တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတတ်လာသဖြင့် တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်း ဖြစ်သည်ဟု AA က ပြောသည်။
AA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ကျနော်တို့ ဒီလိုလွှတ်ပေးရတဲ့ အဓိက အကြောင်းအရင်းကတော့ ကျနော်တို့ ULA ဥက္ကဋ္ဌ နဲ့မြန်မာစစ်တပ်ရဲ့ ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဒီဇင်ဘာ ၃၀ ရက်က ဒုတိယအကြိမ် ၃၅ မိနစ်ကြာ အွန်လိုင်းပေါ်ကနေ ဆွေးနွေးတဲ့ ဖြစ်ပေါ်တိုးတတ်မှု ရလာဒ်အနေနဲ့ အခုလို ပြန်လည် လွှတ်ပေးတာ ဖြစ်ပါတယ်ဗျ” ဟု ပြောသည်။
တောင်ကုတ်မြို့နယ်၊ NLD ပါတီဝင် ၃ ဦးဖြစ်သည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ သည် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် စည်းရုံးရေးဆင်းနေစဉ် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က AA က ဖမ်းဆီး သွားခြင်း ဖြစ်သည်။
ဦးမင်းအောင်နှင့် ဒေါ်နီနီမေမြင့်သည် လက်ရှိတွင်လည်း တောင်ကုတ်မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။
၎င်းတို့ကို ဖမ်းဆီးစဉ်က ရခိုင်လူထုကို သစ္စာဖောက်ပြီး တပ်မတော်ကို သတင်းပေးလုပ်နေသည်ဟူသည့် စွပ်စွဲချက်များ ဖြင့် လူမြင်ကွင်းတွင် ရိုက်နှက် ဆဲဆိုကာဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
တပ်မတော်နှင့် AA ကြား ဆွေးနွေးမှု ပြေလည်သဖြင့် ယနေ့မနက်ပိုင်းတွင် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော တို့ ၃ ဦးကို AA လှုပ်ရှားနေသည့် မင်းပြားမြို့နယ်၊ မီးချောင်းတတ်ကျေးရွာတွင် တပ်မတော်နှင့် ချိန်းဆိုကာ လွှဲပြောင်းပေး လိုက်ပြီဖြစ်သည်။
ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ၃ ဦးကို တပ်မတော်ဘက်မှ ဗိုလ်မှူးချုပ် စိုးတင့်က လက်ခံပြီးရဟတ်ယာဉ်ဖြင့် ထို ၃ ဦးကို ခေါ်ဆောင်လာကာ ယခုအခါ အမ်းမြို့နယ်၊ တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိနေပြီဟု သိရသည်။
ဦးခိုင်သုခက ယနေ့လွှတ်ပေးသည့်ထဲတွင် NLD ပါတီဝင် ၃ ဦးအပြင် တိုက်ပွဲကာလအတွင်း ဖမ်းမိထားသည့် သုံ့ပန်းများထဲမှ အသက်အရွယ်ကြီးသဖြင့် ကျန်းမာရေး မကောင်းသူများ၊ တိုက်ပွဲကာလတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသူများကိုလည်း လွှတ်ပေးမည်ဟု ပြောသည်။
ဦးခိုင်သုခက “လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလမှာ ငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်ပေါ် တိုးတတ်မှု ရလာဒ်အပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ လက်ထဲမှာ ဖမ်းဆီးရမိထားတဲ့ မြန်မာစစ်သားတချို့ကို ကျနော်တို့ပြန်လည်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီမနက်မှာ ပလက်ဝဘက်က ၃ ဦးကိုတော့ မြန်မာစစ်တပ်လက်ခံရေးအဖွဲ့လက်ထဲကို လွှဲအပ်ပြီးတော့မှပြန်လည်လွှတ်ပေး လိုက်ပြီး ဖြစ်တယ်” ဟုလည်း ပြောသည်။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ၎င်းတို့၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို အမြန်လွှတ်ပေးခြင်းဖြင့် “နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” အတွက် များစွာ အကျိုးရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒေါ်နီနီမေမြင့်၏ ခင်ပွန်းဖြစ်သူ ဦးလင်းနိုင်က “ကျနော်တို့ နောက်ဆုံးရတဲ့ သတင်းကတော့ တပ်ဘက်ကို လွှဲလိုက်ပြီလို့ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာမှ စ၍ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
၂၀၂၀ခုနှစ်၊ နိုဝင်ဘာတွင် ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုကြောင့် တပ်မတော်နှင့် AA ကြား အပစ်အခတ်ရပ်ဆိုင်းသွားပြီး ဆက်တိုက် ဆွေးနွေးပွဲများ ဖြစ်လာခဲ့သည်။
တပ်မတော်နှင့် AA ၏ ပထမအကြိမ် ဆွေးနွေးမှုကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်သည့် ပန်ဆန်းမြိုကတွင် ဒီဇင်ဘာ ၉ ရက်က တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး ဒုတိယ အရာရှိချုပ် ဗိုလ်ချုပ်တိုးရီ နှင့် AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
You may also like these stories:
ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝ 4G အင်တာနက်လိုင်း ပြန်ပွင့်တော့မလား
TNLA နှင့် RCSS စစ်ရေးလှုပ်ရှားမှုကြောင့် အရပ်သားများ အိုးအိမ်စွန့်၍ ထွက်ပြေးနေရ
တပ်မတော်နှင့် KNU စစ်ရေးတင်းမာနေ၊ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးရ