သတင်း

ICJ က ဖွဲ့စည်းလိုက်သည့် အထူးကော်မတီ မြန်မာအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲ

Want create site? Find Free WordPress Themes and plugins.

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်ထားသည့် ကြားဖြတ်အစီအမံများ အကောင်အထည်ဖော်ခြင်းကို စောင့် ကြည့်ရာတွင် ရုံးတော်အား ကူညီမည့် တရားသူကြီး ၃ ဦး ပါဝင်သော အထူးကော်မတီတရပ် ထူထောင်ခြင်းကို ခွင့်ပြု ကြောင်း ဒီဇင်ဘာ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်အရ ယင်းကော်မတီသည် သက်ဆိုင်ရာ အဖွဲ့အစည်းက တင်သွင်းလာသော သတင်းအချက်အလက်များကို စစ်ဆေးပြီး ရုံးတော်သို့ အချိန်ကာလအလိုက် အစီရင်ခံစာ တင်ပြရမည် ဖြစ်သကဲ့သို့ ရုံးတော်အတွက် ရွေးချယ်စရာများကို လည်း အကြံပြုရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက မည်သည့် ဆုံးဖြတ်ချက်မဆိုကို ရုံးတော်က ချမှတ်မည်ဖြစ်ကြောင်း သိရ သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တိုင်ကြားခဲ့မှုနှင့် ပတ်သက်၍ ICJ က မြန်မာ လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ၂၀၂၀ ဇန်နဝါရီတွင် ချမှတ်ခဲ့ပြီး နောက်ပိုင်း ယခုအခါ နောက်ဆက်တွဲ လုပ်ဆောင်ချက်အဖြစ် ထိုကဲ့သို့ ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။

ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဖြစ်ခဲ့သူ ဦးအေးလွင်က “တရားရုံးက သူ့ရဲ့ Legal Procedure ပေါ့နော်။ တရားရေး လုပ် ငန်းစဉ်များအရ လုပ်သင့်လုပ်ထိုက်တာတွေ တခုပြီးတခု လုပ်တာပေါ့။ ကြားဖြတ် ဆုံးဖြတ်ချက်တခုက သူတို့ စောင့်ကြည့် မယ်ဆိုတာ ပြောထားတာ တခု ရှိတယ်။ ဘယ်လောက်ထိ အကောင်အထည်ဖော်တယ်မဖော်ဘူး ဆိုတာကို တိတိကျကျနဲ့ မျှမျှ တတလေး Monitor လုပ်လို့ရအောင် ဒီလို စနစ်တကျ အဖွဲ့ဖွဲ့တယ်လို့ ကျနော် မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။

တရားရေးကိစ္စသည် စိတ်ကူးယဉ်၊ ကြားသတင်းများဖြင့် ပြော၍မရသောကြောင့် ယခုလို တိကျသော ကော်မတီဖြင့် စောင့် ကြည့်သည့် သဘောဟု မြင်ပြီး သို့မှသာ အချက်အလက်ဖြင့် တိတိကျကျ ထောက်ပြနိုင်မည်ဖြစ်ကြောင်း၊ မြန်မာအစိုးရ အ နေ ဖြင့်လည်း ပေးထားသည့် ကတိကဝတ်များအတိုင်း လက်တွေ့ မြေပြင်၌ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ် ကြောင်း ၎င်းက ပြောသည်။

အမှုနှင့် ပတ်သက်၍ ၂၀၂၁ ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာဘက်က ပြန်လည် ခုခံချေပချက်ကို ICJ သို့ တင်သွင်းရမည်ဖြစ် ရာ ယင်းတင်ပြချက်များသည် အောက်ခြေ မြေပြင်အခြေအနေကို အခြေမခံဘဲ အမှုမှ လွတ်ရေး၊ စွပ်စွဲချက်များအား ငြင်း ဆန်ရေးကိုသာ သွားနေမည်ဆိုပါက တဖက်က အထောက်အထား ခိုင်လုံစွာ တင်ပြလာချိန်တွင် နိုင်ငံအနေဖြင့် သိက္ခာကျ မည့်အပြင် လိမ်ညာမှုပါ ဖြစ်သွားနိုင်ကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြသည်။

၎င်းက “တရားရေးမှာလည်း ဒါက မမှန်မကန် ထွက်ဆိုချက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဒီဟာတွေ မကျူးလွန်ပါဘူးဆိုပြီး အကုန် လုံး ငြင်းနေမယ့်အစား ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို တကယ့် လက်တွေ့ကျကျ စုံစမ်းပါ။ ဒါနဲ့ပတ်သက်ပြီး အမှန်တ ကယ် လုပ်ဆောင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်ပြီးတော့ ရင်ဆိုင်သော ကိစ္စမျိုးက နိုင်ငံတကာမှာ အောင်မြင်မယ်” ဟု အကြံပြုသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို လူမျိုးတုန်း သတ်ဖြတ်သည်ဟု စွပ် စွဲပြီး ကြားဖြတ်အစီအမံများ (Provisional Measure) ချမှတ်ပေးရန် လျှောက်ထားမှုအပေါ် ကုလသမဂ္ဂ၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် ICJ က မြန်မာနိုင်ငံအနေဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ၂၀၂၀ ဇန်နဝါရီတွင် ချမှတ်ခဲ့ သည်။

အဆိုပါ ၄ ချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်လာစေရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်၊ မြန်မာစစ်တပ် အပါ အဝင် တခြားလက်နက်ကိုင် တပ်ဖွဲ့များက လူမျိုးတုန်းသတ်ဖြတ်မှု မကျူးလွန်စေရေး ကြီးကြပ်ပေးရန်၊ လူမျိုးတုန်းသတ် ဖြတ်ခြင်း ကျူးလွန်မှုများမှ သက်သေ အထောက်အထားများကို မပျက်စီးအောင် ထိန်းသိမ်းရန်၊ အမိန့် ချမှတ်သည့်နေ့မှစ ပြီး ၄ လအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုများကို အစီရင်ခံစာ တင်ရန်နှင့် ထို့နောက်တွင် ၆ လ တကြိမ်ဖြင့် အမှု မပြီးမချင်း ပုံမှန်အစီရင်ခံစာ ဆက်လက် တင်သွင်းသွားရန်တို့ ဖြစ်သည်။

You may also like these stories:

ICC ၏ ရခိုင်ပြည်နယ်အရေး အစီရင်ခံစာကို မြန်မာပယ်ချ

ICJ အရေး ပြည်သူ့ ဘဏ္ဍာငွေ သုံးစွဲမှု စာရင်း အစစ်ခံနိုင်တယ်လို့ အစိုးရ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading