TNLA နယ်မြေတချို့ RCSS ထိန်းချုပ်
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ရက်သတ္တပတ်ကြာ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တအန်း အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည့် နယ်မြေအချို့ ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) က ဝင်ရောက် ထိန်းချုပ်လိုက်သည်ဟု သတင်း ရရှိသည်။
RCSS ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “တပ်စခန်း သိမ်းတာရယ်တော့ မဟုတ်ဘူး။ TNLA က အလျဉ်းသင့်သလို အဆင်ပြေသလို RCSS ကို တိုက်ခိုက်တော့ RCSS လည်း ပြန်လည်း ခုခံတိုက်ခိုက်ရင်း နောက်ဆုံး သူတို့လည်း ထွက်ပြေးတော့ လိုက်တိုက်ခဲ့တယ်။ လိုက်တိုက်တယ် ဆိုတာက သူတို့ အရင်ကရှိတဲ့ နေရာ အခု မရှိတော့ဘူး ဖြစ်သွားပါတယ်” ဟု ပြောသည်။
RCSS ဝင်ရောက် ထိန်းချုပ်လိုက်သည့် နယ်မြေများမှာ ကျောက်မဲမြို့နယ် လွယ်အံတင်းကျေးရွာအုပ်စုနှင့် တော့ဆန် ကျေးရွာတို့ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။
ထိုကျေးရွာများသည် တအန်းလူမျိုးများ အများစုနေထိုင်သည့် တအန်း (ပလောင်) ရွာများဖြစ်ကာTNLA ၏ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်းများ အခြေစိုက် လှုပ်ရှားနေသည့် နယ်မြေ၏ အစိတ်အပိုင်း တခုဖြစ်သည်။

ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက ၎င်းတို့ ဝင်ရောက် ထိန်းချုပ်လိုက်သည့် လွယ်အံတင်း ကျေးရွာ အုပ်စုနှင့် တော့ဆန် ကျေး ရွာတို့တွင် ဆက်လက် နေရာယူထားမည်ဖြစ်ပြီး TNLA တပ်ဖွဲ့ဘက်မှ ပြန်လာပါက တိုက်ပွဲများ ဆက်ဖြစ်နိုင်သည် ဟု လည်း ပြောသည်။
ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “TNLA က ထိုးစစ် ပြန်ဆင်ရင် တိုက်ပွဲ ဆက်ဖြစ်မှာပဲ။ ကျနော်တို့ကတော့ ပြည်သူလူထုကို အကာအကွယ်ယူပေးတဲ့ အနေနဲ့ ဆက်လက် နေသွားရမှာပဲ” ဟု ပြောသည်။
လွယ်အံတင်းကျေးရွာ အုပ်စုတွင် ၂၀၂၀ ဒီဇင်ဘာ၂၅ ရက်မှစ၍ ပဋိပက္ခများ စတင်ဖြစ်ပွားခြင်း ဖြစ်သည်။
တိုက်ပွဲစဖြစ်စဉ်က TNLA တပ်ဖွဲ့ဝင်များရှိနေသည့် လွယ်အံတင်းကျေးရွာအုပ်စု၊ ခုံငင်းရွာပတ်ဝန်းကျင်သို့ RCSS က ရောက်လာကာ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။
RCSS ဘက်က ၎င်းတို့ နေထိုင်သည့် နေရာသို့ TNLA က စတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
နှစ်ဖက်တပ်များကြား ငြင်းခုံကာ ပဋိပက္ခဖြစ်နေသည့် တဖက်တွင် ဒေသခံ ၁၁၀၀ ကျော်မှာ လွယ်အံတင်းကျေးရွာ အုပ်စု ကို စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်သို့ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေရသည်။
ကျောက်မဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ လွယ်အံတင်းကျေးရွာအုပ်စုတွင် ရွာ ၆ ရွာရှိပြီး ဒေသ ခံ ၁၄၀၀ ကျော် နေထိုင်သည်။
