သတင်း

ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲဥပဒေဖြင့် လူ ၁၀၀ ကျော် တရားစွဲခံရ

ဧရာဝတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နိုဝင်ဘာလက ကျင်းပခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း မဲနှစ်ကြိမ် ပေးခြင်း၊ ကိုယ်စားမဲပေးခြင်းနှင့် မဲစာရင်းတွင် နာမည်မပါဘဲ မဲပေးခြင်းစသည့်လုပ်ရပ်များကြောင့် ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်တရားစွဲခံရသူ ၁၁၃ ဦးရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း၌ အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်အထိ ကြိုတင်မဲကောက်ခံခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့ တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ ကြိုတင်မဲကာလနှင့် ရွေးကောက်ပွဲနေ့တို့၌ မဲနှစ်ကြိမ်ပေးခြင်း၊ ကိုယ်စား မဲပေးခြင်း၊ မဲစာရင်းတွင် နာမည်မပါဘဲ မဲပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဆိုင်းဘုတ်များ ဖျက်ဆီးခြင်း၊ မဲစာရင်းအတု၊ တံဆိပ်တုံးအတုဖြင့် မဲပေးမှုများဖြစ်ပွားခဲ့သည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ လူပေါင်း ၁၁၃ ဦးကို ရွေးကောက်ပွဲ ဆိုင်ရာဥပဒေဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီဝင်တချို့တို့က သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က “ဧရာဝတီတိုင်းတခုလုံးမှာ ရွေးကောက်ပွဲ ဥပဒေနဲ့ ဖွင့်ထားတဲ့အမှုပေါင်း ၁၁၃ မှု ရှိပါတယ်။ အဲဒီလို အမှုဖွင့် အရေးယူခံရတဲ့အထဲမှာ ၂ ကြိမ် မဲပေးတာ၊ ကိုယ်စားလာမဲပေးတာတွေ အများဆုံးပါပါတယ်။ မဲ ၂ ကြိမ် ပေးမိလို့ တရားစွဲခံရတဲ့သူတွေထဲမှာဆိုရင် အသက် ၆၀ ကျော်အရွယ်တွေကနေ အသက် ၈၅ နှစ်အရွယ်အထိရှိတဲ့ သက်ကြီးမဲဆန္ဒရှင်တွေ ပါနေတာ တွေ့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီတိုင်း၌ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်ပတ်သတ်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီတချို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ်များက တရားလိုပြုလုပ်၍ သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

အမှုဖွင့်ထားသည့်ရွေးကောက်ပွဲဥပဒေ ပုဒ်မများမှာ ပုဒ်မ ၅၈ (ဃ) (ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဖျက်ဆီးခြင်း၊ ပုဒ်မ ၅၉ (င) (ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်း)၊ ပုဒ်မ ၅၉ (ဆ) (တစ်ကြိမ်ထက်ပို၍ မဲပေးခြင်း)၊ ပုဒ်မ ၅၉ (ဇ) (အယောင်ဆောင်၍ မဲပေးခြင်း) စသည်တို့ဖြစ်သည်။

မဲ ၂ ကြိမ်ပေးမိသဖြင့် ရွေးကောက်ပွဲဥပဒေအရ အမှုဖွင့်အရေးယူခံရသူများထဲတွင် အသက် ၆၀ ကျော် သက်ကြီးမဲဆန္ဒရှင်အများစုပါဝင်ပြီး ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတချို့လည်း ပါဝင်နေကြောင်း ဧရာဝတီတိုင်း ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက “ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အမှုတွေကတော့ စစ်ဆေးဆဲအမှုရှိသလို တချို့အမှုလည်း ငွေဒဏ်ချမှတ်တာရှိတယ်။ တချို့အမှုတွေကကျ ပြန်လည် ပိတ်သိမ်းသွားတာလည်း ရှိပါတယ်။ အသေးစိတ်စာရင်းတော့ ကျနော်တို့ မပြုစုထားရသေးလို့ အတိအကျ မပြောနိုင် သေးပါဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့် တရားစွဲခံရသူများထဲတွင် မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်း ဆရာမတချို့လည်း ပါဝင်နေပြီး သက်ဆိုင်ရာရဲစခန်းများက တရားခံအဖြစ် စွပ်စွဲခံထားရသည့် ဆရာမများကို စစ်ချက်ယူမေးမြန်းမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။

တရားစွဲခံထားရသည့် ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၌ မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမ ဒေါ်ခင်မျိုးမျိုးက “ရွေးကောက်ပွဲနေ့မှာ ကောင်မလေး တယောက်က ကိုယ်စားလာမဲပေးမှု ဖြစ်တယ်။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျမတို့က ပူးပေါင်းကြံစည်ပါတယ်ဆိုပြီးတော့ ကြံံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ကိုယ်စားလှယ်က ကိုယ်စားမဲပေးတဲ့ ကောင်မလေးရယ်၊ မဲရုံမှူးဖြစ်တဲ့ ကျမရယ်၊ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တဦးကို အမှုဖွင့်တရား စွဲတယ်” ဟုပြောသည်။

၎င်းကဆက်၍ “ကျမတို့က နိုင်ငံတော်ကတာဝန်ပေးလို့ အပင်ပန်းခံ ဆောင်ရွက်ပေးခဲ့ပေမယ့် တကယ်တမ်း ကျမတို့ကို တရားစွဲလာတော့ ဘယ်သူကမှကျမတို့ဘက်မှာ ရပ်တည်ပြီး ကူညီဆောင်ရွက်ပေးတာ မရှိဘူး။ နိုင်ငံတော်အတွက် အလုပ်လုပ်ခဲ့တဲ့ကျမတို့ ပညာရေးဝန်ထမ်းတွေကို ပစ်မထားပါနဲ့။ တရားမျှတမှုရရှိအောင် ကူညီပေးပါလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၅၂ နေရာ၊ ကရင်နှင့်ရခိုင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်များ အပါအဝင် မဲဆန္ဒနယ် ၉၂ ခုတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီက မဲဆန္ဒနယ် ၉၂ ခုစလုံးတွင် အနိုင်ရရှိခဲ့သည်။

You may also like these stories:

မဲ မသမာမှု ဖြစ်စေနိုင်သည် ဟူသော တပ်မတော်၏ ထုတ်ပြန်ချက်ကို UEC တုံ့ပြန်

ရွေးကောက်ပွဲ ရလဒ် တပ်မတော် ကန့်ကွက်လွှာတင်

အနိုင်ရ ကြံခိုင်ရေးကိုယ်စားလှယ် ၁၄ ဦးကို NLD ကန့်ကွက်လွှာတင်သွင်း

Loading