လာမည့် အစိုးရသစ်အနေဖြင့် ရှေးဟောင်းပစ္စည်းများအား ခိုးတူးခြင်းနှင့် တရားမဝင် ရောင်းချခြင်းများကို နိုင်ငံတော်၏ မူဝါဒအဖြစ် သတ်မှတ်၍ တင်းကျပ်စွာ ကိုင်တွယ် နှိမ်နင်းပေးရန် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်း (MAA) က အကြံပြု တိုက်တွန်းလိုက်သည်။
MAA သည် ရှေးဟောင်းသုတေသန၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လွတ် လပ်သော ပညာရပ်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်သည်။
၎င်းတို့၏ အကြံပြုချက်တွင် လာမည့် ၅ နှစ်တာ ကာလအတွင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မူဝါဒ၊ ဥပဒေ၊ ရှေးဟောင်းပစ္စည်း တရားမဝင်ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ရေး၊ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများ၊ လူထုအခြေပြု အမွေအနှစ်ထိန်းသိမ်းရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဟူ၍ ကဏ္ဍ ၅ ခု ဖော်ပြထားသည်။
လက်ရှိ အစိုးရလက်ထက်တွင် အမွေအနှစ် ထိန်းသိမ်းရေးကို ထင်ဟပ်စေမည့် မူဝါဒ၊ ဥပဒေ ပြုပြင်ပြောင်းလဲမှုများမရှိခြင်း၊ အမွေအနှစ် စီမံခန့်ခွဲရေးဆိုင်ရာ အလွဲများ၊ တရားဥပဒေစိုးမိုးရေး အားနည်းချက်များအား အစိုးရသစ် လက်ထက်၌ ပြုပြင် ပြောင်းလဲနိုင်ရေး ရည်ရွယ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ အကြံပေးခြင်း ဖြစ်ကြောင်း MAA အတွင်းရေးမှူး ဦးသူရအောင်က ပြော သည်။
၎င်းက “ဒီ ၅ နှစ်တာ ကာလမှာ မူဝါဒ၊ ဥပဒေတွေနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ခဲ့ဘူး။ အခုလာမယ့် ၅ နှစ်တာကာလမှာ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲနိုင်အောင် နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်စေချင်တယ်။ ဝန်ကြီးဆိုရင်လည်း အဲဒီလို နားလည်တတ်ကျွမ်းတဲ့သူမျိုးကို ခန့်စေချင်တယ်။ နားလည်တတ်ကျွမ်းသူ မရှိဘူးဆိုရင်လည်း ခန့်လိုက်တဲ့ သူနဲ့နားလည် တတ်ကျွမ်းသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ဟာမျိုးကို ဖြစ်စေချင်တယ်” ဟု အကြံပြုသည်။
ရှေးဟောင်း ပစ္စည်းတရားမဝင် ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ရေးကဏ္ဍနှင့်ပတ်သက်၍ MAA ၏ အကြံပြုချက်တွင် ပြ ဋ္ဌာန်းထားသည့် ဥပဒေများ အသက်ဝင် အကောင်အထည်ဖော်နိုင်ရေး အစိုးရမှ တွန်းအားပေး ဆောင်ရွက်ရန်၊ ပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချမှုများ ကာကွယ်ထိန်းချုပ်ရေး နယ်စပ်ဂိတ်များနှင့် နိုင်ငံတကာထွက်ပေါက်များကို တင်းတင်း ကျပ်ကျပ် စိစစ်ရန် တိုက်တွန်းထားသည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ရှေးဟောင်းပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတဝှမ်း တည်ရှိနေသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အား လုံးကို စနစ်ကျသည့် မှတ်တမ်းစာရင်းပြုစုရန်ဟူလည်း ပါရှိသည်။
ထိုင်းနိုင်ငံ အတွင်းရှိ ရှေးဟောင်း ပစ္စည်းဆိုင်တချို့နှင့် ဟိုတယ် တချို့တွင် မြန်မာနိုင်ငံမှရောင်းချထားသော ရှေးဟောင်း ဘုရားများ အပါအဝင် ကျွန်းတံခါးများ၊ ဘီဒိုများ၊ မီးအိမ်များ၊ ရှေးဟောင်း ဓားများ ကိုတွေ့မြင်ရသည်။
