင်ဖို့ ပြုလုပ်ပေး ရတာဖြစ်တယ်” ဟု ရှင်းပြသည်။
ထို့သို့ မွတ်ဆလင် ဒုက္ခသည်များအား မူလနေရာမဟုတ်ဘဲ အသစ် ပြောင်းရွေ့နေရာချပေးခြင်းမှာ လူမျိုးစုနှစ်ခုအကြား မလိုလားအပ်သည့် ပြဿနာများကို ထိန်းချုပ်နိုင်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုနေကြသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “အခု နေရာချထားပေးမယ့် နေရာကတော့ ကျောက်တလုံး ဘုရား အခု IDP Camp ရဲ့ အရှေ့ဘက် တဖာလုံလောက်မှာ နေရာချထားဖို့ အတွက် ပြုလုပ်နေကြတယ်။ ဂုံးချိန်ရွာနဲ့ နီးတယ်။ သူတို့ကို အဲဒီဘက် ပြောင်းမယ့် ကိစ္စကတော့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့လူထုနဲ့ သူတို့နဲ့ တခါ အတူနေဖို့ဆိုရင် တခြားမလိုအပ်တဲ့ တစုံတရာ ပြဿနာတွေမဖြစ်လာနိုင်လို့ အဲဒီမှာ နေရာချထားပေးတာကတော့ ပိုကောင်းပါတယ်” ဟုဆိုသည်။
လက်ရှိ ကျောက်တလုံးဒုက္ခသည်စခန်းတွင် အိမ်ထောင်စုပေါင်း ၃၆၀ ကျော်မှ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြပြီး ၎င်းတို့မှာ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ဖြစ်သော အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက် တို့တွင်နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် ပဋိပက္ခအတွင်း နေရပ်စွန့်ခွာခဲ့ရပြီး အစိုးရက ယင်းစခန်းတွင် နေထိုင်ရန် နေရာချပေးထားခြင်းဖြစ် ကြောင်းသိရသည်။
You may also like these stories:
စစ်တွေ၌ လူ့အခွင့်အရေးနေ့ကမ်ပိန်း လုပ်သူ ၃ ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံရ
ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ကို ထောင်ဒဏ်ချမှတ်မှု လူ့အခွင့်အရေးအဖွဲ့များ ဝေဖန်