ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း အချုပ်သားသစ်များနှင့် အကျဉ်းကျလူသစ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက ကုသနိုင်ရန် ကုသဆောင်တခုအား ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာန ပြောသည်။
ကုသဆောင်အား အကျဉ်းထောင် ပရဝုဏ်အတွင်း ထောင်းမကြီး၏အပြင်ဘက်ရှိ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်း ကျောင်းတွင် ပြင်ဆင်ထားခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ပူးပေါင်းမှုဖြင့် အကျဉ်းထောင်ဆရာဝန်များ ကု သမှုပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “အပြင်က အသစ်လာတဲ့သူတွေနဲ့ အထဲကသူ တွေကို ကွင်းဆက်ဖြတ်ရတာပေါ့၊ ဆေးစစ်ပေးမယ်။ Positive ဖြစ်ရင် အထဲကိုမသွင်းတော့ဘူး၊ ကုသတဲ့နေရာမှာ ထားမယ်၊ Negative ဖြစ်ရင်လဲ သတ်မှတ် Quarantine ဆောင်တွေမှာ ၂၁ ရက်ပြည့်တော့မှ ထောင်မကြီးထဲကို ရွေ့တာပေါ့၊ အဓိကတော့ လူဟောင်းနဲ့ လူသစ်ကို တလလောက် ထိတွေ့မှုမရှိအောင် ထားတာပေါ့” ဟု ပြော သည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် အမှုများအား တရားရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိဘဲ အများစုအား အင်တာနက်မှတဆင့်သာ ဆက်သွယ်ဆောင်ရွက်လျှက်ရှိပြီး အချုပ်သားအသစ်များနှင့် အကျဉ်းသား အသစ်များ ရောက်ရှိလာပါကလည်း အကျဉ်းထောင်များတွင် Test Kit များဖြင့် ကိုဗစ်-၁၉ စစ်ဆေးလျှက်ရှိ ကြောင်းသိရသည်။
လတ်တလော အင်းစိန်ထောင်အတွင်း ကိုဗစ်-၁၉ စစ်ဆေးခြင်းလုပ်ဆောင်လျှက်ရှိရာတွင် ရောဂါပိုးတွေ့ရှိသူ မရှိ သေးကြောင်းလည်း ဦးဇော်ဇော်က ပြောသည်။
ယင်းအပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အမှုများ စစ်ဆေးနိုင်ရန်အတွက်လည်း အင်းစိန်အကျဉ်းထောင် အတွင် အထူးတရားရုံးများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း ယမန်နေ့က ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန် တိုင်းတာဝန်ရှိသူများ အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြမည်ဖြစ် ကြောင်းလည်း အစည်းအဝေးတွင် ပါဝင်ခဲ့သူတဦးက ပြောသည်။
အကျဉ်းဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး တိုးမြှင့် ဆောင်ရွက်မှုအပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ကြိုဆိုခဲ့ပြီး အကျဉ်း ထောင်များအတွင်း ကူးစက်မှုဖြစ်ပွားပါက ပိုမိုဆိုးဝါးနိုင်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများအား စနစ်တကျ ပိုမိုဆောင်ရွက်သင့်ပြီး သတင်းအချက်အလက်များကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့် ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။
AAPP မှ ဦးအောင်မျိုးကျော်က “အကျဉ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ရင် ထိန်းချုပ်ဖို့ခက်တယ်၊ ဟိုအရင် ကာလတွေထဲက အကျဉ်းထောင်ထဲမှာ ကူးစက်ရောဂါတခုခုဖြစ်ရင် ထိန်းမနိုင်သိမ်းမနိုင်အခြေအနေဖြစ်တယ်၊ အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ အခြေအနေဖြစ်တယ်။ သာမန်အချိန်မှာတောင် အပြင်ထက် ကျန်းမာရေး စောင့်ရှောက်မှုက လျော့နည်းနေတဲ့အတွက် အခုလို ကိုဗစ်-၁၉ ကာလမှာ ပိုပြီးတော့ အခြေအနေဆိုးဝါးနိုင်တဲ့ အတွက် အကျဉ်းထောင်တွေကို ပိုပြီးတော့ ဦးစားပေးပြီး ကာကွယ်ရေးတွေ လုပ်သင့်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း သာယာဝတီအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၁၀၀ ကျော်ရှိခဲ့သည့်အပြင် မအူပင်ထောင်တွင်လည်း ထောင်ဝန်ထမ်းနှင့်အကျဉ်းသား ၁၀၀ ကျော်တို့ ရောဂါ ကူးစက်ခံခဲ့ရသည်။
ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “သာယာဝတီနှင့် မအူပင်ထောင်တွေမှာ ကူးစက်မှုရှိခဲ့တာ ဟုတ်ပါတယ်၊ ဒါကို ထိန်းချုပ်လိုက်နိုင်ပါတယ်၊ သေဆုံးသူမရှိပါဘူး” ဟု ပြောသည်။
အကျဉ်းထောင်များအနေဖြင့် အလုံပိတ်ပတ်ဝန်းကျင်ဖြစ်ခြင်း၊ တဦးနှင့်တဦး အလွန်နီးကပ်စွာနေထိုင်ရခြင်း၊ တကိုယ်ရေ သန့်ရှင်းရေးအတွက် လိုအပ်ချက်ရှိနေနိုင်ခြင်း၊ အာဟာရပြည့်ဝမှု လိုအပ်ချက်များရှိနိုင်ခြင်း၊ ကိုယ်ခံအား ကျနေနိုင်ခြင်းတို့ကြောင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်မြန်သည့် ရောဂါတစုံတဦးတွင် ဖြစ်ပွားပါက အလွန်လျင်မြန် စွာ ကူးစက်ပျံ့နှံ့သွားမည်ဖြစ်သည့်အတွက် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက အောက်တိုဘာနောက်ဆုံးပတ်တွင် ပြောခဲ့သည်။
You may also like these stories:
ကိုဗစ်ကာလမှာ နေထိုင်မှုပုံစံသစ်နဲ့ အသားကျအောင် ဘယ်လိုနေထိုင်ကြမလဲ
တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးများ ကာရံမှု ကိုဗစ်ကာလ ယာယီဟု အကြောင်းပြ
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့တွင် တရုတ်နိုင်ငံသား ၂ ဦး ကိုဗစ်ကူးခံရ