အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP)တို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်မှာ နေရာ ညှိနှိုင်းမရသဖြင့် မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ NLD ပြည်နယ်ရုံးတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း MUP ဘက်က ကိုယ်စားလှယ်များ ရောက်မလာခဲ့ကြောင်း NLD ပါတီထံမှသိရသည်။
NLD ပါတီမှ ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် မော်လမြိုင်မြို့ရှိ NLD ပြည်နယ်အလုပ်အမှုဆောင်ရုံးတွင် စောင့်ဆိုင်းခဲ့သော်လည်း MUP ကိုယ်စားလှယ်များ ရောက်မလာခဲ့သဖြင့် ဆွေးနွေးပွဲမဖြစ်မြောက်ရခြင်း ဖြစ်ကြောင်း မော်လမြိုင်အခြေစိုက် သတင်းထောက်များအား ပြောသည်။
ဆွေးနွေးပွဲမဖြစ်မြောက်သည့်အကြောင်းကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ(CEC) ထံ တင်ပြသွား မည်ဖြစ်ပြီး CEC ၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆိုသည်။
မွန်ညီညွတ်ရေးပါတီ (MUP)အထွေထွေအတွင်းရေးမှူး (၂) နိုင်စံတင်ကမူ NLD ပါတီရုံးတွင် ဆွေးနွေးရမည်ဆိုပါက MUP အတွက် အဆင်မပြေသဖြင့် ကြားနေရာတခုခုတွင် နှစ်ဖက်တွေ့ဆုံရန် NLD ထံ အကြောင်းကြားခဲ့သော်လည်း NLD ဘက်က လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် NLD ပြည်နယ်ရုံးကို MUP ဘက်က မသွားခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောကြားသည်။
“သူတို့ဘက်ကလည်း လုံခြုံရေးအခြေအနေအရ သူတို့ရုံးမှာပဲတွေ့ဖို့ ပြန်ပြောတယ်။ ကျနော်တို့ဘက်က ရုံးမှာ ပဲတွေ့ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူး။ ကျနော်တို့ ပါတီက ဆုံးဖြတ်ထားတာက ကြားနေရာတခုမှာ တွေ့ဖို့ဆုံးဖြတ်ထားတယ်။ တကယ်လို့ လုံခြုံရေးအရဆိုရင် ဝန်ကြီးများအိမ်ရာထဲမှာ ဧည့်ရိပ်သာခန်းမဆိုတာ အကျယ်ကြီးပဲ ခန်းမတခုရှိတယ်။ အဲဒီမှာတွေ့ဆုံရင်ရော အဆင်မပြေနိုင်ဘူးလားဆိုတော့။ အဲဒါလည်း သူတို့က လက်မခံဘူး။ အဲဒါနဲ့ကျနော်တို့လည်း ပါတီ ဆုံးဖြတ်ချက်အရ သွားမတွေ့ဖြစ်ဘူး” ဟု ၎င်းက ဆိုသည်။
MUP သည် NLD ပါတီ၏ အနိုင်ရကိုယ်စားလှယ်များဖြင့်သာ ဆွေးနွေးမည်ဆိုသည့်မူကို လက်မခံဘဲ ပါတီက ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့်သာ ဆွေးနွေးပွဲတက်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကချင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် NLD ကိုယ်စားလှယ်အဖွဲ့နှင့်ဆွေးနွေးပွဲတွင် ကချင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များက NLD ပြည်နယ်ရုံးသို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်လည်းရှိသည်။
ယခုကဲ့သို့ MUP ဘက်က NLD ပါတီရုံးသို့ သွားရောက်ဆွေးနွေးခဲ့ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ MUP အထွေထွေအတွင်းရေးမှူး (၂) နိုင်စံတင်က “ကျနော်တို့ဘက်က ဈေးကိုင်တာတော့မဟုတ်ပါဘူး။ ပါတီတခုနဲ့တခုတွေ့တဲ့နေရာမှာ ကြားနေရာတခုသာအကောင်းဆုံးလို့ ကျနော်တို့ ပါတီက မြင်တာပါ။ အဲဒါကြောင့် ဆုံးဖြတ်တာပါ။ ကိုယ့်ပါတီရုံး ၊ သူ့ပါတီရုံး ကတော့ မသင့်တော်ပါဘူး” ဟု ပြောဆိုသည်။
ကြားနေရာတခုခုတွင် တွေ့ဆုံမည်ဆိုပါက MUP ဘက်က တွေ့ဆုံဆွေးနွေးနိုင်ရန် အဆင်သင့်ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
NLD ကိုယ်စားလှယ်အဖွဲ့နှင့် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးခဲ့သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကမူ နိုင်ငံရေးတွင် ဆွေးနွေးမည့် နေရာသည် အရေးမကြီးဘဲ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးသာ ပိုအရေးကြီးသည်ဟု ပြောဆိုသည်။
“နှစ်ဖက်ပြန်ညှိပြီး ဒီနေ့မဖြစ်ရင် နောက်နေ့လုပ်ဖြစ်အောင် ညှိစေချင်တယ်” ဟု ဒေါက်တာတူးဂျာက အကြံပြုသည်။
ဆက်လက်၍ ၎င်းက “နေရာက အဓိကမဟုတ်ပါဘူး။ အကျိုးရှိရာရှိကြောင်းတွေ့ဆုံပြီးတော့ အဖြေကောင်းထုတ်ဖို့ပဲ။ ကျနော်ထင်တယ်။ သူတို့နှစ်ဖက်လုံးက သူ့သိက္ခာ၊ ကိုယ့်သိက္ခာကြည့်ကြတာလည်း ပါမယ်ထင်ပါတယ်။ ဒါက အပေးအယူတော့လုပ်ရမှာပေါ့။ တဖက်က အပွင့်တခုကို လိုက်လျောပေးလိုက်ရင်၊ တဖက်ကလည်းအလျော့ပေး ဒီလိုသွားရမှာ” ဟု၎င်းက ပြောသည်
NLD နှင့် MUP တို့သည် လတ်တလောတွင် ဆွေးနွေးပွဲမဖြစ်မြောက်သော်လည်း စိတ်မပျက်ဘဲ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဆက်လက်ဖော်ဆောင်သင့်ကြောင်း ဒေါက်တာတူးဂျာက တိုက်တွန်းသည်။
You may also like these stories:
မဲမသမာမှု ဖြစ်နိုင်ကြောင်း တပ်မတော် ပြောဆိုချက် ကော်မရှင်ခွဲ အဖွဲ့ဝင်များက ပယ်ချ
ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ ကြံ့ခိုင်ရေး ဥက္ကဌ ကန့်ကွက်ခံရ