ရန်ကုန်တက္ကသိုလ်၊ ရှေးဟောင်းသုတေသနပညာဌာနမှ ကထိက ဦးစောထွန်းလင်းက “လက်ရှိအချိန်က ဘယ်လိုမှ မထိန်း ချုပ်နိုင်ဘူး။ အွန်လိုင်းပေါ်မှာလည်း မြင်နေရတယ်။ ကြားနေရတယ်။ ဒီအပြင်မှာလည်း ရောင်းဝယ်ဈေးကွက်က ရှိနေတယ်။ ဒါပေမယ့် အရေးတယူ ဆောင်ရွက်တာ မရှိဘူး။ သေချာစစ်တမ်း ကောက်ယူထားတာမျိုး မရှိတော့ ဘယ်လောက်ထိ ကြီး မားနေလဲဆိုတာ ပြောရခက်ပေမယ့် ဒီရှေးဟောင်းပစ္စည်း တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဈေးကွက်ဟာ ပိုပြီး ကြီး ထွားလာတယ်လို့တော့ ပြောလို့ရတယ်။ အရင်က သိပ်ပြီး ပေါ်ပေါ်တင်တင် မလုပ်တာကနေ အခုဆို ပေါ်ပေါ်တင်တင် လုပ်လာတယ်” ဟု ထောက်ပြသည်။
ထိုကဲ့သို့ ရှေးဟောင်းဈေးကွက် ကြီးထွားကျယ်ပြန့်လာသည့်အခါ ရှေးဟောင်းမြို့များသည် ပစ်မှတ်ဖြစ်လာကြောင်း၊ ဥပဒေ ဖြင့် အရေးယူဆောင်ရွက်မှု မရှိသလောက်ဖြစ်ရာ ပိုမို ရဲတင်းလာကြကြောင်း၊ ဒင်္ဂါးများ၊ ခြင်္သေ့/ဟင်္သာ အလေးများကို အွန် လိုင်းပေါ်၌ လေလံပစ်ပြီး ပေါ်ပေါ်တင်တင် ရောင်းဝယ်မှုများ ပြုလုပ်နေသည်ကိုပင် တွေ့လာရကြောင်း သုံးသပ် ပြောဆိုမှု များလည်း ရှိသည်။
ဦးသူရအောင်က “အစိုးရက ရှေးဟောင်းပစ္စည်း ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်လို့ မူကိုမရှိတာ။ အခုလည်း ရောင်း ဝယ်နေကြတာပဲ။ ဒါကို တိုက်ဖျက်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဒီရှေးဟောင်းပစ္စည်းတွေကို ပြည်တွင်းမှာ ရောင်းဝယ်ခွင့် ပေး မှာလား။ ပေးရင်လည်း စည်းကမ်းနဲ့၊ ဥပဒေနဲ့ အတိအလင်း ပြဋ္ဌာန်းပြီးလုပ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ ကြာရင် ကုန် မှာပဲ။ ကိုယ့်နိုင်ငံက ပစ္စည်းကြည့်ချင်ရင် သူများနိုင်ငံသွားကြည့် ဆိုတာမျိုး ဖြစ်သွားမယ်” ဟု ဆိုသည်။
၂၀၁၅ တွင် ပြဋ္ဌာန်းခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၌ ရှေးဟောင်း ဝတ္ထုပစ္စည်းများ ရယူ စုဆောင်းခြင်း၊ အခြားကို သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူစုဆောင်းခြင်းများနှင့် ပတ်သက်၍ အတိအလင်း တားမြစ်ထား သည်။
ယင်းဥပဒေတွင် ရှေးဟောင်းဝတ္ထု ပစ္စည်းဆိုသည်မှာ မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ်တွင်ဖြစ်စေ၊ ရေ အောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင် လူသားတို့ ပြုလုပ် သုံးစွဲခဲ့သော အရာဝတ္ထုပစ္စည်းများဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
မည်သူမဆို ရှေးဟောင်းဝတ္ထုပစ္စည်းကို ခွင့်ပြုချက် မရှိဘဲ ပြည်ပသို့ သယ်ယူခြင်း၊ ပို့ဆောင်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား လျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ၊ ကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ ထိ ငွေဒဏ်သော်လည်းကောင်း၊ ခွင့်ပြုချက်မရှိဘဲ ရှာဖွေတူးဖော်ခြင်းပြုလျှင် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ၊ ကျပ် သိန်း ၃၀ မှ သိန်း ၅၀ ထိ သော်လည်းကောင်း ပြစ်ဒဏ် ကျခံရမည် ဖြစ်သည်။
ထို့ပြင် ရှေးဟောင်းဝတ္ထုပစ္စည်းကို စီးပွားရေးအလို့ငှာ ရောင်းချရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းထားရှိခြင်း၊ လက်ဝယ်ထားရှိ ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း ပြုကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်၂ နှစ်မှ ၅ နှစ်ထိ၊ ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ထိ ပြစ်ဒဏ်ကျခံရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။
You may also like these stories:
ရှေးဟောင်းပစ္စည်း တရားမဝင် ဝယ်ယူစုဆောင်းမှုကြောင့် ရှေးဟောင်းမြို့တွေ ပစ်မှတ်ဖြစ်လာတယ်
နိုင်ငံတော်အဆင့် စောင့်ရှောက်ဖို့ လိုအပ်နေတဲ့ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံ