ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် သစ်တောဦးစီးဌာနက စွန့်လွှတ်ပေးခဲ့သည့် မြေယာများကို သိမ်းဆည်းခံ တောင်သူ များထံ တရားဝင် ပြန်လည် အပ်နှံပေးရန် မူလ ပိုင်ရှင်တောင်သူများက လိုလားနေကြသည်။
လားရှိုးမြို့ ရပ်ကွက်(၁) အတွင်းရှိ ယာမြေဧက၂၄၅ ဧကကို သစ်တောဌာနက ၂၀၀၀ ပြည့်နှစ်တွင် ရေဝေရေလွှဲ စိုက်ခင်း စီမံကိန်းအတွက် မူလပိုင်ရှင် နာနတ်တောင်သူ ၂၆ ဦးထံမှ သိမ်းဆည်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်၌ စီမံကိန်း မအောင် မြင်ခဲ့ခြင်းကြောင့် စိုက်ခင်းပျက်အဖြစ် သတ်မှတ်ကာ စွန့်လွှတ်ခဲ့ကြောင်း လားရှိုးမြို့နယ် သစ်တောဌာနမှ တာဝန်ရှိသူတဦး က ပြောသည်။
လက်ရှိအချိန်တွင် ယင်းစွန့်လွှတ်မြေအတွင်း တောင်သူ ၁၀၄ ဦးက ဝင်ရောက် ထွန်ယက် နေထိုင်နေကြသော်လည်း တရားဝင် ပိုင်ဆိုင်မှု အထောက်အထားများ တောင်သူတဦးတယောက်မျှ မရရှိထားကြောင်း မူလတောင်သူတဦးဖြစ်သူ စိုင်းထွန်းလှ က ပြောသည်။
ထိုကဲ့သို့ တောင်သူများ ဝင်ရောက် နေထိုင်နေကြသော်လည်း အဆိုပါ စွန့်လွှတ်မြေများကို ယာမြေမှ မြို့မြေအဖြစ် ပြောင်း လဲသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း၊ ယင်းအတွက် တောင်သူများကို ဖယ်ရှားကာ ပေ ၄၀- ၆၀ မြေတကွက်စီသာ တရားဝင် ပြန်လည်ပေးအပ်တော့မည် ဖြစ်ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ ဦးအာကာလင်း က ပြော သည်။
၎င်း က “အဲဒီမြေထဲကို သစ်တောက မစွန့်လွှတ်ခင်ကတည်းက တောင်သူတွေ ဝင်နေနေကြတာ။ အခု မြို့မြေသတ်မှတ် လိုက်တော့ နစ်နာကြေး အစားထိုးအနေနဲ့ မြေတကွက်စီ ပေးသွားမှာ။ မထွက်ပေးတဲ့ တောင်သူတွေကိုတော့ အင်အားသုံး ဖယ်ရှားဖို့ ခွင့်ပြုချက် ရထားပြီးပြီ” ဟု ပြောသည်။
စွန့်လွှတ်မြေအတွင်း မြေဧက အနည်းငယ်သာ ပိုင်ဆိုင်ကြသည့် မူလတောင်သူများက ယင်းဧရိယာအတွင်း ပေ ၄၀ – ၆၀ အစားထိုးမြေကို လက်ခံကြသော်လည်း မြေဧက အများအပြား ပိုင်ဆိုင်ထားသည့် တောင်သူများက သိမ်းဆည်းခံရစဉ်က မြေဧက အတိုင်းသာ ပြန်လိုချင်ကြသည်။
မြေဧက ၆၀ ပိုင်ဆိုင်ထားသည့် နာနတ်တောင်သူ ဦးရဲဝင်း က “မြေတကွက်တည်း အစားထိုးပြန်ပေးမယ် ဆိုတာကို လုံးဝ လက်မခံနိုင်ဘူး။ ကျနော်ဆို ဧက အများကြီးလေ။ အထောက်အထားတွေ မြေခွန်ပြေစာတွေလည်း အခိုင်အလုံ ရှိတယ်” ဟု ပြောသည်။
သိမ်းဆည်းခံတောင်သူများက မြေခွန်ပြေစာ အထောက်အထား ပြနိုင်သူအားလုံးကို မူလပိုင်ဆိုင်ထားသည့် မြေဧရိယာ အတိုင်း တရားဝင်ပြန်လည် ပေးအပ်ရန်သာ လိုလားကြောင်း ပြောဆိုကြသည်။ သိမ်းဆည်းခံရစဉ်ကလည်း နစ်နာကြေး တစုံတရာ မရရှိခဲ့ကြောင်းလည်း မူလတောင်သူများက ဆိုသည်။
တောင်သူများ တောင်းဆိုနေကြသည့်ကိစ္စနှင့် ပတ်သက်ပြီး လားရှိုးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အကြိမ်ကြိမ်ခေါ်ယူ ညှိနှိုင်းခဲ့သော်လည်း ယခုအချိန်ထိ ပြေလည်မှု မရရှိသေးကြောင်း တောင်သူ ဦးငို့ကပ် က ပြောသည်။
သက်ဆိုင်ရာဌာနက ပြေလည်အောင် မဖြေရှင်းပေးနိုင်သည့်အတွက် အောက်ခြေတွင် တောင်သူအချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိလာသည့်အပြင် မြေဈေးကြီးမြင့်လာသည့်အတွက် မူလတောင်သူပိုင်မြေယာများလည်း အလုခံနေကြရ ကြောင်း တောင်သူ စိုင်းထွန်းလှ က ပြောသည်။
မူလပိုင်ရှင် တောင်သူများက တချို့မြေယာများကို စားဝတ်နေရေး အခက်အခဲကြောင့် တဆင့်ပြန်လည် ရောင်းချနေကြ ကြောင်း သိရသည်။
တောင်သူများက တရားဝင် မြေပိုင်ဆိုင်ခွင့် ရရှိရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ အကြိမ်ကြိမ် တင်ပြတောင်းခံခဲ့ သော်လည်း တစုံတရာ ပြန်လည် ဖြေရှင်းပေးမှု မရှိကြောင်း တောင်သူများက ပြောသည်။
အဆိုပါ ကိစ္စကို မိုင်းပျဉ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန် က ၂၀၁၈ ခုနှစ် ဇွန်လ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အဆိုပါ မြေယာကိစ္စ ကို ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ က စိစစ်ဆောင်ရွက် နေကြောင်း၊ မူလတောင်သူများအနေဖြင့်၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ၂၂ အရ မူလမြေယာမှုခင်း ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားထား သည်။
လားရှိုးခရိုင်အတွင်း အလားတူ မြေယာပြသနာများကို မူလတောင်သူများ ကျေနပ်သည်အထိ ရှင်းလင်း ဆောင်ရွက်မပေး နိုင်သည့် ပြဿနာများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။
You may also like these stories:
ဘိုးဘွားပိုင် စိုက်ပျိုးမြေဧက၃ထောင်ကျော် ပြန်ပေးရန် ကန်ပက်လက်ဒေသခံများ တောင်းဆို