ရခိုင်စစ်တပ် (AA) က ဖမ်းဆီးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် ၄ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ALP အဖွဲ့က ဇန်နဝါရီလ ၁ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
ပြန်လွတ်လာသူများမှာ ALP ပြည်ပ စည်းရုံးရေးကော်မတီဝင် ခိုင်ဝင်းလှိုင်နှင့် ALP အဖွဲ့ဝင် ခိုင်မင်းမြတ်စံ၊ ခိုင်မောင်လုံး၊ ခိုင်မောင်ခင်ဝင်းတို့ဖြစ်ကြောင်း ALP စစ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ခိုင်စိုးမြက ဧရာဝတီသို့ ပြောကြားသည်။
“လွှတ်ပေးလိုက်တာကတော့ မြေပုံဘက်က လွှတ်ပေးလိုက်တယ်တော့ သိရတယ်။ သူတို့အကုန်လုံး ကျန်းကျန်းမာမာပါပဲ။ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ သူတို့ကို လွှတ်ပေးလိုက်တယ်လို့ ကျနော်တို့သိရပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ALP အဖွဲ့ဝင်များကို AA ဘက်က သံသယဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ပြီး အဖမ်းခံရသူများကို AA အဖွဲ့က စစ်မေးမြန်းပြီး နောက် အပြစ်မရှိကြောင်း သိရှိလာသဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက သုံးသပ်သည်။
“အစကတည်းက ကျနော်တို့ ညီအကိုတွေမှာ အပြစ်မရှိဘူးဆိုတာကျနော်တို့လည်း သိပါတယ်။ အခုလိုလွှတ်ပေးလိုက် တဲ့အတွက် ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်တယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးကြီးခိုင်စိုးမြက ယခုကဲ့သို့ ရခိုင်အမျိုးသား အချင်းချင်းအပေါ် AA ဘက်က ဖမ်းဆီးခြင်းသည် ရခိုင် လူမျိုး အချင်းချင်းအကြား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သဖြင့် နောက်နောင်တွင် ဖမ်းဆီးမှုများ ထပ်မံမလုပ်သင့် ကြောင်း တိုက်တွန်းပြောဆိုသည်။
ALP အဖွဲ့ဝင် ၄ ဦးကို မည်သည့်အကြောင်းကြောင့် ပြန်လွှတ်လိုက်ရသည်ကို မေးမြန်းရန် AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးလိုက်ခြင်းသည် လူသားချင်းစာနာထောက်ထားသည့်အနေနှင့် နှစ်ဦးနှစ်ဖက် အပြန် အလှန်ယုံကြည်မှု တည်ဆောက်နေဆဲကာလတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတက်မှုကို အခြေခံကာ AA ဘက်က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ဇန်နဝါရီလ ၁ ရက်တွင် ဧရာဝတီသို့ ပြောဆိုထားသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု့ (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သုံးဦးအပါအဝင်၊ တပ်မတော်သားအချို့နှင့် ALP အဖွဲ့ဝင်များကို AA ဘက်က ပြန်လွှတ်ပေးလိုက်ခြင်းသည် အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
AA ခေါင်းဆောင်များနှင့် တပ်မတော်ဘက်က ထိပ်တန်းကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းကြပြီးနောက်တွင် နှစ်ဖက် စလုံးက ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ကြမည်ဆိုသည့် အချက်ကို သဘောတူ လက်ခံလိုက်ကြပုံရသဖြင့် ယခုကဲ့သို့ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
ALP ၏ လက်နက်ကိုင်တပ်ဖွဲ့ ALA အဖွဲ့ဝင်များဖြစ်သော ခိုင်မင်းမြတ်စံ၊ ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ကို ပေါက်တောမြို့နယ် ၊ ရဗက်ချိုင်ရွာရှိ ၎င်းတို့နေအိမ်၌ ၂၀၂၀ ခုနှစ် မေလ ၂၃ ရက်ည ၁၁ နာရီတွင် AA အဖွဲ့ဝင် ၁၅ ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
၎င်းတို့သုံးဦးကို ပြန်လွှတ်ပေးရန် ALP သည် ကြားခံလူတဦးမှ တဆင့် AA အဖွဲ့ထံ ဆက်သွယ်ခဲ့သော်လည်း AA ဘက်က ပြန်မလွှတ်သည့် အပြင် မေလ ၃၁ ရက်နေ့တွင် တောင်ကုတ်မြို့နယ် ဆားပြင်ရွာရှိ ALP အဖွဲ့ဝင် ခိုင်ဝင်းလှိုင်အား ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ALP ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ခိုင်ဝင်းလှိုင်သည် ထိုင်းနယ်စပ်တွင် လှုပ်ရှားနေသော ရခိုင်ဘုရင့်နိုင်ငံတော် မျိုးဆက်သစ်အသင်း (ARKG) အဖွဲ့၏ အတွင်းရေးမှူးလည်း ဖြစ်ပြီး ၎င်း၏ မွေးရပ်ဇာတိဖြစ်သော တောင်ကုတ်မြို့နယ်သို့ ပြန်ရောက်နေစဉ် AA အဖွဲ့၏ အဖမ်းခံရခြင်းဖြစ်ကြောင်း ALP ၏ ၂၀၂၀ ခုနှစ် ဇွန်လ က ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ကလည်း AA အဖွဲ့မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၃ဦးနှင့် ဖမ်ဆီးထားသည့် သုံ့ပန်းတချို့ ကို လွှတ်ပေးခဲ့သည်။
You may also like these stories:
AA ဖမ်းဆီးထားသည့် NLD အမတ်လောင်း ၃ ဦး ယနေ့ ပြန်လွှတ်မည်
ALP အဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး၊ တဦး အသတ်ခံရဟု သတင်းထွက်