ဖမ်းဝရမ်း ထုတ်ခံထားရပြီး တနှစ်ကျော်ကြာ ထွက်ပြေး တိမ်းရှောင်နေသည့် ဦးလှဆွေ(ခ) ဘူးလက်လှဆွေမှာ ယနေ့မနက် ၉ နာရီခွဲခန့်က အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ လာရောက် အဖမ်းခံခဲ့ကြောင်း ဒဂုံမြို့နယ် အုပ်ချုပ်ရေးဌာနက သိရ သည်။
ဒဂုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်က “ဒီမနက် လာအဖမ်းခံတာ ဟုတ်ပါ တယ်။ အခု လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ ခရိုင်ရဲမှူးကိုယ်တိုင် သူ့ကို အနောက်ပိုင်းခရိုင် တရားရုံးကို ခေါ်သွားပါ ပြီ” ဟု ပြောသည်။
ဦးလှဆွေသည်၂၀၁၉ ခုနှစ် ဩဂုတ်လ ၃ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည့် တပ်မတော် အရာရှိများအား အမေရိကန်နိုင်ငံမှ ပိတ်ဆို့ အရေးယူမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲတွင် နိုင်ငံတော်အကြီးအကဲများကိုပါ သွယ်ဝိုက်ကာ ပုတ် ခတ်ပြောဆိုခဲ့သည် ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ -၁၂၄(က) ဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။
ယင်းပြင် ၎င်းအနေဖြင့် အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ် ပြောဆိုမှုများကြောင့်လည်း သာသနာညှိုးနွမ်းစေမှု ပုဒ်မ၂၉၅ (က) ဖြင့်လည်း ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသေးသည်။
တရားလိုဖြစ်သူ မုဖ်သီ ဦးစန်းအောင်က “အမှုက ကျနော်တို့ကိုတော့ စစ်ပြီးပါပြီ။ ကျနော်ကတော့ အမှုကို ပြီးပြတ်တဲ့အထိ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ” ဟု ယနေ့တွင် ဧရာဝတီကို ပြောသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄(က) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ၂၉၅(က) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်၂ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ဘူးလက်လှဆွေကဲ့သို့ပင် နိုင်ငံတော် အကြီးအကဲများအား ပုတ်ခတ်ဟောပြောသည် ဟုဆိုကာ ပုဒ်မ ၁၂၄(က)ဖြင့်ပင် တရားစွဲခံရပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့သည့် ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ)မှာလည်း ပြီးခဲ့သည့် နိုဝင်ဘာ၂ ရက်က ရဲထံ လာရောက် အဖမ်းခံခဲ့ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ ချုပ်နှောင်ထားသည်။
ထို့အတူ လူသတ်သမား ကြည်လင်းအား “မင်းတို့ ထမင်းဝအောင် စားထား” ဟုဆိုကာ ထောက်ခံဝန်းရံခဲ့သည့် အမျိုးသား ရေးသမား ဆိုသူများအနေဖြင့်လည်း နှစ်ချီ ထွက်ပြေး တိမ်းရှောင်နေရာမှ ပြီးခဲ့သည့် လပိုင်းအတွင်း သီးခြားစီ ပြန်လည် အဖမ်းခံခဲ့ကြပြီး ဒီဇင်ဘာ ၁၅ ရက်တွင် အင်းစိန်မြို့နယ်တရားရုံး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
You may also like these stories:
ဝရမ်းထုတ်ထားသည့် မျိုးချစ်အဖွဲ့ဝင် မြတ်ဖုန်းမိုရ် ယနေ့လာအဖမ်းခံ
တိမ်းရှောင်နေတဲ့ ဦးဝီရသူ ပြန်လာ အဖမ်းခံ
အမျိုးသားရေးလှုပ်ရှားသူ၏ အတွင်းရေးဖွင့်ချမှုကို စစ်ဆေးရန် သမ္မတရုံးညွှန်ကြား