ပြည်တွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းများကို ပြန်ဖွင့်ခွင့် ပေး/မပေး ကိစ္စရပ်အပေါ် အမိန့်ညွှန်ကြား ချက်များ၏ မရေရာမှုများကြောင့် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲ တွေ့နေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ၂၂ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်နှင့်အတူ ယှဉ်တွဲပြီး ဆက်လက် နေထိုင်ရှင်သန်ရမည် ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက်ပြီး နေထိုင်မှု ပုံစံ အသစ်များဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန် ပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန် ကြေညာခဲ့ပြီးနောက် လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပေးမည့် ကိစ္စရပ်များအပေါ် တိကျ သေချာ သော အမိန့်ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်ခြင်း မရှိခြင်းသေးသော်လည်း တချို့ စားသောက်ဆိုင်လုပ်ငန်းများ နှင့် လက်ဖက်ရည်ဆိုင်လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ရောင်းချလျက်ရှိကြပြီး၊ တချို့မှာမူ ဆက်လက် ဖွင့်ခွင့် ရမရ သေ ချာစွာ မသိရခြင်းကြောင့် ပိတ်ထားကြဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်း က “အစိုးရအနေနဲ့လည်း ကျနော်တို့ကို တရား ဝင် ပြန်ဖွင့်ခွင့်ပေးဖို့ ညွှန်ကြားထားတာမျိုး မရှိသေးဘူး။ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းအရ ဘယ်သူမှ ပြန်ဖွင့်ခွင့် မရသေးဘူးဗျ၊ တချို့ကျတော့ အရဲစွန့်ပြီး ဖွင့်ကြတာပေါ့။ တချို့စည်းကမ်း လိုက်နာသူတွေကျ မဖွင့်ဘူးလေ။ ဒါက တော်တော်လေး ပြဿနာပေါ့” ဟု ပြောသည်။
ပြန်လည် ဖွင့်လှစ်နေသည့် ဆိုင်များကို အပြစ်မပြောလိုသော်လည်း အစိုးရအနေဖြင့် တိကျသည့် မူဝါဒဖြင့် ဖွင့်ခြင်း ပိတ်ခြင်း ကိစ္စရပ်များကို သေချာစွာကိုင်တွယ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးနေလင်းက “အခုလို စည်းကမ်းမရှိ ဟိုတယောက်က ဖွင့် ဒီတယောက်က ဖွင့်တော့ မလုပ်စေချင်ဘူး။ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ တိတိကျကျ ဖွင့်ခွင့်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက်လည်း ထိန်းချုပ်ရာ ရောက်တယ်။ အခု က ဖွင့်နေကြတာပဲ၊ ဘာစစ်ဆေးမှု မရှိဘူး” ဟု ပြောဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ပြီး နေထိုင်မှု ပုံစံအသစ်ဖြင့် ဆက်လက်နေ ထိုင်ကြရမည့် ပန်ကြားလွှာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စားသောက်ဆိုင်လုပ်ငန်း၊ ဘီယာဆိုင်၊ လက်ဖက်ဆိုင်တချို့နှင့် ဈေးဝယ်စင်တာတချို့ရှိ ဟော့ပေါ့ဆိုင်များ အပါအဝင် စားသောက်ဆိုင် လုပ်ငန်းတချို့မှ ပါ ဆယ်စနစ်အပြင် ဆိုင်ထိုင်စားစနစ်ဖြင့်ပါ ပြန်လည်ရောင်းချလျက် ရှိကြသည်။