၂၀၂၁ ခုနှစ် ဇန်ဝါရီပထမပတ်တွင် တိုက်ခိုက်မှုများ မရှိတော့သော်လည်း လွယ်အံတင်းကျေးရွာအုပ်စုကို RCSS က ထိန်းချုပ်ထားသဖြင့် ဒေသခံများမှာ နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးပါ။
ဧရာဝတီမှ စစ်ဘေးရှောင်ဒုက္ခသည် ၅ ဦးကို ဆက်သွယ်မေးမြန်းရာ လွယ်အံတင်းကျေးရွာအုပ်စုတွင်း ဝင်ရောက်နေသည့် RCSS တပ်ဖွဲ့ကို TNLA က ပြန်လည် တိုက်ခိုက်မည်ဟု သတင်းများ ကြားနေရသည်ဟု ပြောဆိုကြသည်။
ကျောက်မဲမြို့ရှိ ဆွေမျိုးအိမ်တွင် လာရောက် တိမ်းရှောင်နေသည့် လွယ်အံတင်းကျေးရွာအုပ်စုမှ အမျိုးသားတဦးက “အခြေအနေ မငြိမ်ရင် ကျနော်တို့လည်း အိမ်မပြန်ရဲဘူး။ နှစ်ဖက်ကြားညှပ်သွားရင် ကိုယ့်အသက်အန္တရာယ်က နီးတယ်။ အခုလို ဆောင်းတွင်းတော့ ဘယ်သူက ပြေးချင်မလဲ။ ဒါပေမယ့် ကိုယ့်မိသားစု အန္တရာယ်ကင်းဖို့ ရှောင်သင့်တဲ့ နေရာမှာ ရှောင်နေရပါမယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင်း ပဋိပက္ခ ထပ်ဖြစ်ပွားသည့် တော့ဆန်ကျေးရွာ အုပ်စုတွင်လည်း ဇန်နဝါရီ ပထမပတ်အတွင်း စစ်ရေး တင်းမာသည့် အခြေအနေကြောင့် ဒေသခံ ၁၀၉ ဦးမှာ အုမ္မငမ်းရွာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက တော့ဆန် ကျေးရွာဘက်ရှိ TNLA ၏ တပ်စခန်းကို ဇန်နဝါရီ ၄ ရက် မနက် ၅ နာရီခွဲခန့်မှစ၍ RCSS က လာရောက် တိုက်ခိုက်ပါသည် ဟု သတင်း ထုတ်ပြန်ထားသည်။
တော့ဆန်ရွာ ပတ်ဝန်းကျင်ရှိ TNLA လှုပ်ရှားသည့် နယ်မြေအချို့ကိုလည်း RCSS က ထိန်းချုပ်ထားလိုက်ပြီဟု ဒုဗိုလ် မှူးကြီး စိုင်းအုဏ်ခေးက ပြောသည်။
ကျောက်မဲမြို့စစ်ဘေးရှောင်များ ကူညီရေးကော်မတီ၏ ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က “မနေ့က တိုက်ပွဲဖြစ်တယ်။ TNLA နေရာ ကို RCSS က ဝင်သွားပြီး တိုက်ပွဲပြီးသွားတယ်လို့ ကြားပါတယ်။ ၁၀၉ ယောက်ကတော့ အုမ္မငမ်းမှာပဲ ရှောင်နေတယ်။ နောက် အဲဒီနားက မန်စန်းဆိုတဲ့ ရွာလေးတရွာကလည်း ဒီနေ့ ဒေသခံတွေ ထွက်လာပြီး အုမ္မငမ်းကို သွားပေါင်းမယ် လို့ သတင်း ထွက်နေပါတယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင်း စစ်ရေးတည်ငြိမ်ခြင်း မရှိသေးသဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များမှာလည်း နေရပ်ပြန်နိုင်မည့် အခြေအနေ မရေရာသေးကြောင်း ဦးတင်မောင်သိန်းက ဆိုသည်။
ဦးတင်မောင်သိန်းက “စစ်ဘေးရှောင်တွေက ဒေသက ဝိုင်းဝန်း စောင့်ရှောက်ကြတော့ မြန်မြန်ဆန်ဆန် လိုအပ်နေတဲ့ စောင်၊ ခေါင်းအုံး၊ အနွေး ထည်တွေက ပြည့်စုံသွားတယ်။ ရိက္ခာတွေလည်း လာလှူနေတယ်။ ဒါပေမယ့် ဒီပွဲက ရေရှည်မယ်ဆိုရင် ကျနော်တို့ ဝိုင်း ဝန်းစောင့်ရှောက်ရတဲ့ သူတွေမှာလည်း အခက်အခဲနဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နိုင်ပါတယ်ခင်ဗျ။ လတ်တလော ကတော့ အဆင်ပြေနေပါသေးတယ်” ဟု ဆိုသည်။
RCSS နှင့် TNLA သည် နမ္မတူမြို့နယ်၌လည်း စစ်ရေးတင်းမာမှုများ၊ တိုက်ခိုက်မှုများ ရှိနေသဖြင့် ထိုမြို့နယ်မှ ဒေသခံ ၈၀၀ ကျော်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
နမ္မတူမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက “မန်စံ၊ ရွှေစကားဝါ ကျောင်းတိုက်မှာ ရွာ ၃ ရွာက ရှောင်လာသူ အိမ်ထောင်စု ၈၀၊ လူဦးရေ ၂၄၆ ယောက်၊ နောက် နားဆိုင်းစခန်းမှာ စစ်ဘေးရှောင်က ၆၀၅ ယောက် ရှိပါပြီ။ သူက ရွာ ၅ ရွာက လူတွေပါ။ ကျမတို့ စာရင်းတွေက အခုထိ မငြိမ်နိုင်သေးဘူး။ တိုးပဲ တိုးနေပါတယ်”ဟု ဆိုသည်။
မန်စံကျေးရွာ ရွှေစကားဝါ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ နေရာထိုင်ခင်း အဆင်ပြေ သော်လည်း နားဆိုင်းကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ အိပ်ယာခင်း၊ စောင်များ မလုံလောက် သဖြင့် အလှူခံထားသည်ဟု ဒေါ်နန်းခမ်းအေးက ပြောသည်။
ဒေါ်နန်းခမ်းအေးက “ဒီမှာ တိုက်ပွဲ ခဏခဏဖြစ်လို့ မန်စံမှာဆို အချိန်မရွေး ရောက်လာနိုင်တဲ့ စစ်ဘေးရှောင်တွေ အတွက် ကျမတို့က အရံသင့် အစားအစာတွေ စုဆောင်းထားတာ ရှိတယ်။ နားဆိုင်းမှာက အဲဒီလိုမရှိဘူး။ ဒါကြောင့် ကျမက ချိတ် ဆက်တော့ လားရှိုးက အဖွ့ဲက လာထောက်ပံ့ပါတယ်။ မိုင်းရယ်ဘက်က ရိက္ခာလာထောက်ပံ့ပါတယ်။ သီပေါကလည်း လာ ကူကြပါလိမ့်မယ်။ ဒါပေမယ့် ဆောင်းရာသီ ဆိုတော့ အနွေးအထည်တွေကတော့ လိုအပ်နေပါတယ်” ဟု ပြောဆိုသည်။
နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသည့် ရပ်မိရပ်ဖ တဦးကလည်း ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ညောင်ဆွယ်ကျေးရွာသို့ လက်နက်ကြီးကျည် ကျသဖြင့် အမျိုးသားတဦး သေဆုံးကာ နေအိမ် တလုံး မီးလောင်သွားသည်ဟု ဆိုသည်။
အဆိုပါ ရပ်မိရပ်ဖက လက်နက်ကိုင်တပ်ဖွဲ့များမှ အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် ၎င်း၏ အမည်ကို အသုံးမပြုရန်လည်း ဧရာဝတီကို ပြောသည်။
၎င်းက “ဒီနေ့က အိမ်တအိမ်လုံး မီးလောင်သွားတယ်။ အိမ်ထိတာကတော့ သက်သက်၊ လူထိတာက သက်သက်။ သေဆုံး သူက ညောင်ဆွယ်ရွာသားပါပဲ။ ရွာထဲမှာ ဆုံးတယ်ဆိုတော့ အခုညနေမှာပဲ ရွာစောင့်တဲ့ အမျိုးသားတွေက သဂြိုဟ်မယ်လို့ ပြောပါတယ်။ နောက် ပန်ချင်ဆိုတဲ့ တရွာက လက်နက်ကိုင်တဖွ့ဲက ပေးမရှောင်တော့ တရွာလုံး ရှောင်လို့ မရဘူး။ အဲဒီ ရွာမှာ တိုက်ပွဲ မဖြစ်ပေမယ့် သူတို့နဲ့ နီးတဲ့ နေရာမှာ တိုက်ပွဲရှိတယ်။ ပန်ချင်က နားဆိုင်းနဲ့ နီးတဲ့ ရွာပါ” ဟု ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းက တအန်းနှင့် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များကြား ပဋိပက္ခမဖြစ်ဘဲ ညှိနှိုင်းမှုများ ပြုလုပ်စေလိုသည် ဟုလည်း ပြောသည်။
နမ္မတူမြို့နယ်သည် ၂၀၁၈ ခုနှစ်အတွင်း RCSSနှင့် TNLA ကြား ပဋိပက္ခ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည့် မြို့နယ်ဖြစ်ပြီး ထိုလက်နက်ကိုင် နှစ်ဖွဲ့၏ စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ရှမ်းနှင့် တအန်းလူထုကြားတွင်လည်း တဖက်နှင့်တဖက် မသင်္ကာမှုများ၊ တဖက် အသိုင်းအဝိုင်းနှင့် တဖက်အသိုင်းအဝိုင်းကြား မယုံကြည်မှုများ ဖြစ်ပွားခဲ့သည့် မြို့နယ်တခု ဖြစ် သည်။
ကျောက်မဲမြို့နယ်နှင့် နမ္မတူမြို့နယ်တွင်း အခြေအနေများနှင့် ပတ်သက်၍ TNLA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကို မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါ။
သို့သော် TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ချက် ထုတ်ထားသည့်ထဲတွင် ဇန်နဝါရီ၊ ပထမပတ်အတွင်း ကျောက်မဲ၊ နမ္မတူ၊ သီပေါမြို့နယ်အတွင်းရှိ ၎င်းတို့ တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားသည့် နေရာများတွင် RCSS တပ်ဖွဲ့က လာရောက် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် တိုက်ပွဲဖြစ်ပွားသည်မှာ ၁၀ ကြိမ် ရှိပြီဟု သတင်းထုတ်ပြန်ထားသည်။
TNLA နှင့် RCSS သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း နယ်မြေ အငြင်းပွားမှုများကြောင့် တိုက်ပွဲများ စတင် ဖြစ် ပွားသည်မှာ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းကတည်းက ဖြစ်သည်။
RCSS သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ၊ သီပေါ မြို့နယ်တို့တွင် နယ်မြေကျော်လွန် လှုပ်ရှားသည်ဟု ဆိုကာ TNLA နှင့် စစ်ရေးတင်းမာခြင်း စတင်လာခဲ့ခြင်း ဖြစ်သည်။
TNLA ၏ မဟာမိတ် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ကလည်း RCSS နယ်မြေ ကျော်လွန်လှုပ်ရှားသည်ဟု ပြောဆို ထားသည်။
SSPP နှင့် RCSS ကြားတွင်လည်း နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိသည်။
TNLA နှင့် RCSS ကြား လက်နက်ကိုင်ပဋိပက္ခများ မဖြစ်ပွားရေးအတွက်၂၀၁၈ ခုနှစ်အတွင်း ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ ဖူးသည်။
TNLA ဘက်မှ RCSS နယ်မြေ ကျော်လှုပ်ရှားနေသည့် နေရာအားလုံးမှ ထွက်သွားရန် ပြောဆိုထားပြီး RCSS က တိုင်း ရင်းသား တပ်ဖွဲ့အချင်းချင်း အတူယှဉ်တွဲနေထိုင်ရန်သာ ညှိနှိုင်းလိုပြီး ရှမ်းတော်လှန်ရေးတပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ် နေရာအနှံ့တွင် လှုပ်ရှားနိုင်သည်ဟု ရပ်တည်ထားသဖြင့် နှစ်ဖက် ဆွေးနွေးမှုများ ရပ်တန့်သွားခဲ့သည်မှာ ယနေ့ထိ ဖြစ် သည်။
You may also like these stories:
TNLA နှင့် RCSS စစ်ရေးလှုပ်ရှားမှုကြောင့် အရပ်သားများ အိုးအိမ်စွန့်၍ ထွက်ပြေးနေရ