အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဖွဲ့စည်းပေးထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ၃၀ ရက်တွင် ကချင်ပြည်နယ်သို့ ခရီး စထွက်မည် ဖြစ်ကြောင်း ပါတီ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် အဖွဲ့ကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ဦး ဆောင်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါး နော်ဆမ်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
ဒေါက်တာ ဇော်မြင့်မောင်က “သွားတဲ့အခါကျတော့ ပထမဆုံးဘာနဲ့ တွေ့ဖို့ ကျနော်တို့ဘက်က ဆုံးဖြတ် ပေးလိုက်သလဲဆိုရင် ပြည်နယ် အလုပ်အမှု ဆောင်အဖွဲ့နဲ့ အရင်တွေ့ပါ။ အဲဒီမှာ အောင်နိုင်ရေး အဖွဲ့ပါမယ်။ သူတို့ရဲ့အသံတွေကို နားထောင်ပေးပါ။ နောက်တခါ အဲဒီ ပြည်နယ်မှာ အနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်အားလုံးကို တွေ့ပါ။ တွေ့ပြီး သူတို့ရဲ့ အမြင်သဘောထားတွေကိုလည်း တောင်းပါ။ အဲဒါပြီးတော့မှ ဒေသခံ တိုင်းရင်းသား အဖွဲ့တွေနဲ့ စကားပြောပါ ဆိုပြီး ပြောထားတာပေါ့” ဟု ဆိုသည်။
နေပြည်တော်ရှိ NLD ယာယီရုံးချုပ်၌ ဒီဇင်ဘာလ၂၉ ရက်တွင် ပြုလုပ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးပြီးတွင် ၎င်းက သတင်းထောက်များအား ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ကချင်ပြည်နယ်သို့ သွားပြီးနောက် မွန်ပြည်နယ်သို့ ခရီးဆက်ရမည် ဖြစ်သည်။ ခရီးစဉ် က ပြန်လာပြီးနောက်တွင်လည်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီထံ ခရီးစဉ်နှင့်ပတ်သက်သည့် အစီရင်ခံစာ ၂ စောင် တင်ပြရမည် ဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် က “သူတို့ Report 2 ခုပြန်တင်ပါမယ်။ အဲဒါပြီးမှပဲ CEC က သူတို့ကို ဘယ်သွားပါ ဆိုတာ ထပ်ညွှန်ကြားမှာပေါ့။ ဒါက ဒီနေ့ အစည်းအဝေးရဲ့ အရေးကြီးဆုံး အချက်ပါ” ဟု ပြောဆိုသည်။
ကချင်ပြည်နယ်သည် NLD ပါတီ၏ စည်းရုံးရေးနှင့် အားပေးထောက်ခံသူများ အားကောင်းသောကြောင့် ကိုယ်စားလှယ် အဖွဲ့ ပထမဆုံး သွားရောက်ရန် ရွေးချယ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
သို့သော်လည်း အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် NLD ပါတီကိုယ်စားပြု၍ ဆုံးဖြတ်ချက်များ ချမှတ်၊ ညှိနှိုင်းနိုင်ရန် အခွင့် အာဏာ အပြည့်အဝ ရှိမနေကြောင်းသိရသည်။
“ကျနော်တို့က Full mandate ပေးတာ မဟုတ်ဘဲနဲ့လေ၊ သူတို့က ယူလာရမယ်။ အခုဟာက ကျနော်တို့က ရှေ့ပြေးအဖွဲ့ အနေနဲ့ ပေးလိုက်တာကိုး။ ဒါကို သူတို့က Report ပြန်ပေးပြီးတော့မှ ကျနော်တို့က စဉ်းစားကြရမှာ။ သွားပြီးတော့မှ စကား ပြောပြီး နားထောင်ပြီးတော့ ကျနော်တို့က ဘာအဖြေပေးရမယ် ဆိုတာ ဆုံးဖြတ်ပေးနိုင်မှာပေါ့” ဟု ဒေါက်တာ ဇော်မြင့် မောင် က ဆိုသည်။
NLD ပါတီသည်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရပြီးနောက် အနာဂတ် မြန်မာနိုင်ငံ ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ ဆိုသည့် အိတ်ဖွင့် ပေးစာကို တိုင်းရင်းသားပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၁ ရက်က ပေးပို့ခဲ့သည်။
ထို့နောက် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကို ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သုံးဦးဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့အတွက် တိုင်းရင်းသားပါတီတွေကို ဖိတ်တာပါ
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