မြန်မာနိုင်ငံ၏ ပထမဦးဆုံး COVID-19 ကပ်ရောဂါ ကုသဆေးဝါး FAVIPAC (Favipiravir 200mg) သောက်ဆေးကို Pacific Medical Industries Ltd (PMI) အနောက်တိုင်းဆေးဝါးစက်ရုံက ထုတ်လုပ်မှု အောင်မြင်ပြီ ဖြစ်ကြောင်း Pacific-AA Foundation က ထုတ်ပြန်သည်။
FAVIPAC (Favipiravir 200mg) သောက်ဆေးကို COVID-19 ရောဂါလက္ခဏာ အနည်းငယ် ပြချိန်မှစ၍ သောက်သုံး ကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသော ရောဂါအဆင့်သို့ ရောက်ရှိခြင်းမှ လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း Pacific AA Foundation ထံမှ သိရသည်။
ဂျပန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဥရောပနိုင်ငံများနှင့် တောင်အမေရိကနိုင်ငံများအပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI စက်ရုံ၏ သုတေသနဌာနတွင် ပြည်ပမှတင်သွင်းလားသော ကုန်ကြမ်းများ၊ ပါဝင်ပစ္စည်း များအသုံးပြု၍ generic medicine အဖြစ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ FAVIPAC (Favipiravir 200mg) ဆေးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနသို့ အောက်တိုဘာလဆန်းတွင် ပေးပို့ပြီး ဆေးဝါးမှတ်ပုံတင်ခဲ့ရာ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျပ် ၅၈၅ သိန်းတန်ဖိုးရှိ FAVIPAC (Favipiravir 200mg) ဆေးအလုံးရေ ၆၀,၀၀၀ ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှ တဆင့် တနိုင်ငံလုံးရှိ COVID-19 ကုသဆေးရုံ ၂၅ ရုံသို့လည်းကောင်း၊ ဆေးအလုံးရေ ၁၅,၀၀၀ ကို တပ်မတော်၏ ကိုဗစ်ကုသရေးဆေးရုံများသို့၎င်း ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
မြန်မာနိုင်ငံရှိ ကိုဗစ်ပိုးမျိုးဗီဇ အနည်းငယ်သာ ပြောင်းလဲ ဟုဆို
တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးရန် ထိုင်းဆုံးဖြတ်
ကိုဗစ် ညွှန်ကြားချက်များ မရေရာသဖြင့် စားသောက်ဆိုင်လုပ်ငန်းများ အခက်တွေ့