ထိုသို့ဆိုင်များ ပြန်လည် ဖွင့်လှစ်ရောင်းချမှုကို အစိုးရက စည်းကမ်းတင်းကြပ်မှု အားနည်းခြင်းသည် သတ်မှတ် ညွှန်ကြားချက်များကို လိုက်နာပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချနေသည့် ဆိုင်များအပေါ်ကို မမျှတရာ ရောက်ကြောင်း လုပ်ငန်းရှင်တချို့က ဧရာဝတီသို့ ပြောကြသည်။
သန်းကြွယ် လက်ဖက်ရည်ဆိုင် လုပ်ငန်းရှင် ဦးဟိန်းကိုကိုက “တချို့လုပ်ငန်းတူတွေ ဖွင့်နေတာတွေ ကျနော်တို့လည်း တွေ့တာပဲ။ ကျနော်တို့လည်း ဖွင့်တာက ဖွင့်ချင်နေပြီပေါ့။ ဒါပေမယ့် သူ(ဝန်ကြီးဌာန) ရေးထားတဲ့ စာမှာက ဘာကိုရည် ညွှန်းမှန်း မသိဘူး။ ယှဉ်တွဲနေထိုင်မယ် ဆိုတာတော့ ဟုတ်ပါပြီ။ ကျနော်တို့က ဘာကို ဘာဆက်လုပ်ရမလဲ” ဟု ပြော ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် တရားဝင်စာပို့ထားခြင်း ဖြစ်ခြင်း ကြောင့် စည်ပင်သာယာမှ တရားဝင်ပြန်ဖွင့်ခွင့်ပေးမည့် စာရောက်မှသာ ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီး လက် ရှိအချိန်အထိ ညွှန်ကြားချက် တစုံတရာမရရှိသေးကြောင်း ၎င်းက ဆိုသည်။
အစိုးရ အမိန့်ညွှန်ကြားချက်များသည် တိကျသေချာသော မူဝါဒများ မရှိခြင်းကြောင့် လုပ်ငန်းရှင်များ မည်သို့ လုပ် ဆောင်ရမည်ကို သေချာမသိကြဘဲ အရဲစွန့်၍ ဖွင့်လှစ်ရောင်းချကြသော ဆိုင်တချို့သည်လည်း အစိုးရ ရှောင်တခင် စစ်ဆေးမှုများ အရေးယူခံရသည့် အခြေအနေများလည်း ရှိကြသည်။
ဦးနေလင်းက “ရှောင်တခင်စစ်လို့ ၁ ဆိုင်၂ ဆိုင်က ပါသွားလို့ရှိရင် စံပြသဘောလောက် ဖြစ်သွားတာပဲ ရှိတယ်။ အဖမ်းခံရတဲ့ ဆိုင်ကတော့ နစ်နာပြီး ပါသွားတယ်။ အဖမ်းမခံရတဲ့ ဆိုင်တွေက အများကြီး ကျန်နေသေးတယ်။ ဟို တယ်တွေမှာ ဖွင့်ထားတဲ့ ဆိုင်တွေ၊ တချို့ဆိုင်ကြီးတွေဆိုရင် ဖွင့်ထားရက်သားနဲ့ သူတို့ကျ ဖွင့်ခွင့်မရကြဘူး ဆိုပြီး တော့ တချို့လုပ်ငန်းရှင်တွေဆို မကျေနပ်ကြတော့ဘူး” ဟု ပြောဆိုသည်။
လက်ရှိအချိန်သည် ရန်ကုန်မြို့ရှိ မြို့နယ်အားလုံး လိုလိုသည် Stay at Home အစီအစဉ်တွင် အကျုံးဝင်နေဆဲဖြစ်ခြင်း ကြောင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်မှလွဲ၍ တခြားနည်းဖြင့် ရောင်းချခွင့်ရန် အမိန့် ညွှန်ကြားထားခြင်း မရှိသေးကြောင်း သင်္ယန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ပြောသည်။
၎င်းက “ဆိုင်တွေ ပြန်ဖွင့်ဖို့က အမိန့်ညွှန်ကြားချက် မရှိသေးပါဘူး။ ကျနော်တို့လည်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဖွင့် နေတယ်လို့ သတင်းရရင် သွားစစ်လို့ရှိရင် မဟုတ်တာတွေလည်း တွေ့ရပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိမှုသည် အချိန် ၈ လကျော် ကြာလာပြီး အစိုးရက ထုတ်ပြန် ကြေညာထားသော အမိန့်ထုတ်ပြန်ချက်များကို ၎င်းတို့ ကိုယ်တိုင် ကိုင်တွယ်မှုတွင် လျော့တိလျော့ရဲဖြစ်လာပြီး အားနည်းလာကြောင်း သင်္ယန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ညွှန်ကြားချက်၊ အမိန့်တွေနောက်မှာ အရေးယူမှု မရှိရင်တော့ ဒီလိုမျိုးပဲ ဖြစ်နေဦးမှာပဲ။ အစိုးရ ကိုယ်တိုင် စည်းကမ်းတင်းကျပ်မှုက လျော့လာနေတာလေ” ဟု ပြောသည်။
