ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးအင်အားစုများ၊ ပညာရပ်ဆိုင်ရာနှင့် အထောက်အကူပြုအဖွဲ့များအပြင် ပြည်သူလူထုပါ ပါဝင်ပြီး အကျေအလည်ဆွေးနွေး ညှိနှိုင်းနိုင်မည့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ်” (New Peace Architecture) ပုံစံတခုဖြင့် အကောင်အထည် ဖော်သွားမည်ဟု နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးအထိမ်းအမှတ် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။
နှစ်သစ်ကူးမိန့်ခွန်းတွင် မိတ်ဆက်လိုက်သည့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ်” (New Peace Architecture) ကို လာမည့် အစိုးရသစ်လက်ထက် ၅ နှစ်တာအတွင်း အသုံးပြု သွားမည်ဖြစ်ပြီး ထိုပုံစံအသစ်တွင် ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုအဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ ပြည်သူများအပါအဝင် အဓိက အင်အားစုများ အားလုံးပါဝင်ကာ ကိုယ်စားပြုမှုနှင့် ထိရောက်မှု ဟန်ချက်ဘက်ညီ မျှတ စေမည့် ပုံစံဖြစ်ကာ အရှိန်အဟုန်ဖြင့် ဖော်ဆောင်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “အများပြည်သူပါ ပါဝင်ပတ်သတ်ခွင့် ရှိရမယ့် လူထုအခန်းကဏ္ဍကိုလည်း အလေးထားပါတယ်။ ဒါဟာ ပါဝင်ရမယ့်သူတွေ အားလုံး အကျုံးဝင် ပါဝင်နိုင်အောင် လမ်းဖွင့်ပေးနိုင်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာမှာလည်း မူဘောင်လမ်းညွှန်မှု၊ လိုအပ်တဲ့ စုဖွဲ့မှု၊ စနစ်နဲ့ ယန္တရား တည်ဆောက်မှု စတဲ့ ဒီဇိုင်းပိုင်းကိုလည်း ကျမတို့အာရုံစိုက်ရပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၂ ခုနှစ်တွင် တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ် ဖြစ်သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည်မှာ စိန်ရတုနှစ်၊ ၇၅ နှစ်ပြည့်မည် ဖြစ်ကာ ထိုနှစ်တွင် ပြည်ထောင်စု၏ အခြေအနေမှာ အားတတ်ဖွယ်ရာ အခြေအနေ တခု ရောက်ရှိလာရန်လည်း ရည်မှန်းထားပါသည်ဟု ပြောဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဦးတည်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပေါ်ထွန်းရေးအတွက် မဖြစ်မနေ လိုအပ်ချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးဖြစ်သဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ၊ လူထု၏ လိုလားချက်နှင့် ကိုက်ညီသည့် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ထွန်းရေးအတွက်လည်း ကြိုးပမ်းရပါမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် “နိုင်ငံလွတ်လပ်ရေးရပြီးသည်မှာ ၇၅ နှစ်ပြည့်ဖို့ ၂ နှစ်သာ လိုပါတော့တယ်။ ဘယ်လို နိုင်ငံမျိုးမှာ ကျမတို့ သာမက နောင်လာနောက်သားများ နေထိုင်ရှင်သန်သွားရမယ်ဆိုတာကို ပုံဖော်ဖို့ ဒီနှစ်အတွင်းမှာ အထူးဂရုပြုဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရရဲ့ အဓိက လုပ်ငန်းစဉ်တရပ်အဖြစ် သတ်မှတ်ပါတယ်။ ပြည်သူရဲ့ လုပ်ငန်းစဉ် တရပ်လည်း ဖြစ်ပါတယ်” ဟုလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွ့ဲနှင့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ခုကို ချုပ်ဆိုကာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။
၂၀၂၀ ခုနှစ်၊ သြဂုတ်က နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ အစည်း အဝေးတွင် ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ဆိုလျှင် တိုင်းပြည်ကို ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် စနစ်ပြုပြင်ပြောင်းလဲရန် ဖက်ဒရယ်အခြေခံမူများကို ထည့်သွင်း ချုပ်ဆိုနိုင်ခဲ့သည့် အပြင် ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် အသုံးပြုမည့် စနစ်၏ အသေးစိတ်အချက်အလက်များကိုလည်း ဆက်လက် သဘောတူနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
အပစ်ရပ်ဆိုင်းထားခြင်း မရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွ့ဲဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့လည်း ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုပြီး ထိုအဖွဲ့များ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ရန်လည်း ညှိနှိုင်းလျက် ရှိသည်။
အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာမှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာထိ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော် နှင့် AA သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း နိုဝင်ဘာမှ စ၍ နှစ်ဖက်တပ်များ တိုက်ခိုက်နေမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
အစိုးရနှင့် AA ကြား ညှိနှိုင်းမှုများလည်း တိုးတတ်လာကာ ယနေ့နှစ်သစ်ကူးနေ့တွင် AA ဘက်မှ ဖမ်းဆီးထားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD၏ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပါတီဝင် တဦးတို့ကိုလည်း ယနေ့ ပြန်လွှတ် ပေးလိုက်ပြီဖြစ်သည်။
တပ်မတော်နှင့် AA ကြားတွင်လည်း တင်းမာမှုများ လျော့ချနိုင်ခဲ့ကာ နှစ်ဖက်ခေါင်းဆောင်များအကြား အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တပ်နေရာချထားရေးကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စများ ညှိနှိုင်းနေပြီး AA က ဖမ်းဆီးထားသည့် သုံ့ပန်းများကိုလည်း ယနေ့ တပ်မတော်ထံသို့ ပြန်လွှဲပြောင်းပေးနေပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း အစိုးရသစ် ပြန်ဖွဲ့စည်းနိုင်သည်အထိ အနိုင်ရရှိထားသည်။
NLD သည် ၎င်းတို့ တပါတီတည်း အစိုးရဖွဲ့နိုင်ရန် အနိုင်ရထားသော်လည်း အစိုးရသစ်ဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့မည်ဟု ပြောဆိုထားကာ တိုင်းရင်းသားပါတီများကို ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် NLD ၏ တိုင်းရင်းသား ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးအင်ထုံးခါးနော်ဆန်တို့ကို တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် တာဝန်ပေးထားပြီး ယခုအခါ ထို ၃ ဦးက ကချင်ပြည်နယ်သို့ရောက်ရှိနေပြီး ကချင်ဒေသခံပါတီမှ အနိုင်ရကိုယ်စားလှယ် များနှင့် တွေ့ဆုံနေပြီဖြစ်သည်။
You may also like these stories:
AA ဖမ်းဆီးထားသည့် NLD အမတ်လောင်း ၃ ဦး ယနေ့ ပြန်လွှတ်မည်
တပ်မတော်နှင့် KNU စစ်ရေးတင်းမာနေ၊ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးရ
TNLA နှင့် RCSS စစ်ရေးလှုပ်ရှားမှုကြောင့် အရပ်သားများ အိုးအိမ်စွန့်၍ ထွက်ပြေးနေရ