ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီ (ကြံ့ခိုင်ရေး) မှ ကိုယ်စားလှယ်လောင်း ၁၄ ဦးအပါအဝင် စုစုပေါင်း ၁၇ ဦးအား ကန့်ကွက်လွှာ တင်သွင်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများ အား ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်အမှုများအတွက် ပါတီအနေဖြင့် ပံ့ပိုးဆောင်ရွက်သွားမည့် အပြင် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့အနေနဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင် က “ကျနော်တို့တင်တာတွေက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာမှာ တရားမဲ့ပြုကျင့်မှု လေးတွေ နည်းနည်းဆန်တဲ့ဟာမျိုးလေးတွေပေါ့။ နိုင်နိုင်ချေရှိတဲ့နေရာတွေမှာပဲ တိုင်တာပါ၊ နောက်တခုက တိုင်သင့်တဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု ပြောသည်။
NLD ပါတီမှ ကန့်ကွက်လွှာတင်သွင်းထားသည့် ကြံ့ခိုင်ရေးပါတီအနိုင်ရ မဲဆန္ဒနယ် ၁၄ ခုမှာ ပါတီဥက္ကဋ္ဌ ဦးသန်း ဌေး အနိုင်ရထားသည့် ဇေယျာသီရီမြို့နယ် (ပြည့်သူလွှတ်တော်ကိုယ်စားလှယ်)၊ ဖာပွန်မြို့နယ် (ပြည်သူ့လွှတ် တော်၊ ပြည်နယ်လွှတ်တော် ၁၊ ၂)၊ အမ်းမြို့နယ်(ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် ၁)၊ ရှမ်းပြည်နယ်အမျိုးသား လွှတ်တော်အမှတ် ၃ မဲဆန္ဒနယ်၊ ပင်းတယမြို့နယ်(ပြည်နယ်လွှတ်တော် ၁)၊ မိုင်းဖြတ်မြို့နယ် (ပြည်နယ် လွှတ်တော် ၁၊၂)၊ မိုင်းပျဉ်းမြို့နယ်(ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် ၁၊ ၂)နှင့် မိုင်းဆတ်မြို့နယ် (ပြည်နယ် လွှတ်တော် ၂ ) တို့ဖြစ်ကြသည်။
အခြားကန့်ကွက်လွှာ ၃ ခုမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးရွှေလေးအနိုင် ရခဲ့သည့် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် ၁၊ မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာအောင်နိုင်ဦး အနိုင်ရခဲ့သည့် ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် ၁ နှင့် လားဟူ အမျိုးသားဖွံ့ဖြိးတိုးတက်ရေး ပါတီမှ ဦးယောသပ်အနိုင်ရရှိခဲ့သည့် ရှမ်းပြည်နယ်၊ လားဟူတိုင်းရင်သားရေးရာ ဝန်ကြီးနေရာတို့ပင်ဖြစ်သည်။
ယင်းအပြင် ရွေးကောက်ပွဲအတွင်း အငြင်းပွားမှုများ၊ မသမာမှုများနှင့်ပတ်သက်၍လည်း NLD ပါတီကိုယ်စားလှယ်လောင်းများမှ ရဲစခန်းတွင် သီးခြားအမှုဖွင့်ထားသည့် အမှုများလည်းရှိနေသေးကြောင်း သိရသည်။
အခြားတဖက်တွင်လည်း အဓိက အတိုက်ခံပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကန့်ကွက်လွှာအမှု ၂၀၀ နီးပါးတင်သွင်းထားပြီး အများစုမှာ အနိုင်ရ NLD ကိုယ်စားလှယ်လောင်းများ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက မီဒီယာများအား ပြောကြားထားသည်။
ယင်းသို့ ကြံ့ခိုင်ရေးပါတီမှ ကန့်ကွက်လွှာတင်သွင်းမှုများနှင့် ပတ်သက်ပြီး NLD ပါတီအနေဖြင့် အဆင်သင့်ပြင်ဆင်ထားကြောင်းနှင့် ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ဒေါက်တာဇော်မြင့်မောင်က “အဖိနှိပ်ခံရတုန်းကတည်းက ဘယ်သူမှမလိုက်လည်း အမှုတွေအားလုံးကို လိုက်မယ့် သူတောင်မရှိတုန်းကလည်း NLD ဥပဒေအထောက်အကူပြုအဖွဲ့က လိုက်ခဲ့တာ၊ အခုဒီဟာအတွက် ဥပဒေ အထောက်အကူပြုအဖွဲ့ကို ပြင်ဆင်ထားပါဆိုတာကို ယနေ့ဆုံးဖြတ်ကြတာပေါ့။ ကျနော်တို့ဘက် ကတော့ ပြင်ဆင်ပြီးပါပြီ။ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ အကျိုးစီးပွားမဟုတ်တော့ဘူး။ NLD ရဲ့ကိစ္စ ဖြစ်နေပြီ၊ ဒါကို NLD က လစ်လျူ မရှုဘူး လုပ်ပေးပါဆိုပြီးတော့ပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နေရာ ကျင်းပခဲ့ရာတွင် NLD ပါတီက မဲဆန္ဒနယ် ၉၂၀ တွင်အနိုင်ရခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၇၁ နေရာသာ အနိုင်ရရှိခဲ့သည်။