အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် NLD ပါတီရုံးခန်းမ၌ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီအထိ ၂ နာရီကြာပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့ဝင် ဦးအင်ထုံခါးနော်ဆမ်က ဧရာဝတီသို့ပြောသည်။
ဦးအင်ထုံခါးနော်ဆမ်က “ကျနော်တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါတယ်။ ကျနော်တို့နိုင်ငံဟာ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံနေတယ်။
တိုင်းရင်းသားတွေနဲ့ စုပေါင်းပြီးမှနိုင်ငံကို တည်ဆောက်ရမယ်။ ကျနော်တို့ပါတီက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ပါ။ အဲဒီလို တည်ဆောက်တဲ့နေရာမှာ လက်တွဲပြီး ဆောင်ရွက်ရမယ် ဆိုတဲ့ အမြင်သဘောထားမျိုးရှိပါတယ်။ အဲဒါကို အကောင်အထည်ဖော်တဲ့ သဘောပါ” ဟု ပြောပြသည်။
ဆွေးနွေးပွဲကို လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် ဒီမိုကရေစီပါတီသစ် (ကချင်) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ဦးအင်ထုံခါးနော်ဆမ်က ပြောဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကလည်း ဆွေးနွေးပွဲသည် အားရကျေနပ်ဖွယ်ကောင်းပြီး အပြုသဘောဆောင်သည်ဟုဆိုသည်။
“ဆွေးနွေးပွဲကတော့ ရင်းရင်းနှီးနှီးရှိပါတယ်။ သူတို့က ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ နောက်တခါ NUG အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းစဉ်အပေါ်မှာရော။ ကျနော်တို့ရဲ့သဘောထားကို သိချင်တာပေါ့။ အဲဒီကိစ္စအပေါ်မှာ ကျနော်တို့ဘက်က သဘောထားပြောပြတယ်။ အပြန်အလှန်ဆွေးနွေးတာတော့ မရှိပါဘူး” ဟု ဒေါက်တာတူးဂျာက ပြောပြသည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီများဘက်မှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ပွင့်ပွင့်လင်းလင်းတင်ပြခဲ့ကြောင်း ဒေါက်တာတူးဂျာက ဆိုသည်။
NLD ပါတီအနေနှင့် လာမည့်အစိုးရသက်တမ်းအတွင်း ဖက်ဒရယ်အခြေခံမူများအကောင်အထည်ဖော်ရန် ၂၁ ရာစု ပင်လုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသင့်ပြီး အဆိုပါဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းသဘောတူခဲ့သော ပင်လုံစာချုပ်ပါ အချက်တချို့အား ဆက်လက်သယ်ဆောင်ဆွေးနွေးရန် တိုက်တွန်းခဲ့ကြောင်း ဒေါက်တာတူးဂျာက ပြောပြသည်။
၎င်းက “ပင်လုံစာချုပ်နံပါတ် (၅) ကတော့ ကချင်ဒေသပေါ့။ အဲဒီတုန်းက ပြည်နယ်မရှိသေးဘူး။ လွတ်လပ်ရေးမရသေးဘူးလေ။ ရာခိုင်နှုန်းပြည့်ဝတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးနိုင်ဖို့ နံပါတ် (၇) ကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ကျင့်သုံးတဲ့အတိုင်း ပြည်သူတွေဟာ ဒီမိုကရေစီအခွင့်အရေးကို တန်းတူခံစားနိုင်ဖို့ အဓိက ညွှန်းပြီး ၄၇ ပင်လုံစာချုပ်ကို ပစ်မထားဖို့ပြောခဲ့တယ်” ဟု ဆက်၍ရှင်းပြသည်။
ထို့ပြင်အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ပါက NLD ပါတီအနေနှင့် ပါတီစွဲမထားဘဲ လူမှန်နေရာမှန် ခန့်အပ်ထားသင့် ပြီး နောက်ထပ်ပြုလုပ်သည့် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးပွဲများ ကျင်းပမည်ဆိုပါက အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များဖြင့်သာမက ပါတီအချင်းချင်းဆွေးနွေးပွဲပုံစံမျိုးအထိ ဆောင်ရွက်သင့်သည်ဟု အကြုံပြုခဲ့ကြောင်း ဒေါက်တာတူးဂျာက ပြောပြသည်။
ထို့အပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို ပါတီတခုတည်းက ပါတီဝင်ပုဂ္ဂိုလ်များနှင့် မဖွဲ့ရန် တိုက်တွန်းခဲ့ကြောင်း ၎င်းကဆိုသည်။
ဒေါက်တာတူးဂျာက “ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးက အပြန်အလှန်ပိုပြီး ထိန်းထေနိုင်တယ်ပေါ့။ ဒါကြောင့်မို့ ဒီနှစ်ခုကို ဖွဲ့စည်းတဲ့အချိန်မှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌကို တပါတီတည်းက မဟုတ်ဘဲနဲ့ ပါတီခွဲတာပိုကောင်းမယ်။ ဒါဆိုပိုပြီး အပြန်အလှန် ထိန်းကြောင်းနိုင်မယ်လို့ပြောပြခဲ့ပါတယ်။ သူတို့ဘက်ကလည်း သေချာမှတ်သားထားပါတယ်” ဟု ပြောသည်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် အဆိုပါကိုယ်စားလှယ် အဖွဲ့သည် ကချင်ပြည်နယ်သို့ သွားပြီးနောက် မွန်ပြည်နယ်သို့ ခရီးဆက်ရမည် ဖြစ်သည်။
ခရီးစဉ် က ပြန်လာပြီးနောက်တွင်လည်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီထံ ခရီးစဉ်နှင့်ပတ်သက်သည့် အစီရင်ခံစာ ၂ စောင် တင်ပြရမည် ဖြစ်ပြီး အဆိုပါအစီရင်ခံစာများကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဖတ်ရှုသုံးသပ်မည်ဖြစ်သည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု ပုံစံအသစ်တခုဖြင့် အကောင်အထည်ဖော်သွားမည်ဟု ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားသည့် နှစ်သစ်ကူး အထိမ်းအမှတ်မိန့်ခွန်းတွင် ပြောဆိုထားသည်။
“၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ်” (New Peace Architecture) ကို လာမည့် အစိုးရသစ်လက်ထက် ၅ နှစ်တာအတွင်း အသုံးပြု သွားမည်ဖြစ်ပြီး ထိုပုံစံအသစ်တွင် ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုအဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ ပြည်သူများအပါအဝင် အဓိက အင်အားစုများ အားလုံးပါဝင်ကာ ကိုယ်စားပြုမှုနှင့် ထိရောက်မှု ဟန်ချက်ဘက်ညီ မျှတ စေမည့် ပုံစံဖြစ်ကာ အရှိန်အဟုန်ဖြင့် ဖော်ဆောင်သွားမည်ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
You may also like these stories:
“မျိုးချစ်” အမည်ခံ ဝရမ်းပြေးများ အဖမ်းခံမှု နောက်ကွယ်မှာ ဘာရှိမလဲ
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ NLD က ပြည်လုံးကျွတ် ဆန္ဒခံယူမှာလား
NLD ပါတီ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့ ကချင်သို့ ခရီးစထွက်မည်