ရန်ကုန်အတွင်းရှိ တချို့ရပ်ကွက်များတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ အားလုံးနီးပါး ပြန်လည် ဖွင့် လှစ်နေကြပြီဖြစ်ပြီး တချို့ဆိုင်များမှာ ရောင်းချသူများက Mask မတပ်ဘဲ ရောင်းချနေကြသည်ကို တွေ့ရကြောင်း စား သုံးသူတချို့က ပြောကြသည်။
အစိုးရက လာမည့် ဇန်နဝါရီလ ပထမအပတ်အတွင်း၌ ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့သော ယုဇနပလာဇာ အပါ အဝင် ဈေးဝယ်စင်တာတချို့ကိုလည်း ပြန်ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် Stay at Home အစီအစဉ် သတ်မှတ်ထားသော မြို့နယ်များအပ ကျန်မြို့နယ်ရှိ ကျန်းမာရေးစစ်ဆေးမှုအရ အဆင့် Aရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ပြန်လည် ဖွင့်လှစ်ခွင့် ပေးထားလျက် ရှိသည်။
အစိုးရ အနေဖြင့် နိုက်ကလပ်၊ ကေတီဗီနှင့် ဘီယာဘားများကိုမူ ပြန်လည် ဖွင့်လှစ်ပေးမည့် အစီအစဉ်ကို တစုံတရာ ထုတ်ပြန် ကြေညာခြင်းမရှိပေ။
ပြီးခဲ့သည့် ရက်ပိုင်း၌လည်း ရန်ကုန်မြို့ရှိ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသော နိုက်ကလပ်နှင့် ကေတီဗီ တခုတို့ကို တိုင် တန်းမှုရှိ၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ကာ ဝင်ရောက် ဖမ်းဆီး အရေးယူမှုများ ရှိခဲ့သည်။
ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင် လုပ်ငန်းရှင် ဦးကျော်မြတ်မိုးက “အမှန်ဆိုရင် ၇ လ၊ ၈ လ လောက် လိုက်နာခဲ့ပြီးပြီ လေ။ ဒီကာလလေးလောက်ကတော့ ဆက်ပြီး ပါဝင်သင့်တယ်လို့ ထင်တယ်။ ဖွင့်လို့ရရင်တောင် ချက်ချင်းဖွင့်ရင် လည်း မရောင်းရနိုင်သေးဘူး။ အမိန့် ထုတ်ပြန်ချက်တွေကတော့ သေသေချာချာ ရှင်းလင်းဖြစ်ဖို့တော့ လိုမယ်။ တိကျ တဲ့ ညွှန်ကြားချက်မျိုးတွေ ဖြစ်ဖို့တော့ အစိုးရအနေနဲ့ ပြင်ဖို့ လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့သော မတ်လကုန်ပိုင်းမှ စတင်ကာ စားသောက်ဆိုင်လုပ်ငန်းများ အပါအဝင် အစားအသောက် ရောင်းဝယ်ရေးလုပ်ငန်းများသည် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားသည်။
ဩဂုတ်လအစပိုင်း အချိန် ၁ လ ခန့် ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ရခဲ့သော်လည်း ဒုတိယလှိုင်း ဖြစ်သော စက်တင်ဘာလအတွင်းတွင် ပါဆယ်စနစ်ကို ပြန်လည်ရောင်းချရကြသည်။
ယင်းကဲ့သို့ စားသောက်ဆိုင် လုပ်ငန်းများ ပြန်လည်ဖွင့်ခွင့်ပြု/မပြုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းတို့ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
You may also like these stories:
ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် ကျဆင်းမှု အခြေအနေကောင်းတရပ် ဟုဆို