သတင်း

မြန်မာလုပ်သားများကို ပိတ်လှောင်ထားမှု ပြန်သုံးသပ်ရန် ထိုင်းအစိုးရကို တိုက်တွန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ဆခွန်ခရိုင်တွင် ရောဂါကူးစက်ခံရသည့် ရွှေ့ပြောင်းအလုပ်သမားများ နှင့် မကူးစက်သေးသူများအား အဆောက်အအုံတခုတည်း၌ ပိတ်လှောင်ထားသော မူဝါဒကို ပြန် စဉ်း စားရန် အစိုးရကို အလုပ်သမားအရေး လှုပ်ရှားသူများက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်သည်။

ယင်းအလုပ်သမားအတွက် အစားအစာ၊ အလုပ်အကိုင် အကူအညီနှင့် ပိုမိုသန့်ရှင်းသည့် သီးခြားခွဲထား သည့် နေရာထိုင်ခင်းများ လိုအပ်ကြောင်း လူမှုအခွင့်အရေး စောင့်ကြည့်သူများက ပြောသည်။

လွန်ခဲ့သော တပတ်အတွင်းတွင်ပင် ရွှေ့ပြောင်းလုပ်သား တထောင်ကျော် ရောဂါကူး စက် ခံရကြောင်း အာဏာပိုင်များကဆိုသည်။

အလုပ်သမားကာကွယ်ရေး ကွန်ရက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဆွမ်ပေါင် ဆာရာကရောက်က “သူတို့ တွေက အလုပ်မရှိဘဲ တိုက်ခန်းတွေမှာ ပိတ်မိနေတယ်၊ သီးခြားခွဲထားတဲ့ အဆောက်အအုံထဲက ကုန်စုံ ဆိုင်အားလုံးက ကြက်ဥတွေကို ပုံမှန်ဈေးထက် နှစ်ဆနီးပါး တင်ရောင်း နေကြတယ်” ဟု ပြောသည်။

လတ်တလော မြန်မာရွှေ့ပြောင်းလုပ်သား မိသားစု အနည်းဆုံ ၄၀၀ ကို ကူးစက်မှုစတင် ဖြစ်ပွားရာ ပင်လယ်စာရောင်းသည့်ဈေးကြီး အနီး ကျပ်သိပ်နေသော ၄ထပ်ရှိသည့် တိုက်၅တိုက်တွင် ပိတ် လှောင် ထားပြီး၊ ယင်းတိုက်ခန်းနေသူ ၃ထောင်အနက် မည်သူ့ကိုမှ ထွက်ခွာခွင့် မပေးကြောင်း သူက ဆက်ပြောသည်

လွန်ခဲ့သော ရက်ပိုင်းက ကြက်ခြေနီနှင့် ပြည်နယ်အာဏာပိုင်များက အစားအစာနှင့် အခြေခံလိုအပ် ချက်များကို ပေးသော်လည်း လုံးဝလုံလောက်ခြင်းမရှိကြောင်းနှင့် အလုပ်သမားများသည် လခမရ ဘဲ ပိတ်လှောင်ထားခံရသောကြောင့် ပိုမို မျှော်လင့်ချက်ကင်းမဲ့လာကြောင်း အလုပ်သမား ကာကွယ်ရေး ကွန်ရက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဆွမ်ပေါင် ဆာရာကရောက်က ပြောသည်။

“ဘယ်လိုအခြေအနေပဲရောက်နေနေ သူတို့ကို လုပ်ခလစာပေးဖို့ အလုပ်ရှင်တွေကို တိုက်တွန်းဖို့ ကျနော့်အနေနဲ့ ပြည်နယ် စီးပွားရေးလုပ်ငန်းအဖွဲ့ချုပ်ကို ပြောဖို့လိုနိုင်တယ်” ဟုလည်း သူကပြော သည်။

ရောဂါကူးစက်ခံထားရသော အလုပ်သမားများကို မကူးစက်သေးသော အလုပ်သမားများနှင့် အတင်း အကျပ် အတူနေခိုင်းသည်ကို သိရသဖြင့် တုန်လှုပ်မိကြောင်း ပြည်နယ် ၂၀ မှ ရွှေ့ပြောင်းလုပ်သား ကိုယ်စားလှယ်များပါဝင်သည့် ရွှေ့ပြောင်လုပ်သား အုပ်စုမှ ညှိနှိုင်းရေးမှူး အဒစ်ဆောင် ခတ်မွန်ခိုလ်က ပြောသည်။

“ကူးစက်ခံထားရတဲ့ သူတွေကို မကူးစက်ခံရသေးတဲ့ သူတွေနဲ့အတူ ထားတယ်ဆိုတာ လုံးဝမဖြစ်သင့် ဘူး။ ဒါ သူတို့ရဲ့ လူ့အခွင့်အရေးကို ချိုးဖေါက်တာဖြစ်တယ်” ဟု မှတ်ချက်ချသည်။

၂၀၂၀ ဒီဇင်ဘာ ၂၃ ရက်နေ့က ယာလားခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးကို အထောက်အထး စစ်ဆေးနေစဉ်( Khaosad)

ထိုင်းဘာသာဖြင့် ထုတ်လွှင့်သည့် PPTV သတင်းတွင် အလုပ်သမားအများအပြားသည် ဓါတ်ခွဲခန်း စစ်ဆေးမှု ရလဒ်များကို မသိရသောကြောင့် ၎င်းတို့ ရောဂါကူးစက်ခံရခြင်း ရှိမရှိကို လုံးဝမသိကြ ကြောင်း ဆိုသည်။

ယင်းသတင်းဌာနက ရွှေ့ပြောင်းအလုပ်သမားတဦးကို ဗီဒီယိုဖုန်းဖြင့် မေးမြန်းရာ ၎င်းက “ဘယ်သူက ကူးစက်ခံထားရမှန်း မသိတော့ ကျနော်က ဘယ်သူ့ကို ရှောင်လို့ ရှောင်ရမယ်ဆိုတာမသိဘူး။ အခုလောလောဆယ်တော့ အခြေအနေကို လုံးဝမသိရသေးဘူး” ဟု ဖြေကြားကြောင်း သိရသည်။
ထို့အတွက် မြေပြင်တွင် ဖြစ်ပေါ်နေသည့် နောက်ဆုံး အခြေအနေများနှင့်ပတ်သက်ပြီး ပြည်နယ် ကျန်းမာရေးဌာနသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း သတင်းပြချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ထိုင်းအစိုးရ၏ ကူးစက်ရောဂါဌာနမှ ပြောခွင့်ရသူ တော်ဝီဆင် ဝိစနုယိုသင်က ကူးစက်ခံရသော ရွှေ့ပြောင်းလုပ်သားအများစုသည် ငယ်ရွယ်သန်စွမ်းကာ ရောဂါလက္ခဏာ မပြသောကြောင့် အထက်ပါ မူဝါဒသည် သင့်တော်ကြောင်း ၎င်းတို့ ဖျားနာပါမူ ဆေးရုံတင်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြော ထားသည်။

ယင်း ရွှေ့ပြောင်းအလုပ်သမားများကို ကုသမှုပေးရန် ကုတင် ၁၀၀ ဆန့် ယာယီဆေးရုံတရုံ ဆောက် နေကြောင်း ဗုဒ္ဓဟူးနေ့တွင် သူထပ်မံပြောကြားသည်။

ကမ္ဘာတဝှမ်း ကူးစက်ရောဂါအတွင်းမှ အညှိုးတရားများ

ရောဂါကူးစက်မှုသစ်အတွက် ထိုင်းနိုင်ငံသို့ ခိုးဝင်လာသည်ဟု စွပ်စွဲခံရသူများကို လူထုအမြင် အတော် များများက အပြစ်တင်နေကြသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကိုယ်တိုင် သက်သေအထောက်အထား ပြနိုင် ခြင်းမရှိပဲ၊ “စမွတ်ဆခွန်မှာနောက်ဆုံးကူးစက်မှု ရုတ်တရက်တိုးလာတာကတော့ ဒီလို တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကြောင့်ပဲ ” ဟု စွပ်စွဲပြောဆိုခဲ့သည်။

တချို့ကလည်း ဝန်ကြီးချုပ်၏ အခြေအမြစ်မရှိ ပြောဆိုမှုမှာ နိုင်ငံရေး ဆန္ဒပြမှုနှင့် ကြုံနေရသည့် အတွက် အာရုံပြောင်းသွားစေရန် ပြုလုပ်သည့် လှည့်ကွက်တခုဟု ဆိုသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လူမှုကွန်ရက်တွင် ပြည်ပမှ လုပ်သားများအပေါ် ကြီးထွားလာနေ သည့် ဆန့်ကျင်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများကို အမြဲကူညီနေသည့် မြန်မာ စကားပြန်တဦးက ဖုန်းဖြင့်ပြောသည်။

“ဘယ်သူမှတော့ ကိုဗစ်-၁၉ ကူးစက်မခံချင်ဘူး။ သူတို့ကို အဆိုးမြင် ဒါမှမဟုတ် အညှိုးထားတာမျိုး တွေ မလုပ်ကြပါနဲ့” ဟု ဂျက် အမည်ရှိ ထို စကားပြန်ပြောသည်။

ရောဂါကူးစက်မှု မြင့်မားလာခြင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် ထိပါးစော်ကားမှု တိုးလာ နိုင်ကြောင်း ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှ လူဦးရေးလေ့လာရေးဆိုင်ရာ ကထိက လိုင်ယာ ရိုဆာလီယာ ဆီရောတီနိုပြောသည်။

“သတင်းတင်ပြရာမှာ ဇာတ်ကြောင်းကိုပြောင်းပြီး ဘယ်လူမျိုးစု အုပ်စုကိုမှ အပြစ်မတင်ဘဲ ရောဂါဖြစ် ပွားတဲ့ နေရာကိုသာ အာရုံစိုက်ဖို့လိုတယ်။ ဒါဟာ ရောဂါတခုဖြစ်တဲ့အတွက် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်သာ မြင်သင့်ပြီး ရာဇဝတ်မှုလို့ မမြင်သင့်ဘူး” ဟု သူပြောသည်။

အဆင့်မြင့်အရာရှိအများအပြားကလည်း မြန်မာရွှေ့ပြောင်းလုပ်သားများကို အညှိုးမထားရန် ပြော ကြားထားပြီး ဖြစ်သည်။

“သူတို့တွေက တရားဝင်လာသည်ဖြစ်စေ တရားမဝင်လာသည်ဖြစ်စေ ကျနော်တို့အားလုံးဟာ ညီအကို မောင်နှမတွေဖြစ်တယ်။ ကျနော်တို့ဟာ တလှေတည်း စီးသူတွေဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးကို ကူညီမောင်းနှင်ပေးဖို့ လာသူတွေဖြစ်တယ်။ သူတို့လုပ်နေတဲ့ အလုပ်တွေကို ထိုင်းတွေ မလုပ်တော့ကတည်းက သူတို့က ကျနော်တို့ကို ကူညီနေသူတွေဖြစ်တယ်။ ကျေးဇူးပြုနားလည်မှုရှိပြီး တဦးနဲ့တဦး ကူညီစောင့်ရှောက်ကြပါ” ဟု ထိုင်းအစိုးရ၏ ကူးစက်ရောဂါဌာနမှ ပြောခွင့်ရသူ တော်ဝီဆင် ဝိစနုယိုသင်က ပြောသည်။

မြန်မာအလုပ်သမားများကို အစားအစာနှင့် အခြားလိုအပ်သည်များ လှူဒါန်းလိုသူများအနေဖြင့် စမွတ်ဆခွန် အုပ်ချုပ်ရေးဌာနကို ဆက်သွယ်နိုင်ကြောင်း သူက ဆက်ပြောသည်။

၂၀၂၀ ဒီဇင်ဘာ ၂၃ ရက်နေ့က ဖိချစ်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထောက်အထား စစ်ဆေးနေစဉ်( Khaosad)

“ဗဟို ပုဇွန်ဈေးမှာ နေတဲ့ မြန်မာတွေဟာ ရာဇဝတ်သားတွေ မဟုတ်ဘူး။ ရာဇဝတ်မှုအတွက် သံသယ ရှိသူတွေ မဟုတ်ဘူး။ သူတို့ဘာအမှားမှ မလုပ်ထားဘူး။ အခုအချိန်မှာ အရေးအကြီးဆုံးက သူတို့ကို ကျနော်တို့ စောင့်ရှောက်ဖို့ပဲ။ သူတို အန္တရာယ်ကင်းအောင်လုပ်ပေးဖို့ပဲ” ဟု စမွတ်ဆခွန် အုပ်ချုပ်ရေး မှူး ဗီရာဆက် ဗီဂျစ်ဆန်ဆရီက အင်္ဂါနေ့တွင် ပြောသည်။

အစိုးရအနေဖြင့် ယခုထက်မက ပိုမိုလုပ်ဆောင်နိုင်ပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု ခံယူနိုင်ရန် အားပေး သည့်အနေဖြင့် စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို လွတ်ငြိမ်းခွင့်ပေး နိုင်ကြောင်း မြန်မာစကားပြန် ဂျက်ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီး ဆူချတ် ချွန်လင်ကလည်း အထောက်အထားမဲ့ အလုပ်သမားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အယူအဆကို ထောက်ခံကြောင်း ထိုအဆိုပြုချက်ကို ဆွေးနွေးနေ ကြောင်း၊ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက်ကို အစိုးရ ကိုရိုနာဗိုင်းရပ်ဌာနမှ ချမှတ်ရမည်ဟု အင်္ဂါ နေ့က ပြောသည်။

၂၀၀၈ ခုနှစ် ရွှေ့ပြောင်းလုပ်သား အက်ဥပဒေအရ တရားမဝင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား တဦးသည် ထောင် ၅ နှစ်ဖြစ်စေ၊ ဘတ် တသိန်း ဒဏ်ငွေဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ကျခံရနိုင်သည်။ စာရွက်စာတမ်း အထောက်အထားမဲ့ အလုပ်သမားများကို ငှားရမ်းသည့် အလုပ်ရှင်တဦးသည် ဘတ် တသိန်း အထိ ဒဏ်ငွေကျခံရနိုင်သည်။

ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားတချို့မှာ မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် အစိုးရ၏ အလုပ်လက်မဲ့ အကူအညီနှင့်လည်း အကျုံးဝင်ခြင်းမရှိပေ။ မှတ်ပုံတင်ထားသော အလုပ်သမား များသည်လည်း ဘာသာစကားအခက်အခဲကြောင့် လျှော်ကြေး ရရန်မလွယ်ကြောင်း ရွှေ့ပြောင်း လုပ်သားကွန်ရက်မှူညှိနှိုင်းရေးမှူး အဒစ်ဆောင် ခတ်မွန်ခိုလ်ကပြောသည်။

“စာရွက်စာတမ်းတွေက ထိုင်းလိုရေးထားပြီး ရှုပ်ထွေးတယ်။ ဒီလူတွေ သူတို့လုပ်အားခမရတာ ၁၄ ရက်ရှိပြီ။ ပြည်နယ်အာဏာပိုင်တွေအနေနဲ့ သူတို့သုံးဖို့ ရန်ုပုံငွေပေးဖို့နဲ့ သူတို့လုပ်အားခရဲ့ ထက်ဝက် ပေး ဖို့ ဝင်ရောက်လုပ်ကိုင်သင့်ပြီ ” ဟု အက်ဒီဆွန် ပြောသည်။

You may also like these stories:

ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းကို နေရာသစ်ချပေးရန် စီစဉ်နေ

စစ်တွေ၌ လူ့အခွင့်အရေးနေ့ကမ်ပိန်း လုပ်သူ ၃ ဦး ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ခံရ

ထိုင်းမှာ ကိုဗစ်ပိုးကူးစက်မှုသစ် မြန်မာအလုပ်သမား ၆၀၀ ခန့် ပါဝင်

Loading